More than Half of Americans Live with a Neurological Condition

အမေရိကန်လူဦးရေရဲ့ တဝက်ကျော်မှာ အာရုံကြောဆိုင်ရာ ရောဂါတခုခုနှင့် နေထိုင်နေကြောင်း သုတေသနအသစ်တွေ့ရှိ

သုတေသနအသစ်တခုအရ အမေရိကန်ပြည်ထောင်စုအတွင်း လူနှစ်ယောက်အနက် တယောက်သည် အာရုံကြောဆိုင်ရာ ရောဂါ သို့မဟုတ် မမှန်ကန်မှုတခုခု၏ သက်ရောက်မှုကို ခံစားနေရကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပါသည်။ ယင်းသည် နိုင်ငံတဝန်း လူပေါင်း ၁၈၀ သန်းကျော်ကို ထိခိုက်သက်ရောက်နေခြင်း ဖြစ်ပါသည်။ ဤသုတေသနကို American Academy of Neurology နှင့် Institute for Health Metrics and Evaluation တို့ ပူးပေါင်းပြုလုပ်ခဲ့ပြီး JAMA Neurology တွင် ထုတ်ဝေခဲ့ပါသည်။ ထိုအခြေအနေများသည် လူများ၏ ကျန်းမာသာယာမှုနှင့် ဘဝအရည်အသွေး ကျဆင်းစေသော အဓိက အကြောင်းရင်းများအဖြစ် ထင်ရှားနေပါသည်။

၂၀၂၁ ခုနှစ် Global Burden of Disease Study အချက်အလက်များအရ—ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာများကို နားလည်ရန် အကြီးဆုံး ကြိုးပမ်းမှုဖြစ်သော ယင်းသုတေသနမှ—

၂၀၂၁ ခုနှစ်တွင် အမေရိကန်လူဦးရေ၏ ၅၄ ရာခိုင်နှုန်း (လူနှစ်ယောက်အနက် တယောက်ထက်ပို) သည် အနည်းဆုံး အာရုံကြောဆိုင်ရာ အခြေအနေတခုခု ရှိနေခဲ့ပါသည်။

အများဆုံး တွေ့ရသော အခြေအနေများမှာ—

ကြွက်သားတင်းကျပ်မှုကြောင့် ခေါင်းကိုက်ခြင်း (Tension-type headache) — လူသုံးယောက်အနက် တယောက်ထက်ပို

မိုင်ဂရိန်း ခေါင်းကိုက်ရောဂါ (Migraine) — လူခြောက်ယောက်အနက် တယောက်ခန့်

ဆီးချိုကြောင့် အာရုံကြောပျက်စီးခြင်း (Diabetic neuropathy) — လူနှစ်ဆယ်အနက် တယောက်

ဤရောဂါများနှင့် မမှန်ကန်မှုများသည် ထိုရောဂါများနှင့် နေထိုင်နေသူများသာမက မိသားစုဝင်များ၊ စောင့်ရှောက်သူများနှင့် လူမှုအသိုင်းအဝိုင်းများ၏ ကိုယ်ပိုင်လွတ်လပ်မှုနှင့် ဘဝအရည်အသွေးကိုပါ အလွန်အမင်း သက်ရောက်စေပါသည်။

ဘာကြောင့် အရေးကြီးသလဲ 

“အာရုံကြောစနစ်ဆိုင်ရာ ရောဂါများသည် အလွန်ပျံ့နှံ့လျက်ရှိပြီး အမေရိကန်လူဦးရေ သန်းများစွာကို မသန်စွမ်းမှုဖြစ်စေပါသည်” ဟု Yale University မှ ဆရာဝန် John P. Ney, MD, MPH, FAAN က ပြောကြားခဲ့ပါသည်။

“ဦးနှောက်၊ ကျောရိုးနှင့် အာရုံကြောများ ကျန်းမာစွာ လုပ်ဆောင်နိုင်ခြင်းကြောင့် အလုပ်အကိုင်၊ လူမှုဆက်ဆံရေးများတွင် ပါဝင်နိုင်မှု ပိုမိုတိုးတက်လာပြီး ဘဝအရည်အသွေးလည်း ကောင်းမွန်လာပါသည်။ အာရုံကြောဆိုင်ရာ ကုသစောင့်ရှောက်မှုနှင့် မသန်စွမ်းမှုဆိုင်ရာ ဝန်ဆောင်မှုများကို ပိုမိုရရှိနိုင်စေရန် လုပ်ဆောင်ပါက အမေရိကန်တဝန်းရှိ လူများအတွက် အကျိုးကျေးဇူးကြီးမားနိုင်ပါသည်။”

ဤသုတေသနတွင် “မသန်စွမ်းမှုအတွက် ပြုပြင်ညှိနှိုင်းထားသော အသက်ရှင်နှစ်များ” (disability-adjusted life-years) ကို တိုင်းတာခဲ့ပြီး၊ အချိန်မတိုင်မီ သေဆုံးရမှုကြောင့် ပျောက်ဆုံးသွားသော နှစ်များနှင့် မသန်စွမ်းမှုနှင့်အတူ နေထိုင်ရသော နှစ်များကို ပေါင်းစပ်တွက်ချက်ထားပါသည်။ စုစုပေါင်း ကျန်းမာရေးဆုံးရှုံးမှု အများဆုံး ဖြစ်စေသော အခြေအနေများမှာ—

Stroke လေဖြတ်ရောဂါ 

Alzheimer’s disease အယ်လ်ဇိုင်းမားရောဂါနှင့် အခြား မှတ်ဉာဏ်ပျက်စီးရောဂါများ

Diabetic neuropathy ဆီးချိုကြောင့် အာရုံကြောပျက်စီးခြင်း

Migraine မိုင်ဂရိန်း ခေါင်းကိုက်ရောဂါ

ဤကိန်းဂဏန်းများသည် လူအစစ်အမှန်များကို ကိုယ်စားပြုထားပြီး၊ ကာကွယ်ခြင်း၊ စောစီးစွာ တွေ့ရှိခြင်းနှင့် လိုအပ်သော ကုသမှုများကို လွယ်ကူစွာ ရရှိနိုင်စေရန်ဖြင့် သူတို့၏ ဘဝများကို တိုးတက်ကောင်းမွန်စေနိုင်ပါသည်။

သင် ဘာလုပ်နိုင်သလဲ 

လက္ခဏာများကို သတိထားပါ — ခေါင်းကိုက်ခြင်းများ၊ မှတ်ဉာဏ်ပြောင်းလဲလာခြင်း၊ ကိုယ်လက်ထုံခြင်း သို့မဟုတ် အားနည်းလာခြင်းတို့ကို ပေါ့ပေါ့မထင်သင့်ပါ။

အာရုံကြောဆိုင်ရာ ရောဂါများကို အာရုံကြောအထူးကု ဆရာဝန် သို့မဟုတ် လေ့ကျင့်ပြီးသား ဆေးပညာရှင်များ၏ အကူအညီဖြင့် စီမံခန့်ခွဲနိုင် သို့မဟုတ် ကုသနိုင်ပါသည်။

ဦးနှောက်ကျန်းမာရေးကို အလေးထားပါ — အားကစားပုံမှန်လုပ်ခြင်း၊ ကျန်းမာရေးနှင့် ကိုက်ညီသော အစားအစာ စားသုံးခြင်း၊ ကိုလက်စထရောမြင့်မားမှု၊ လှုပ်ရှားမှုနည်းပါးမှု၊ အလေးချိန်အလွန်အကျွံ၊ ဆီးချိုရောဂါကဲ့သို့ ပြင်ဆင်နိုင်သော အန္တရာယ်အချက်များကို စိစစ်ထိန်းချုပ်ပါ။

လူမှုရေးအဆင့်အတန်း၊ ပညာရေးနှင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုရရှိနိုင်မှု စသည့် အချက်များသည် ဦးနှောက်ကျန်းမာရေးကို သက်ရောက်စေပါသည်။

မှတ်ချက်

ဆေသုတေသနလုပ်တဲ့ ယူအက်စ်အေက ဆေးပညာဆောင်းပါးကို ဘာသာပြန်ပါတယ်။ မြန်မာပြည်မှာလည်း အခြေအနေ မကွာလောက်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ