Cognitive Aging Explained အရွယ်တိုးလာသည်နှင့်အမျှ
စိတ်ပိုင်းဆိုင်ရာ သိမြင်နိုင်မှု အိုမင်းခြင်းသည် ရောဂါတမျိုး မဟုတ်ကြောင်း သတိထားရမည်။ အသက်အရွယ်တိုးလာမှုနှင့် ဆက်စပ်သည့် ဦးနှောက်ပြောင်းလဲမှုများသည် မွေးဖွားချိန်မှ စတင်ကာ အသက်တစ်လျှောက်လုံး ဆက်လက်ဖြစ်ပေါ်နေသည့် သဘာဝဖြစ်စဉ်၏ အစိတ်အပိုင်းတရပ်သာ ဖြစ်သည်။ အသက်တိုးလာသည့်အခါ ပညာမြင့်မားမှု၊ အတွေ့အကြုံကျွမ်းကျင်မှု၊ စကားလုံးအသုံးအနှုန်း (vocabulary) စသည်တို့ တိုးတက်လာနိုင်သော်လည်း သတင်းအချက်အလက် လုပ်ဆောင်နှုန်း (processing speed)၊ ဆုံးဖြတ်ချက်ချနိုင်မှု၊ မှတ်ဉာဏ်အမျိုးအစားအချို့တို့မှာ လျော့နည်းလာနိုင်သည်။
အသက် ၆၅ နှစ်နှင့်အထက် လူများ၏ ရာခိုင်နှုန်း ၈၇ ခန့်တွင် သဘာဝအိုမင်းဖြစ်စဉ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို အနည်းအများ ခံစားရနိုင်သော်လည်း အသက်ကြီးသော်လည်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိန်းသိမ်းထားနိုင်ကြောင်း၊ ကိုယ်တိုင်လွတ်လပ်စွာ နေထိုင်နိုင်ကြောင်းနှင့် ပိုမိုပြည့်စုံသော ဘဝ၏ အကျိုးကျေးဇူးများကို ခံစားနိုင်ကြောင်း အလားအလာနှင့် မျှော်လင့်ချက်များ တိုးပွားလာလျက်ရှိသည်။
စိတ်ပိုင်းဆိုင်ရာ သိမြင်နိုင်မှု အိုမင်းခြင်းကို တားဆီး၍ မရနိုင်သော်လည်း ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အကောင်းဆုံးအဆင့်သို့ တိုးတက်စေနိုင်သည်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိန်းသိမ်းရန် အကြံပြုချက်များ
ကိုယ်ခန္ဓာ ကျန်းမာရေးကို စောင့်ရှောက်ပါ
• အသက်အရွယ်အလိုက် အကြံပြုထားသည့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပါ။
• ဆီးချို၊ သွေးဖိအားမြင့်ရောဂါ၊ စိတ်ကျရောဂါ၊ ကိုလက်စထရောမြင့်ခြင်း စသည့် ရောဂါရှည်များကို ထိန်းချုပ်ပါ။
• သောက်သုံးနေသည့် ဆေးဝါးများနှင့် ၎င်းတို့၏ မှတ်ဉာဏ်၊ အိပ်စက်မှု၊ ဦးနှောက်လုပ်ဆောင်မှုအပေါ် ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများကို ကျန်းမာရေးပေးသူနှင့် ဆွေးနွေးပါ။
• ဆေးလိပ်သောက်လျှင် ရပ်တန့်ပါ။ နီကိုတင်းပါဝင်သည့် အခြားပစ္စည်းများကိုလည်း ရှောင်ကြဉ်ပါ။
• အိပ်စက်ချိန်လုံလောက်စွာ ရယူပါ။ ညစဉ် ၇ နာရီမှ ၈ နာရီအထိ ရည်မှန်းပါ။
သွေးဖိအားမြင့်ခြင်းကို ထိန်းချုပ်ပါ
သွေးဖိအားမြင့်ခြင်းကို ကာကွယ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းသည် နှလုံးအတွက်သာမက ဦးနှောက်အတွက်ပါ အကျိုးရှိနိုင်သည်။ စောင့်ကြည့်လေ့လာမှုများအရ အသက် ၄၀ ကျော်မှ ၆၀ ကျော်အစောပိုင်းအထိ အလယ်အသက်ကာလတွင် သွေးဖိအားမြင့်ခြင်း ရှိပါက နောင်ဘဝတွင် စိတ်ပိုင်းဆိုင်ရာ လျော့နည်းကျဆင်းနိုင်ခြေ တိုးလာကြောင်း တွေ့ရှိထားသည်။
ကျန်းမာသော အစားအစာများ စားသုံးပါ
အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ စပါးလုံးညက်မဖယ်ထားသည့် အစေ့အဆန်များ (whole grains)၊ အဆီနည်း အသား၊ ငါး၊ ကြက်သား၊ အဆီနည်း သို့မဟုတ် အဆီမပါ နို့ထွက်ပစ္စည်းများ ပါဝင်သည့် မျှတကျန်းမာသော အစားအစာပုံစံကို လိုက်နာခြင်းသည် ရောဂါရှည်များစွာ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေနိုင်ပြီး ဦးနှောက်ကျန်းမာရေးကိုလည်း ထိန်းသိမ်းနိုင်စေသည်။
• စားသုံးပမာဏကို ထိန်းချုပ်ပါ။
• ရေများများ သောက်၍ ကိုယ်ခန္ဓာတွင် ရေဓာတ်လုံလောက်စေပါ။
• အခဲအဆီများ၊ သကြားနှင့် ဆား သုံးစွဲပမာဏကို ကန့်သတ်ပါ။
• အရက်သောက်သုံးမှုကို လျော့ချပါ။
ကိုယ်လက်လှုပ်ရှားမှု ရှိပါ
ဆက်လက်လုပ်ဆောင်နေသော ကိုယ်လက်လှုပ်ရှားမှုများသည် ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်မှုအတွက် အကျိုးရှိကြောင်း တွေ့ရှိထားသည်။ မြန်မြန်လမ်းလျှောက်ခြင်းကဲ့သို့ အာရိုဘစ် လေ့ကျင့်ခန်းများသည် အဆန့်လေ့ကျင့်ခန်း၊ ကိုယ်ခံအားတိုးလေ့ကျင့်ခန်းများထက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ပိုမိုအကျိုးရှိနိုင်ကြောင်း ယူဆကြသည်။ နေ့စဉ် မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှားမှု ရယူရန် ရည်မှန်းပါ။
စိတ်ကို တက်ကြွစွာ ထိန်းသိမ်းပါ
အတွေးအမြင်ဆိုင်ရာ ပါဝင်ဆောင်ရွက်မှုများသည် ဦးနှောက်အတွက် အကျိုးရှိနိုင်သည်။ ကိုယ်တိုင်အတွက် အဓိပ္ပာယ်ရှိသော လုပ်ငန်းများတွင် ပါဝင်ခြင်း၊ ဥပမာ စေတနာဝန်ထမ်းလုပ်ငန်းများ၊ ကိုယ်ပိုင်ဝါသနာများ လုပ်ဆောင်ခြင်း သို့မဟုတ် ဓာတ်ပုံရိုက်ခြင်း၊ ဘာသာစကားအသစ် သင်ယူခြင်း စသည့် ကျွမ်းကျင်မှုအသစ်များ သင်ယူခြင်းတို့သည် စိတ်ပျော်ရွှင်ကျန်းမာစေသလို အတွေးအခေါ်စွမ်းရည်ကိုလည်း တိုးတက်စေသည်။ စိတ်တက်ကြွနေစေရန် လုပ်နိုင်သည့် လှုပ်ရှားမှုများမှာ—
• စာအုပ်များ၊ မဂ္ဂဇင်းများ ဖတ်ပါ။
• ဂိမ်းများ ကစားပါ။
• ကျွမ်းကျင်မှုအသစ် သို့မဟုတ် ဝါသနာအသစ် သင်ယူပါ။
• မိမိနေထိုင်ရာ အသိုင်းအဝိုင်းတွင် စေတနာဝန်ထမ်း လုပ်ပါ။
စိတ်ဖိစီးမှုကို စီမံခန့်ခွဲပါ
စိတ်ဖိစီးမှုသည် ဘဝ၏ သဘာဝအစိတ်အပိုင်းတရပ် ဖြစ်သော်လည်း အချိန်ကြာမြင့်စွာ ဆက်လက်ဖြစ်ပွားနေသော စိတ်ဖိစီးမှုသည် ဦးနှောက်အပေါ် အနုတ်သက်ရောက်မှု ရှိနိုင်ပြီး မှတ်ဉာဏ်ကို ထိခိုက်စေနိုင်သလို Alzheimer ရောဂါနှင့် ဆက်နွယ်သည့် မှတ်ဉာဏ်လျော့နည်းရောဂါများ ဖြစ်ပွားနိုင်ခြေကိုလည်း တိုးစေနိုင်သည်။ အောက်ပါ လေ့ကျင့်မှုများသည် စိတ်ဖိစီးမှုအခြေအနေများမှ ပြန်လည်ထူထောင်နိုင်စွမ်း တိုးတက်စေရန် ကူညီနိုင်သည်—
• ကိုယ်လက်လှုပ်ရှားမှု ပုံမှန် ပြုလုပ်ပါ။
• မှတ်စုစာအုပ်တွင် စာရေးမှတ်တမ်းတင်ပါ။
• စိတ်အနားယူလေ့ကျင့်ခန်းများ လေ့ကျင့်ပါ။
လူမှုဆက်ဆံရေး ထိန်းသိမ်းပါ
လူမှုရေးလှုပ်ရှားမှုများနှင့် အသိုင်းအဝိုင်းအစီအစဉ်များမှတဆင့် လူများနှင့် ဆက်သွယ်နေခြင်းသည် ဦးနှောက်ကို တက်ကြွစေပြီး ပတ်ဝန်းကျင်လောကနှင့် ဆက်နွယ်နေစေသည်။ လူမှုရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်းသည် ကျန်းမာရေးပြဿနာအချို့ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေသလို ဘဝကျေနပ်မှုကိုလည်း တိုးတက်စေနိုင်သည်။ လေ့လာမှုများအရ လူမှုရေးလှုပ်ရှားမှုများသည် စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်မှုကိုလည်း တိုးတက်စေနိုင်ကြောင်း ပြသထားသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment