သမုန်းရွက်


ဆရာ ပုဂံ မြို့ထမင်းဆိုင်တွေမှာရောင်းတဲ့ သမားမုန်းရွက်နဲ့ မြူရွက်က အတူတူဘဲလား သိချင်လို့ပါ။

သမုန်းရွက်နဲ့ မြူရွက် နည်းနည်းလေးမှ မတူပါ။

မြူရွက်အကြောင်းတော့ တင်ပြထားပြီးပြီ။

“သမားမုန်း” ဆိုတာ “ဂွက်ထော်” မြို့ရောက်မှ “မာဂရက်” လို့ပြောင်းသလို ပြောင်းထားတာ။ အမည်ရင်းက သမုန်းရွက်၊ သမုန်းပင်၊ သမုန်းဖူး။

Boscia variabilis Collett & Hemsl.

သမုန်းပင်ဟာ အပူပိုင်းအညာဒေသတွေမှာ သဘာဝအလျောက် အလေ့အကျပေါက်တယ်။ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းတို့မှာ အဓိကပေါက်ရောက်လေ့ရှိတယ်။ 

အချို့ဒေသတွေမှာ သင်ပုန်းပင်လို့လည်း ခေါ်ဆိုလေ့ရှိတယ်။ အဲဒါလည်း အမည်ရင်းမသိကြလို့ ဖြစ်နိုင်တယ်။

သမုန်းရွက်ဟာ ငယ်စဉ်မှာ သေးသွယ်ပြီး အပင်ကြီးလာချိန်မှာ ဘဲဥပုံစံပြောင်းလဲသွားတယ်။ အရွက်ထွက်တဲ့အခါ ရွက်စွယ်ပုံ ထွက်လေ့ရှိပြီး ရွက်စုံမဟုတ်ဘဲ ပင်စည်တဖက်တချက်မှာ ရွက်လွှဲ ပုံစံထွက်လေ့ရှိတယ်။ သမုန်းပွင့်အရောင်က စိမ်းနုရောင်ဖြစ်ပြီး အစုလိုက်ပွင်လေ့ရှိကြတယ်။ အသီးက လုံးဝန်းတဲ့ ပုံစံရှိတယ်။ ပင်စည်မှာ မီးခိုရင့်ရောင်ဖြစ်ပြီး လုံးပတ်ကြီးတယ်။ သစ်မာအမျိုးအစား။

မြန်မာ့ဆေးကျမ်းတချို့မှာ သမုန်းပင် အရွက်၊ အဖူး၊ အပွင်၊ အခေါက်၊ ဥနဲ့ အမြစ်ထိ တပင်လုံးနီးပါး ဆေးဖက်ဝင်တယ်လို့ ဆိုပါတယ်။

ဖလေဗာနွိုက်၊ တန်နင်၊ ဖီနောလ်၊ ဆာဗိုနင်၊ အယ်လ်ကာလွိုက်တို့ ပါတယ်။ ပိုတက်စီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ သံဓာတ်၊ ခရိုလ်မီယမ်၊ ဇင့်ဓာတ်တွေပါတယ်။ အမျှင်ဓာတ်၊ အကျိုးပြုအဆီ၊ ဗီတာမင်အီးလည်း ပါတယ်။

ပြာသိုလနဲ့ တပို့တွဲလကစတင်ပြီး သမုန်းအညွှန့်တွေထွက်လာပြီ။ အပွင့်နဲ့ အရွက်ရောနှောပြီး ပွင့်လေ့ရှိကြတယ်။ နွေဦးရောက်ချိန်မှာ လှိုင်လှိုင် ပေါ်ပြီး တပင်လုံးနီးပါး အညွှန့်တွေ ပေါ်ထွက်လာတယ်။ 

သမုန်းအရွက်၊ အဖူး၊ အပွင်တို့ကို ရေနွေးနဲ့ပြုတ်ပြီး ကတ်ကြေးဖြင့်ညှပ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူဆီချက်၊ မြေပဲဆံထောင်း၊ ပုစွန်ခြောက်၊ ပဲမှုန့်အကျက်တို့နဲ့ ရောနှောကာသမအောင် သုပ်စားလေ့ရှိကြတယ်။ ခရမ်းချည်သီးငပိချက်၊ ငပိရည်တို့နဲ့ တို့စရာအဖြစ် စားသောက်လေ့ရှိကြတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်တို့ကိုထောင်းပြီး ဟင်းခါးရည် ချက်ပြုတ်ပြီးလည်း စားသောက်လေ့ရှိကြတယ်။ 

နာမည်ပြောင်းပေမဲ့ ရောင်းရတာလည်း ကောင်းပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ