Flashlight လက်နှိပ်ဓါတ်မီး
စာအုပ်ကြော်ငြာလားမသိပါ။ တွေ့လိုက်တယ်။ ကျေးဇူး။
ကဗျာဆရာလည်း မဟုတ်၊ စာရေးဆရာလည်း မဟုတ်တဲ့ ဆရာဝန်က ငယ်ဘဝကို သတိရမိတယ်။
ငယ်ဘဝဆိုတာ ဆရာဝန်ဘဝ။
ပြည်တွင်းမှာ ဆရာဝန်လုပ်ခဲ့ရစဉ်က နေရာဒေသအမျိုးမျိုးမှာ တာဝန်ကျတယ်။ ခွဲစိတ်ကုသပေးရတာ ဝါသနာထုံပါတယ်။
တောနယ်တွေမှာ လျှပ်စစ်မီး မရှိပါ။
တခါတခါ အောက်လင်းဓါတ်မီး။ ရေနံဆီကလည်း ရှားတယ်။
အဆင်ပြေတဲ့အခါ စေတနာရှင်ဆီစက်ပိုင်ကပေးတဲ့ လျှပ်စစ်မီး ရတယ်။ ကျေးဇူး။
တခါတခါတော့ အရေးပေါ်ရင် လက်နှိပ်ဓါတ်မီး။
အဲဒီခေတ်က ဖလင်ထည့်ကင်မရာ။ ဆရာဝန် မဝယ်နိုင်ပါ။
ဆိုရှယ်မီဒီယာ ဘယ်သူမှ အိပ်မက်မမက်ကြတဲ့ခေတ်။
သက်သေခံပြစရာ မရှိ။
မရှိတာလည်း ကောင်းပါသည်။ တောကဆရာဝန် လူနာ့အသက်အတွက် ခက်ခက်ခဲခဲ ခွဲစိတ်ကုသနေတာကို အထက်လူကြီးတွေသိရင် ထုချေလွှာ တောင်းခံရနိုင်တယ်။
လူနာတွေက မြို့ကြီးကဆေးရုံသွားစရာ ပိုက်ဆံမရှိ။ လှည့်နဲ့လည်း မရောက်နိုင်။
အရေးအကြီးဆုံးတချက်က ရောဂါကလည်း အချိန်မစောင့်နိုင်။
ဓါတ်ခဲကလည်း ရှားသေးတာ။ လက်နှိပ်ဓါတ်မီး ကျေးဇူးကြီးပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment