Heartburn ရင်ပူခြင်း အကြောင်းရင်းများ၊ လက္ခဏာများနှင့် ကုသနည်းများ

ရင်ပူခြင်းဆိုသည်မှာ လည်ချောင်းနှင့် အစာအိမ်ကို ဆက်သွယ်ထားသော အစာမျိုပြွန်တွင် ဖြစ်ပေါ်လာသည့် အနေရခက်မှုတရပ်ဖြစ်ပါသည်။ ၎င်းကြောင့် ဝမ်းဗိုက်အပေါ်ပိုင်း သို့မဟုတ် ရင်ဘတ်အလယ်ပိုင်းတွင် မီးလောင်သကဲ့သို့ မအီမသာဖြစ်စေသည်။

ရင်ပူခြင်း၏ အဓိကအကြောင်းရင်းမှာ အစာအိမ်အက်ဆစ် ပြန်တက်ခြင်း (acid reflux) ဖြစ်သည်။ ယင်းသည် အစာမျိုပြွန်အောက်ပိုင်းရှိ ကြွက်သားအဖွင့်အပိတ် (lower esophageal sphincter – LES) က ပုံမှန်အတိုင်း မပိတ်နိုင်သဖြင့် အစာအိမ်အက်ဆစ်များက အစာကြောထဲသို့ ပြန်တက်လာခြင်း ဖြစ်သည်။

အများအားဖြင့် လူအများစုသည် ရင်ပူခြင်းကို တခါတရံ ကြုံဖူးကြပြီး ပုံမှန်အားဖြင့် မကြီးမားသော ပြဿနာမဟုတ်ပါ။

သို့သော် မကြာခဏဖြစ်လာပါက အစာအိမ်–အစာကြော ပြန်စီးရောဂါ (gastroesophageal reflux disease – GERD) ဟုခေါ်သော အခြေအနေရှိနေနိုင်ပါသည်။ GERD ကို မကုသဘဲထားပါက အောက်ပါ ပြဿနာများ ဖြစ်ပေါ်နိုင်ပါသည် —

အစာကြောအတွင်း ရောင်ရမ်းခြင်းနှင့် အနာများ

အသံသြခြင်း

အချို့သော အဆုတ်ရောဂါများ

Barrett’s esophagus (အက်ဆစ်ပြန်တက်ခြင်းကြောင့် အစာကြော ပျက်စီးသွားသော အခြေအနေ)

ရင်ပူခြင်း၏ လက္ခဏာများ

ရင်ပူခြင်းကို အများအားဖြင့် ရင်ဘတ်အလယ်ပိုင်းနှင့် လည်ချောင်းအတွင်း မီးလောင်သကဲ့သို့ ခံစားရပါသည်။ ထို့အပြင် အောက်ပါ လက္ခဏာများလည်း တွေ့နိုင်ပါသည် —

အစားစားပြီးနောက် သို့မဟုတ် ညအချိန်တွင် ရင်ဘတ်တွင် မီးလောင်သကဲ့သို့ နာကျင်မှု

ကုန်းချိုးလိုက်သည့်အခါ သို့မဟုတ် လှဲနေသည့်အခါ နာကျင်မှု ပိုဆိုးလာခြင်း

လည်ချောင်းအနောက်ပိုင်းတွင် ပူပြီး အက်ဆစ်သဘော၊ ခါးသဘော၊ ဆားသဘော အရသာ ခံစားရခြင်း

မျိုချရန် ခက်ခဲခြင်း

အစားအစာသည် ရင်ဘတ် သို့မဟုတ် လည်ချောင်းအလယ်တွင် တင်နေသကဲ့သို့ ခံစားရခြင်း

ရင်ပူခြင်းနှင့် နှလုံးရောဂါ (Heart Attack) ကို နှိုင်းယှဉ်ခြင်း

ရင်ပူခြင်းနှင့် နှလုံးရောဂါသည် ဆက်စပ်မှု မရှိပါ။ သို့သော် နှစ်ခုလုံးမှာ ရင်ဘတ်တွင် မအီမသာ ဖြစ်စေခြင်းကြောင့် တခါတရံ ပြင်းထန်စွာ ခံစားရနိုင်ပါသည်။ အဓိက ကွာခြားချက်မှာ —

နှလုံးရောဂါတွင် ရင်ဘတ်တွင် ဖိစီးသကဲ့သို့၊ တင်းကျပ်သကဲ့သို့ ခံစားရပါသည်

ရင်ပူခြင်းတွင် မီးလောင်သကဲ့သို့ ခံစားရပါသည်

ရင်ပူခြင်းနှင့် အက်ဆစ်ပြန်တက်ခြင်း (Acid Reflux)

အက်ဆစ်ပြန်တက်ခြင်းသည် LES ကြွက်သား မပိတ်နိုင်ခြင်းကြောင့် အစာအိမ်အက်ဆစ်များ ပြန်တက်လာသော အခြေအနေဖြစ်ပြီး

ရင်ပူခြင်းမှာ ထိုအခြေအနေကြောင့် ပေါ်လာသော လက္ခဏာတရပ် ဖြစ်ပါသည်။

ရင်ပူခြင်းနှင့် အစာမကြေခြင်း (Indigestion)

ရင်ပူခြင်းနှင့် အစာမကြေခြင်းသည် တူညီသော အရာမဟုတ်ပါ။

အစာမကြေခြင်းဆိုသည်မှာ အစားစားပြီးနောက် ဝမ်းဗိုက်တွင် မအီမသာ ဖြစ်ခြင်းဖြစ်ပြီး အခြား အစာချေမှုဆိုင်ရာ ပြဿနာများ၏ လက္ခဏာတရပ်လည်း ဖြစ်နိုင်ပါသည်။

ရင်ပူခြင်း မည်မျှကြာနိုင်သနည်း

လူအချို့တွင် ရင်ပူခြင်းသည် မိနစ်အနည်းငယ်သာ ကြာနိုင်ပြီး အခြားသူများတွင် နာရီအတော်ကြာ ဆက်လက်ဖြစ်နိုင်ပါသည်။ နောက်ဆုံးစားသောက်ထားသော အစားအစာများ အစာချေပြီးသွားသည်နှင့် လက္ခဏာများ ပျောက်ကင်းသင့်ပါသည်။ အစာအိမ် ဗလာဖြစ်လာပါက အက်ဆစ်များ ပြန်တက်လာရန် မရှိတော့ပါ။

ရင်ပူခြင်း၏ အကြောင်းရင်းများ

ရင်ပူခြင်းသည် အစာကြောအောက်ပိုင်းရှိ LES ကြွက်သားအဖွင့်အပိတ်က ပုံမှန်အတိုင်း မပိတ်နိုင်သည့်အခါ စတင်ဖြစ်ပေါ်လာပါသည်။

ပုံမှန်အားဖြင့် LES သည် အစားအစာနှင့် အစာအိမ်အက်ဆစ်များကို အစာအိမ်အတွင်းသာ ထားရှိနိုင်ရန် ပိတ်နေသင့်ပါသည်။ အစားစားချိန်တွင် အစာအိမ်ထဲသို့ အစာဝင်နိုင်ရန် ဖွင့်ပြီးနောက် ပြန်ပိတ်ရပါသည်။ ထိုသို့ မပိတ်နိုင်ပါက သို့မဟုတ် မဖွင့်သင့်သည့်အချိန်တွင် ဖွင့်နေပါက အစာအိမ်အက်ဆစ်များ ပြန်တက်လာပြီး ရင်ပူခြင်း ဖြစ်စေပါသည်။

LES အားနည်းလာရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း အောက်ပါအချက်များကြောင့် ဖြစ်နိုင်ပါသည် —

အစားအစာကို အလွန်အမင်း မကြာခဏ များများစားခြင်း

ကိုယ်အလေးချိန် အလွန်အကျွံများခြင်း

အစာအိမ်အပေါ်ပိုင်းတွင် ဖြစ်သော ဟာနီးယား (hiatal hernia) ရှိခြင်း

ရင်ပူခြင်း ဖြစ်နိုင်ချေ မြင့်စေသော အချက်များ

အောက်ပါ အစားအစာများသည် LES ကို လျော့ပေါ့စေခြင်း သို့မဟုတ် အစာအိမ်အက်ဆစ် ပိုများစေခြင်းကြောင့် ရင်ပူခြင်း ဖြစ်စေနိုင်ပါသည် —

ခရမ်းချဉ်သီး

လိမ္မော်သီးအမျိုးအစားများ

ကြက်သွန်ဖြူနှင့် ကြက်သွန်နီ

ချောကလက်

ကော်ဖီ သို့မဟုတ် ကဖိန်းပါသော အချိုရည်များ

အရက်

ငရုတ်ကောင်း

ဆီနှင့် အဆီဓာတ်များသော အစားအစာများ

အောက်ပါအခြေအနေများရှိပါကလည်း ရင်ပူခြင်း ပိုဖြစ်လွယ်ပါသည် —

အိပ်ရာဝင်မီ ချက်ချင်း အစားစားခြင်း

ဆေးလိပ်သောက်ခြင်း သို့မဟုတ် ဆေးလိပ်ပစ္စည်းများ အသုံးပြုခြင်း

အဝတ်အစား သို့မဟုတ် ခါးပတ်များ တင်းကြပ်စွာ ဝတ်ဆင်ခြင်း

အစားစားပြီးနောက် ချက်ချင်း လှဲခြင်း သို့မဟုတ် ကုန်းချိုးခြင်း

စိတ်ဖိစီးမှုများခြင်း

ကိုယ်ဝန်ရှိနေခြင်း

အချို့သော ဆေးဝါးများ (အချို့ အန်တီဘိုင်အိုတများနှင့် နာကျင်မှုသက်သာဆေးများ အပါအဝင်) သောက်သုံးနေခြင်း

ဝမ်းချုပ်နေခြင်း

ရင်ပူခြင်း (Heartburn) — ရောဂါခွဲခြားစစ်ဆေးခြင်း၊ ကုသနည်းများ၊ ဆိုးကျိုးများနှင့် ကာကွယ်နည်းများ

ရင်ပူခြင်းကို ရောဂါခွဲခြားစစ်ဆေးခြင်း (Diagnosis)

ရင်ပူခြင်း မသက်သာဘဲ ဆက်လက်ဖြစ်နေပါက အစာအိမ်–အစာကြော ပြန်စီးရောဂါ (GERD) ကဲ့သို့ ပိုမိုပြင်းထန်သည့် အခြေအနေတရပ် ဖြစ်နိုင်ပါသည်။ ဆရာဝန်သည် သင်၏ လက္ခဏာများအပေါ် အခြေခံ၍ GERD ဟုတ်/မဟုတ် ခန့်မှန်းနိုင်သော်လည်း အောက်ပါ စမ်းသပ်စစ်ဆေးမှုများကို လုပ်ဆောင်နိုင်ပါသည် —

X-ray စမ်းသပ်မှု — အစာမျိုပြွန်နှင့် အစာအိမ်အပေါ်ပိုင်းကို ဖုံးအုပ်ပေးသော ဘေရီယမ် (barium) ဟုခေါ်သော အဖြူရောင်အရည်ကို သောက်ပြီးနောက် X-ray ရိုက်ပါသည်။ ယင်းအရည်ကြောင့် အစာချေမှုစနစ်အတွင်းရှိ ချို့ယွင်းချက်များကို ဆရာဝန်များ မြင်နိုင်ပါသည်။

Endoscopy — လှိုင်းပျော့ပျောင်းသော ပြွန်တချောင်းအဆုံးတွင် ကင်မရာသေးငယ်တခု တပ်ဆင်ကာ လည်ချောင်းမှတဆင့် ထည့်သွင်း၍ အစာချေမှုစနစ်အပေါ်ပိုင်းကို ကြည့်ရှုပါသည်။ စစ်ဆေးစဉ် အိပ်ပျော်နေနိုင်သလို မအိပ်ဘဲလည်း လုပ်နိုင်ပြီး မအဆင်မပြေမဖြစ်စေရန် ဆေးဝါးပေးပါသည်။

အက်ဆစ်တိုင်းတာ စမ်းသပ်မှု (esophageal pH monitoring) — အစာကြောထဲသို့ အက်ဆစ်တိုင်းတာစက်ကို ထည့်သွင်းပြီး ခါးပတ် သို့မဟုတ် လက်တင်ပတ်ထားနိုင်သည့် ကွန်ပျူတာငယ်နှင့် ချိတ်ဆက်ပါသည်။ အစာအိမ်အက်ဆစ် ပြန်တက်လာသည့် အချိန်နှင့် ကြာချိန်ကို တိုင်းတာပါသည်။ Bravo ဟုခေါ်သော နည်းပညာအသစ်တွင် ကြိုးမဲ့ pH ဆင်ဆာများကို အသုံးပြုသဖြင့် ပြွန်ထည့်ရန် မလိုအပ်ဘဲ ၄၈ နာရီအထိ တိုင်းတာနိုင်ပါသည်။

အစာကြော လှုပ်ရှားမှု စမ်းသပ်မှု (esophageal manometry) — မျိုချသည့်အခါ အစာကြော၏ ဖိအားနှင့် လှုပ်ရှားပုံကို တိုင်းတာရန် ပြွန်အသုံးပြုပါသည်။

ရင်ပူခြင်းကို ကုသနည်းများ (Treatment)

အများအားဖြင့် ရင်ပူခြင်းကို ဆေးဆိုင်တွင် ဆေးညွှန်းမလိုဘဲ ဝယ်ယူနိုင်သော ဆေးများဖြင့် ကုသနိုင်ပါသည် 

Antacids — အစာအိမ်အက်ဆစ်ကို လျော့နည်းစေပြီး ရင်ပူနာကျင်မှုကို သက်သာစေပါသည်။ အစာမကြေခြင်း၊ ဗိုက်နာခြင်း၊ လေဝင်ခြင်းတို့ကိုလည်း အချို့အခါ သက်သာစေပါသည်။ မျိုချမီ ကောင်းစွာ ကြိတ်ဝါးသောက်ပါက အာနိသင် ပိုမိုမြန်ဆန်နိုင်ပါသည်။ မကြာခဏ သုံးစွဲလွန်းပါက ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းအရောင် ပြောင်းလဲခြင်း၊ ဝမ်းဗိုက်အကြောတင်းခြင်း စသည့် ဆိုးကျိုးများ ဖြစ်နိုင်ပါသည်။

H2 blockers ဆေးများ — cimetidine (Tagamet)၊ famotidine (Pepcid) စသည့် ဆေးများသည် အစာအိမ်အက်ဆစ် ထုတ်လုပ်မှုကို လျော့နည်းစေပါသည်။ Antacids လို မြန်မားမဟုတ်သော်လည်း အာနိသင် ကြာရှည်တတ်ပါသည်။

Proton pump inhibitors (PPI) — esomeprazole (Nexium)၊ lansoprazole (Prevacid)၊ omeprazole (Prilosec OTC) စသည့် ဆေးများသည် အစာအိမ်အက်ဆစ်ကို ထိရောက်စွာ လျော့နည်းစေပါသည်။

ဆေးဆိုင်ဆေးများ မအောင်မြင်ပါက ဆရာဝန်မှ ပိုမိုအားပြင်းသည့် ဆေးညွှန်းဆေးများ ပေးနိုင်ပါသည်။

ရှားပါးသော်လည်း အချို့အခါ ခွဲစိတ်ကုသမှု လိုအပ်နိုင်ပါသည်။ အောက်ပါ အခြေအနေများရှိပါက ခွဲစိတ်ရန် စဉ်းစားနိုင်ပါသည် —

အခြားကုသနည်းများ မအောင်မြင်ပါက

LES ကြွက်သား အလုပ်မလုပ်နိုင်ပါက

GERD ကြောင့် ရင်ပူခြင်း ဖြစ်ပါက

အစာကြောကင်ဆာ ရှိပါက

(မှတ်ချက် — အစာကြောကင်ဆာတွင် အဓိက လက္ခဏာမှာ မျိုချရခက်ခြင်းဖြစ်ပြီး ရင်ပူခြင်း မဟုတ်ပါ)

ရင်ပူခြင်း၏ ဆိုးကျိုးများ (Complications)

အောက်ပါ လက္ခဏာများ ရှိပါက ချက်ချင်း ဆရာဝန်ကို အကြောင်းကြားပါ —

စိတ်ရှုပ်ထွေးမှု

ရင်ဘတ်တင်းကျပ်မှု

သွေးထွက်ခြင်း

လည်ချောင်းနာခြင်း

ဖျားနာခြင်း

နှလုံးခုန်မမှန်ခြင်း

ကိုယ်အားနည်းခြင်း

ပုံမှန်မဟုတ်သည့် ပင်ပန်းနွမ်းနယ်မှု

ဆေးဝါးများနှင့် နေထိုင်မှုပုံစံ ပြောင်းလဲပြီးပါကလည်း မပျောက်ကင်းသည့် ရင်ဘတ်နာခြင်း၊ ဖိစီးသကဲ့သို့ ခံစားရခြင်း၊ မီးလောင်သကဲ့သို့ ခံစားရခြင်းများ ရှိပါက ချက်ချင်း ဆေးကုသမှု ခံယူပါ။ ယင်းလက္ခဏာများသည် နှလုံးရောဂါ၏ လက္ခဏာများ ဖြစ်နိုင်ပါသည်။

ထို့အပြင် သွေးအန်ခြင်း သို့မဟုတ် ကော်ဖီမှုန့်ကဲ့သို့ အမည်းရောင် အန်ထွက်ပါက၊ ဝမ်းအရောင် မည်းသွားခြင်း၊ သွေးပါခြင်း သို့မဟုတ် အနီမည်းရောင် ဖြစ်ပါက ချက်ချင်း ဆရာဝန်ကို တွေ့ပါ။

ရင်ပူခြင်း ပြင်းထန်ပြီး ဆေးဆိုင်ဆေးများ မအောင်မြင်ပါက သို့မဟုတ် ၂ ပတ်ကျော် ဆက်လက်သောက်နေရပါက ဆရာဝန်ကို ဆက်သွယ်ပါ။ ကိုယ်အလေးချိန် မကြိုးစားဘဲ လျော့ကျလာခြင်း သို့မဟုတ် မျိုချရခက်ခြင်း ရှိပါကလည်း ဆရာဝန်ထံ သွားရောက်စစ်ဆေးပါ။ အကြောင်းရင်းနှင့် အကောင်းဆုံး ကုသနည်းကို ဆရာဝန်က ဆုံးဖြတ်ပေးပါမည်။

တခါတရံသာ ဖြစ်သော ရင်ပူခြင်းသည် အန္တရာယ် မကြီးမားပါ။ သို့သော် GERD သည် အောက်ပါ ပြဿနာများသို့ ဦးတည်နိုင်ပါသည် —

ရေရှည် ချောင်းဆိုးခြင်း

အသံကြွက်တင်ရောင်ရမ်းခြင်း (laryngitis)

အစာကြော ရောင်ရမ်းခြင်း သို့မဟုတ် အနာဖြစ်ခြင်း

အစာကြော ကျဉ်းသွားခြင်းကြောင့် မျိုချရခက်ခြင်း

Barrett’s esophagus — အစာကြောကင်ဆာ ဖြစ်နိုင်ချေ တိုးစေသော အခြေအနေ

ရင်ပူခြင်းကို ကာကွယ်နည်းများ (Prevention)

အစားအစာနှင့် အစားစားချိန်များကို ပြောင်းလဲခြင်းအပါအဝင် အောက်ပါအချက်များက ရင်ပူခြင်းကို ကာကွယ်နိုင်ပါသည် —

ကိုယ်အလေးချိန် ကျန်းမာရေးအဆင့် ထိန်းသိမ်းပါ၊ လိုအပ်ပါက လျော့ချပါ

လက္ခဏာများ ပိုဆိုးစေသော အစားအစာနှင့် အချိုရည်များကို ရှောင်ပါ

တနေ့လုံး အစာကို အနည်းအကျယ် ခွဲစားပြီး ညနောက်ပိုင်း မစားပါ

ဖြည်းဖြည်းချင်း စားပါ

ဆေးလိပ် မသောက်ပါ၊ ဆေးလိပ်ပစ္စည်းများ မသုံးပါ

အစားစားပြီးနောက် အနည်းဆုံး ၃ နာရီကြာမှ လှဲပါ

အိပ်ရာခေါင်းဖက်ကို ၆ မှ ၈ လက်မခန့် မြှင့်ထားပါ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ