Childhood Cancer Facts and Figures ကလေးကင်ဆာ ဆိုင်ရာ အချက်အလက်များနှင့် ကိန်းဂဏန်းများ
အခုလူပြောများနေတဲ့ကိစ္စတခုကတော့ သွေးကင်ဆာအကြောင်းပါ။ ကလေးအမေတယောက်က သူ့ရဲ့ သားလေးဟာ သွေးကင်ဆာကြောင့် သေဆုံးရတာမဟုတ်ပဲ ကင်ဆာဆေးတွေကြောင့်သေရပါတယ်လို့ အမှတ်မှားပြီး လိုင်းပေါ်မှာ အချက်အလက်မှားတွေကို ဝေမျှနေပါတယ်။ ကျွန်တော်လည်း ကလေးအမေရဲ့သောကကို စိတ်မကောင်းတော့ ဘာမှတော့ ၀င်မပြောရက်ပါဘူး။ သို့ပေမယ့် သူ့တင်တဲ့စာတွေကြောင့် လူတွေက အထင်အမြင်လွဲမှားကုန်မှာ စိတ်ပူမိလို့ ဆရာ့ကို တခုခုရေးစေချင်ပါတယ်ဗျာ။
ပြန်စာ
"ကလေးကင်ဆာ ဆိုင်ရာ အချက်အလက်များနှင့် ကိန်းဂဏန်းများ"
ရောဂါသတ်မှတ်ခြင်း (Diagnosis)
အမေရိကန်နိုင်ငံတွင် နှစ်စဉ် ကလေးနှင့် လူငယ် ဆယ်ကျော်သက် စုစုပေါင်း ခန့်မှန်းအားဖြင့် ၁၅,၀၀၀ ခန့်ကို ကင်ဆာရောဂါ သတ်မှတ်တွေ့ရှိရသည်။
၂၀၂၆ ခုနှစ်တွင် အသက် ၀ မှ ၁၄ နှစ်အရွယ် ကလေး ၉,၆၈၀ ခန့်နှင့် အသက် ၁၅ မှ ၁၉ နှစ်အရွယ် လူငယ် ဆယ်ကျော်သက် ၅,၆၆၀ ခန့်ကို ကင်ဆာရောဂါ သတ်မှတ်တွေ့ရှိမည်ဟု ခန့်မှန်းထားသည်။
အသက် ၀ မှ ၁၉ နှစ်အရွယ် စုစုပေါင်းအတွက် ပျမ်းမျှ ရောဂါသတ်မှတ်အသက်မှာ ၁၀ နှစ်ဖြစ်သည်။
အသက် ၀ မှ ၁၄ နှစ်အရွယ် ကလေးများအတွက် ပျမ်းမျှ ၆ နှစ်ဖြစ်ပြီး၊ အသက် ၁၅ မှ ၁၉ နှစ်အရွယ် လူငယ်များအတွက် ၁၇ နှစ်ဖြစ်သည်။ လူကြီးများတွင် ကင်ဆာရောဂါ သတ်မှတ်ပျမ်းမျှအသက်မှာ ၆၆ နှစ်ဖြစ်သည်။
ကလေးကင်ဆာသည် ရောဂါတမျိုးတည်း မဟုတ်ဘဲ ကလေးကင်ဆာအမျိုးအစား အဓိက ၁၂ မျိုးကျော်နှင့် အမျိုးခွဲ ၁၀၀ ကျော်ရှိသည်။
ကလေးနှင့် လူငယ် ဆယ်ကျော်သက်များတွင် အများဆုံးတွေ့ရသော ကင်ဆာအမျိုးအစားများမှာ —
သွေးကင်ဆာ (Leukemia) — ၂၈% နှင့် ၁၃%
ဦးနှောက်နှင့် ဗဟိုအာရုံကြောစနစ် ကင်ဆာများ (အပျော့စားနှင့် အလယ်အလတ် ဆိုးရွားအကျိတ်များပါဝင်) — ၂၇% နှင့် ၂၂%
လင်ဖိုမာ (Lymphoma) — ၁၂% နှင့် ၁၉%
အသက်ရှင်နိုင်ချိန် (Life Expectancy)
၅ နှစ်ကျော် အသက်ရှင်ကျန်ရစ်နိုင်သော ကလေးကင်ဆာ လူနာများ၏ အသက်ရှင်နိုင်ချိန်မှာ အဆက်မပြတ် တိုးတက်လာခဲ့သည်။
၁၉၇၀ ပြည့်နှစ်များတွင် ကုသခံရသူများ၏ ပျမ်းမျှ အသက်ရှင်နိုင်ချိန်မှာ ၄၈.၅ နှစ်သာရှိခဲ့သည်။
၁၉၈၀ ပြည့်နှစ်များတွင် ၅၃.၇ နှစ်သို့ တိုးတက်လာခဲ့ပြီး၊
၁၉၉၀ ပြည့်နှစ်များတွင် ၅၇.၁ နှစ်အထိ တိုးတက်လာခဲ့သည်။
လူကြီးများ၏ သာမန် အသက်မျှော်မှန်းချိန်မှာ ၈၀ နှစ်ဖြစ်သည်။
သတင်းကောင်းမှာ — ခေတ်မီ ကုသနည်းများနှင့် အန္တရာယ်အဆင့်အလိုက် ခွဲခြားကုသနည်းများဖြင့် ကုသခံရသူများ၊ အထူးသဖြင့် အန္တရာယ်အဆင့် ပုံမှန်ရှိသော သွေးကင်ဆာ လူနာများတွင် နောက်ပိုင်း သေဆုံးနိုင်မှုနှင့် ဒုတိယကင်ဆာ ဖြစ်ပေါ်နိုင်မှု အန္တရာယ်များသည် သာမန် လူထုနှင့် နီးစပ်လာနေပြီ ဖြစ်သည်။
ကလေးကင်ဆာမှ အသက်ရှင်ကျန်ရစ်သူများ၏ လေးပုံတပုံနီးပါးမှာ ရောဂါသတ်မှတ်ပြီး ၂၀ နှစ်အကြာတွင် အနည်းဆုံး အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ပြင်းထန်သော ချို့ယွင်းချက် တမျိုးမက ခံစားကြရသည်။
သေဆုံးမှု (Mortality)
အမေရိကန်နိုင်ငံတွင် ကလေးနှင့် လူငယ် ဆယ်ကျော်သက်များအတွက် ရောဂါကြောင့် သေဆုံးရသည့် အကြောင်းရင်းများအနက် ကင်ဆာသည် ပထမဆုံး အကြောင်းရင်းဖြစ်သည်။
၂၀၂၆ ခုနှစ်တွင် ကလေး ၁,၀၉၀ ခန့်နှင့် လူငယ် ဆယ်ကျော်သက် ၇၃၀ ခန့်သည် ကင်ဆာကြောင့် သေဆုံးမည်ဟု ခန့်မှန်းထားသည်။
ကင်ဆာမှ အသက်ရှင်နိုင်မှုနှုန်းသည် ကင်ဆာအမျိုးအစားအပေါ်သာ မူတည်သည် မဟုတ်ဘဲ လူနာတဦးချင်းစီ၏ ကိုယ်ရေးလက္ခဏာများအပေါ်လည်း မူတည်သည်။
၅ နှစ် အသက်ရှင်နိုင်မှုနှုန်းသည် ဦးနှောက်ကင်ဆာအမျိုးအစားတမျိုးဖြစ်သော DIPG တွင် ၂.၂% ခန့်သာရှိနိုင်သော်လည်း၊ ကလေးများတွင် အများဆုံးတွေ့ရသော Acute Lymphoblastic Leukemia (ALL) တွင် ၉၀% အထိ ရှိနိုင်သည်။
ကလေးကင်ဆာ အသက်ရှင်ကျန်ရစ်သူများတွင် အများဆုံး သေဆုံးရသည့် အကြောင်းရင်းများမှာ —
မူလကင်ဆာ ပြန်ဖြစ်ပေါ်လာခြင်း
ဒုတိယ (မတူညီသော) ကင်ဆာအသစ် ဖြစ်ပေါ်လာခြင်း
နှလုံးနှင့် အဆုတ် ပျက်စီးမှု
ကွာခြားမှုများ (Disparities)
အမေရိကန်နိုင်ငံတွင် Hodgkin lymphoma၊ သိုက်ရိုက်ကင်ဆာ (thyroid cancer) နှင့် မျက်စိရင်တိုင်ကင်ဆာ (retinoblastoma) တို့ကဲ့သို့ ကင်ဆာများအတွက် ၅ နှစ် အသက်ရှင်နိုင်မှုနှုန်းမှာ ၉၀% ကျော်ရှိသော်လည်း၊ ဂလီအိုမာနှင့် ဆာကိုမာအချို့ကဲ့သို့ ပြင်းထန်သည့် ကင်ဆာများတွင် အသက်ရှင်နိုင်မှုနှုန်း ၂၅% အောက်သာ ရှိနေဆဲဖြစ်သည်။
ကျေးလက်ဒေသများနှင့် စီးပွားရေးအရ အားနည်းသည့် ဒေသများရှိ ကလေးများသည် အထူးကုသရေးဝန်ဆောင်မှုများ၊ လက်တွေ့စမ်းသပ်ကုသမှုများနှင့် ပံ့ပိုးကူညီရေးဝန်ဆောင်မှုများရရှိရာတွင် အခက်အခဲ ပိုမိုကြုံတွေ့ကြရသည်။
ကမ္ဘာလုံးဆိုင်ရာ အနေဖြင့် နှစ်စဉ် ကလေး ၄၀၀,၀၀၀ ခန့်တွင် ကင်ဆာ ဖြစ်ပေါ်သည်။ ထိုအနက် ၉၀% အထိသည် ဝင်ငွေနည်းနှင့် အလယ်အလတ်ဝင်ငွေ နိုင်ငံများတွင် ဖြစ်ပေါ်ပြီး၊ ထိုနိုင်ငံများတွင် ရောဂါမသိရှိနိုင်ခြင်း၊ ကုသရေးအရင်းအမြစ် အကန့်အသတ်ရှိခြင်းနှင့် ကုသမှုနောက်ကျခြင်းတို့ကြောင့် အသက်ရှင်နိုင်မှုနှုန်း နိမ့်ကျနေသည်။
ဥပမာအားဖြင့် မျက်စိရင်တိုင်ကင်ဆာတွင် ဝင်ငွေမြင့်နိုင်ငံများ၌ အသက်ရှင်နိုင်မှုနှုန်း ၉၈% နီးပါးရှိသော်လည်း ဝင်ငွေနည်းနိုင်ငံများ၌ ၅၇% အထိ ကျဆင်းနိုင်သည်။
ကမ္ဘာလုံးဆိုင်ရာ ကလေးကင်ဆာ ၅ နှစ် အသက်ရှင်နိုင်မှု အချိုးအစားမှာ ၃၇.၄% ခန့်သာရှိသည်။
မှတ်ချက်
ဆေးတိုင်းမှာ ဘေးထွက်သက်ရောက်မှုတွေ ရှိတယ်။
ကင်ဆာကုသဆေးတွေမှာ ဘေးထွက်သက်ရောက်မှုတွေ ပိုများတယ်။
အထက်ပါ ယူအက်စ်အေ ဆေးသုတေသနထဲမှာ ကင်ဆာဆေးကြောင့်သာ ရေးရပါတယ်လို့ မပါ (မပါ)။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment