ဇီဝအသက်နှင့် ဇာတာသက်

ဇီဝအသက် (Biological age) သည် ကိုယ်ခန္ဓာ၏ လုပ်ဆောင်နိုင်စွမ်း၊ ဆဲလ်အဆင့် ပြောင်းလဲမှုနှင့် ဇီဝကမ္မဆိုင်ရာ အခြေအနေများကို တိုင်းတာသည့် အသက်ဖြစ်ပြီး နေထိုင်ပုံနှင့် မျိုးရိုးဗီဇတို့၏ သက်ရောက်မှုကြီးမားစွာ ခံရသည်။ ပြက္ခဒိန်အသက် (Chronological age) သည် မွေးဖွားသည့်နေ့မှ စ၍ နှစ်ပေါင်း မည်မျှရှိပြီဆိုသည်ကိုသာ ရည်ညွှန်းသည်။

ပြက္ခဒိန်အသက်နှင့် မတူဘဲ ဇီဝအသက်သည် ပြောင်းလဲနိုင်သော အရာဖြစ်သည်။ ဇီဝအသက် နိမ့်သလောက် ရောဂါရှည်များ ဖြစ်ပွားနိုင်ခြေ လျော့နည်းတတ်သည်။

အဓိက ကွာခြားချက်များ

ပြက္ခဒိန်အသက်

လူတဦး အသက်ရှင်လာသည့် နှစ်အရေအတွက် တိတိကျကျကို ဆိုလိုသည် (ဥပမာ — အသက် ၅၀ နှစ်)။

ဇီဝအသက်

ဆဲလ်များ မည်မျှ လျင်မြန်စွာ အိုမင်းနေသည်ကို ဖော်ပြသည့် လုပ်ဆောင်နိုင်စွမ်းအခြေပြု အသက်ဖြစ်သည်။ လူတဦး၏ စုစုပေါင်း ကျန်းမာရေးအခြေအနေ၊ အသက်အရွယ်ဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ခြေကို ထင်ဟပ်ပြသနိုင်သည်။ အမှန်တကယ် အသက်ထက် ငယ်နိုင်သလို ကြီးနိုင်သည်။

ဇီဝအသက်ကို သက်ရောက်စေသော အချက်များ

မျိုးရိုးဗီဇသည် အခန်းကဏ္ဍ ၂၀ မှ ၃၀ ရာခိုင်နှုန်းခန့်သာ ပါဝင်ပြီး၊ ၇၀ မှ ၈၀ ရာခိုင်နှုန်းခန့်သည် ပတ်ဝန်းကျင်နှင့် နေထိုင်ပုံ အချက်များကြောင့် သက်ရောက်မှု ရရှိသည်။

နေထိုင်ပုံ

အစားအသောက်၊ လေ့ကျင့်ခန်းပြုလုပ်မှု၊ ဆေးလိပ်သောက်ခြင်း စသည်တို့။

ပတ်ဝန်းကျင်

စိတ်ဖိစီးမှုနှင့် လေထုညစ်ညမ်းမှု စသည်တို့။

အိပ်စက်ခြင်း

အရည်အသွေးကောင်းမွန်သော အိပ်စက်မှုသည် ဆဲလ်ပြုပြင်ရေးကို အားပေးပြီး အိုမင်းနှုန်း လျော့နည်းစေသည်။

ဇီဝအသက် တိုင်းတာနည်းများ

သုတေသနပညာရှင်များသည် ဇီဝအသက်ကို တိုင်းတာရန် နည်းလမ်းအမျိုးမျိုး အသုံးပြုကြသည်။

Epigenetic clock (DNA methylation)

DNA အတွင်း ဖြစ်ပေါ်သော ဓာတု ပြောင်းလဲမှုများကို ခွဲခြမ်းစိတ်ဖြာ၍ တိုင်းတာခြင်းဖြစ်ပြီး အတိကျဆုံးနည်းလမ်းများထဲမှ တခုဟု ယူဆကြသည်။

Biomarkers (ဇီဝလက္ခဏာညွှန်ကိန်းများ)

သွေးဖိအား၊ နှလုံးသွေးကြော လုပ်ဆောင်နိုင်စွမ်းနှင့် သွေး၊ တံတွေး၊ အရိုးအသားစသည်တို့တွင် တွေ့ရှိနိုင်သည့် အခြားညွှန်ကိန်းများကို စမ်းသပ်တိုင်းတာခြင်း။

“Age Gap” (အသက်ကွာဟချက်) ၏ အရေးပါမှု

ဇီဝအသက်နှင့် ပြက္ခဒိန်အသက် ကြားရှိ ကွာဟချက်ကို “အသက်ကွာဟချက်” ဟု ခေါ်သည်။

ဇီဝအသက် နိမ့်ခြင်း

ကျန်းမာရေးကောင်းမွန်ခြင်းနှင့် အိုမင်းနှုန်းနှေးကွေးခြင်းကို ဖော်ပြသည်။

ဇီဝအသက် မြင့်ခြင်း

ကင်ဆာ၊ နှလုံးသွေးကြောရောဂါ၊ မှတ်ဉာဏ်လျော့နည်းရောဂါ စသည့် ရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်မားကြောင်း ဖော်ပြနိုင်သည်။

မွေးနေ့ကို မပြောင်းလဲနိုင်သော်လည်း နေထိုင်ပုံကျန်းမာရေးကို ပြုပြင်ခြင်းအားဖြင့် ဇီဝအသက်ကို သက်ရောက်စေနိုင်သည်။ ထို့ကြောင့် အသက်ဂဏန်းထက် ကျန်းမာရေးအခြေအနေကို ပို၍ အလေးထားရန် လိုအပ်သည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ