High Protein ပရိုတင်းဓါတ်
ပရိုတိန်း (Protein) သည် ကိုယ်ခန္ဓာအတွင်းရှိ အရေးပါသော အာဟာရတမျိုးဖြစ်ပြီး ကြွက်သား၊ အရိုး၊ အရေပြား၊ သွေးစသည်တို့ကို တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း အတွက် မဖြစ်မနေ လိုအပ်ပါသည်။
ထို့အပြင် ကိုယ်ခန္ဓာ၏ အာဟာရပြောင်းလဲမှုလုပ်ငန်းစဉ် (metabolism)၊ ကိုယ်ခံအားစနစ် နှင့် ဟော်မုန်းလုပ်ငန်းများ ကို ထောက်ပံ့ပေးပါသည်။
အလေးချိန်ထိန်းချုပ်ရာတွင်လည်း အစာဝပြည့်စေသော သက်ရောက်မှုရှိပြီး စွမ်းအင်ပေးနိုင်သော အာဟာရတမျိုးလည်း ဖြစ်ပါသည်။
ပရိုတိန်းသည် ကြီးထွားဖွံ့ဖြိုးမှုအတွက် အထူးအရေးပါပြီး ကလေးများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အလွန်အရေးကြီးပါသည်။
ပရိုတိန်း၏ အဓိက အကျိုးကျေးဇူးများနှင့် လုပ်ဆောင်ချက်များမှာ—
၁။ ကိုယ်ခန္ဓာအစိတ်အပိုင်းများ တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း
ပရိုတိန်းသည် ကြွက်သားထုကို ထိန်းသိမ်းပေးနိုင်ပြီး ကိုယ်ခန္ဓာဆဲလ်များ ပြုပြင်ရေး၊ ဆံပင်၊ အရေပြားနှင့် လက်သည်းတို့ ကြီးထွားကျန်းမာစေရန် ကူညီပေးပါသည်။
၂။ အလေးချိန်ထိန်းချုပ်မှုနှင့် အစာစားလိုစိတ် လျော့နည်းစေခြင်း
ပရိုတိန်းဓာတ်များသော အစားအစာများသည် အစာဝပြည့်စေပြီး ကြာရှည်စွာ မဆာမဖြစ်စေသဖြင့် စုစုပေါင်း ကယ်လိုရီစားသုံးမှုကို လျော့နည်းစေနိုင်ပြီး ကိုယ်အလေးချိန် လျှော့ချရာတွင် အထောက်အကူဖြစ်ပါသည်။
၃။ အာဟာရပြောင်းလဲမှု လုပ်ငန်းစဉ်ကို မြှင့်တင်ပေးခြင်း
ပရိုတိန်းကို ချေဖျက်ခြင်းအတွက် ကာဗိုဟိုက်ဒရိတ်နှင့် အဆီထက် စွမ်းအင်ပိုမိုလိုအပ်သဖြင့် ကိုယ်ခန္ဓာ၏ metabolism ကို မြှင့်တင်ပေးနိုင်ပါသည်။
၄။ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ခြင်း
ပရိုတိန်းကို အသုံးပြု၍ ကိုယ်ခံအားအင်တီဘော်ဒီများ ဖန်တီးပေးရသောကြောင့် ရောဂါပိုးများနှင့် ရောဂါများကို တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးပါသည်။
၅။ ဟော်မုန်းနှင့် အင်ဇိုင်း လုပ်ငန်းများ
ကိုယ်ခန္ဓာအတွင်းရှိ လုပ်ငန်းစဉ်များကို ထိန်းညှိပေးသော ဟော်မုန်းများနှင့် အင်ဇိုင်းများ ဖန်တီးရာတွင် ပရိုတိန်းသည် အရေးကြီးပါသည်။
၆။ အရိုးသိပ်သည်းခြင်း (Bone Density)
ပရိုတိန်းကို လုံလောက်စွာ စားသုံးခြင်းသည် အရိုး၏ ခိုင်မာမှုနှင့် ထူထပ်မှုကို ထိန်းသိမ်းပေးရာတွင် အထောက်အကူဖြစ်ပါသည်။
ပရိုတိန်းရရှိနိုင်သော အရင်းအမြစ်များ
တိရစ္ဆာန်အခြေပြု အစားအစာများ
အသား၊ ကြက်သား၊ ငါး၊ ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းများ
အပင်အခြေပြု အစားအစာများ
ဆိုးယား (Soy)၊ ပဲမျိုးစုံ၊ ပဲတောင့်များ (legumes)၊ အခွံမာသီးများ (nuts)၊ မျိုးစေ့များ (seeds) နှင့် အချို့သော အစေ့အဆန်အစားအစာများ
နေ့စဉ်လိုအပ်သော ပမာဏ
ယေဘုယျအားဖြင့် လူကြီးများအတွက် ကိုယ်အလေးချိန် ကီလိုဂရမ်တခုလျှင် ပရိုတိန်း ၀.၈ ဂရမ် ခန့်ကို နေ့စဉ် စားသုံးရန် အကြံပြုထားပါသည်။
သို့သော်—
အားကစားသမားများ၊ အသက်ကြီးသူများ၊ ထိခိုက်ဒဏ်ရာမှ ပြန်လည်ကျန်းမာလာသူများကဲ့သို့ လူအချို့တွင် ပရိုတိန်း ပိုမိုစားသုံးခြင်းမှ အကျိုးကျေးဇူး ရရှိနိုင်ပါသည်။
ပရိုတိန်းဓာတ် မြင့်မားသော အစားအစာများ
အသားနည်းပါးသော အသားများ (ကြက်သားရင်အုပ်သား၊ ကြက်ဆင်သား)
ပင်လယ်စာများ (ဆာမွန်ငါး၊ တူနာငါး)၊
ဥများ၊ နို့ထွက်ပစ္စည်းများ (ဂရိယိုဂတ်၊ cottage cheese) ဒိန်ခဲ နှင့်
အပင်အခြေခံ အစားအစာများဖြစ်သော ပဲမျိုးစုံ၊ တိုဖူး၊ အခွံမာသီးများ၊ အစေ့အဆန်များ ပါဝင်သည်။
ဤအစားအစာများသည် ကြွက်သားထိန်းသိမ်းခြင်း၊ ပြန်လည်ပြုပြင်ခြင်းနှင့် ဗိုက်ပြည့်ဝမှုကို ကူညီပေးသည်။ အကျိုးအာနိသင် အမြင့်ဆုံးရရန် အစာစားချိန်တိုင်းတွင် ပရိုတိန်းအရင်းအမြစ် တခုခု ပါဝင်အောင် စားသုံးရန် ကြိုးစားပါ။
တိရစ္ဆာန်အခြေခံ ပရိုတိန်းမြင့် အစားအစာများ
အသားနည်းပါးသော အသားများ – ကြက်သားရင်ဘတ်၊ တာကီအသား၊ အဆီနည်းသော အမဲသား (၉၃% အဆီမပါ သို့မဟုတ် ထိုထက်ပို) နှင့် ဝက်သား။
ငါးနှင့် ပင်လယ်စာများ – ဆာမွန်ငါး၊ တူနာငါး၊ ပုစွန်၊ အန်ချိုဗီငါး။
နို့ထွက်ပစ္စည်းများ – ဂရိယိုဂတ်၊ cottage cheese၊ နို့၊ ချိစ်။
ဥများ – အသုံးပြုရန် အလွန်လွယ်ကူပြီး ပရိုတိန်းပြည့်စုံသော အရင်းအမြစ်။
အပင်အခြေခံ ပရိုတိန်းမြင့် အစားအစာများ
ပဲမျိုးစုံ – ပဲရာဇာ၊၊ အမည်းရောင်ပဲ၊ ကာဘန်ဇိုပဲ (ချစ်ပဲ) နှင့် ပဲစေ့များ။
ပဲပုပ်ထွက်ပစ္စည်းများ – တိုဖူး၊ ဗမာပဲငပိ၊ ရှမ်းပဲငပိ၊ ပဲပုပ်စေ့လျှော်။
အခွံမာသီးများနှင့် အစေ့အဆန်များ – အယ်လ်မန်၊ သစ်ကြားသီး၊ မြေပဲ၊ ဖရုံသီးအစေ့ (pepitas)။
အချက်အလက်အကျဉ်းချုပ်
ပြည့်စုံသော ပရိုတိန်းများ – အသား၊ ငါး၊ နို့ထွက်ပစ္စည်းများနှင့် ဥများတွင် လိုအပ်သော အမိုင်နိုအက်စစ်အားလုံး ပါဝင်သည်။
အပင်အခြေခံ ပရိုတိန်း – ဆန်နှင့် ပဲကဲ့သို့ အပင်အစားအစာများကို တွဲဖက်စားသုံးပါက လိုအပ်သော အမိုင်နိုအက်စစ်အားလုံး ရရှိစေနိုင်သည်။
ပရိုတိန်းတိုးမြှင့်နည်း – အစာတွင် အခွံမာသီးများ၊ အစေ့အဆန်များ သို့မဟုတ် ချိစ်ကို ထည့်သွင်းစားသုံးပါက ပရိုတိန်းပမာဏ တိုးလာစေသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment