World Cancer Day 2026: Data, Disparities And The Future
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့သည် ကမ္ဘာ့ကင်ဆာနေ့ တနေ့ဖြစ်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းမှုနှင့် သေဆုံးမှု အကြောင်းရင်းများအနက် အရေးကြီးဆုံးတခုဖြစ်သည့် ကင်ဆာရောဂါအပေါ် အပြောင်းအလဲများကို ကျန်းမာရေးခေါင်းဆောင်များ၊ မူဝါဒရေးဆွဲသူများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ပြန်လည်သုံးသပ်သင့်သည့် အခွင့်အလမ်းတရပ် ဖြစ်ပါသည်။ စစ်ဆေးခြင်း၊ ရောဂါသတ်မှတ်ခြင်းနှင့် ကုသမှုကဏ္ဍများတွင် နည်းပညာတိုးတက်မှုများကြောင့် တိုးတက်လာမှုများ ရှိခဲ့သော်လည်း၊ မညီမျှမှုများနှင့် ခွဲခြားမှုများသည် အထူးသဖြင့် ဝင်ငွေနိမ့်နှင့် အလယ်အလတ် ဝင်ငွေရှိသော နိုင်ငံများတွင် တိုးတက်မှုကို ဆက်လက် ခြိမ်းခြောက်လျက် ရှိနေဆဲ ဖြစ်ပါသည်။
ကမ္ဘာလုံးဆိုင်ရာ ဒေတာများ
အမေရိကန် ကင်ဆာသုတေသနအဖွဲ့၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတဝန်းတွင် ကင်ဆာရောဂါ အသစ် စစ်ဆေးတွေ့ရှိမှု သန်း ၂၀ နီးပါး ရှိခဲ့ပြီး၊ ထိုနှစ်တည်းတွင် သေဆုံးသူ သန်း ၁၀ ကျော် ရှိခဲ့ပါသည်။ အသက်အရွယ်ကို ချိန်ညှိတွက်ချက်ထားသော ကင်ဆာကြောင့် သေဆုံးမှုနှုန်းများသည် ကမ္ဘာလုံးဆိုင်ရာအဆင့်တွင် လျော့နည်းလာနေသော်လည်း၊ လူဦးရေ တိုးပွားလာခြင်းနှင့် အသက်ကြီးသူများ ပိုများလာခြင်းတို့ကြောင့် ၂၀၅၀ ခုနှစ်တွင် ကင်ဆာရောဂါ အသစ်တွေ့ရှိမှု သန်း ၃၀ ကျော် ရှိလာမည်ဟု သုတေသနပညာရှင်များက ခန့်မှန်းထားကြပါသည်။
ကမ္ဘာလုံးဆိုင်ရာ ကင်ဆာကြောင့် သေဆုံးမှု ၁၀ ယောက်အနက် ၄ ယောက်ကျော်မှာ ပြောင်းလဲထိန်းချုပ်နိုင်သော အန္တရာယ်အချက်များ ၄၄ မျိုးအနက် တခုခုနှင့် ဆက်နွယ်နေပါသည်။ ထိုအန္တရာယ်အချက်များတွင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အလွန်အကျွံ ပြုပြင်ထုတ်လုပ်ထားသော အစားအစာများ၊ အဝလွန်ခြင်းနှင့် လေထုညစ်ညမ်းမှုတို့ ပါဝင်ပါသည်။ ထိုကြောင့် ကင်ဆာရောဂါ၏ တဝက်နီးပါးကို ဆေးလိပ်ဖြတ်ခြင်းကို လှုံ့ဆော်ခြင်း၊ အရက်သုံးစွဲမှုကို လျှော့ချခြင်း စသည့် ပြည်သူ့ကျန်းမာရေး အစီအမံများဖြင့် ကာကွယ်နိုင်ကြောင်း ပြသနေပါသည်။ အရက်သောက်ခြင်းသည် ကင်ဆာရောဂါ အမျိုးအစား အနည်းဆုံး ခုနစ်မျိုးနှင့် ဆက်နွယ်နေပြီး၊ အဝလွန်ခြင်းသည် နို့ကင်ဆာ၊ အူကြီးကင်ဆာ အပါအဝင် ကင်ဆာရောဂါ အမျိုးအစား တဒါဇင်ကျော်နှင့် အပြင်းအထန် ဆက်စပ်နေပါသည်။
ကမ္ဘာလုံးဆိုင်ရာ မညီမျှမှုများ၏ ပြင်းထန်မှု
ရောဂါသတ်မှတ်နည်းပညာများနှင့် ခေတ်မီကုသမှုများတွင် သိပ္ပံနည်းပညာတိုးတက်မှုများ ရှိလာသော်လည်း၊ လူတဦး နေထိုင်ရာ နေရာဒေသသည် ကင်ဆာရောဂါ၏ ရလဒ်ကို ခန့်မှန်းနိုင်သော အချက်အရေးကြီးဆုံးများအနက် တခုအဖြစ် ဆက်လက် ရှိနေဆဲ ဖြစ်ပါသည်။ အမေရိကန်ကဲ့သို့ ဝင်ငွေမြင့် နိုင်ငံအချို့တွင် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း အလွန်မြင့်မားသည်ဟု မှတ်တမ်းတင်ထားကြသော်လည်း၊ စစ်ဆေးမှုနှင့် ထိရောက်သော ကုသမှုများကို လက်လှမ်းမီနိုင်ခြင်းကြောင့် သေဆုံးမှုနှုန်းများမှာ နိမ့်ပါးလေ့ ရှိပါသည်။ ထိုသို့မဟုတ်ပဲ ဝင်ငွေနိမ့်နှင့် အလယ်အလတ် ဝင်ငွေရှိသော နိုင်ငံများတွင် ကင်ဆာရောဂါ၏ ဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမားပြီး၊ သေဆုံးမှုနှုန်းများလည်း မညီမျှစွာ ပိုမိုမြင့်မားနေကြပါသည်။
ဥပမာတခုအနေဖြင့် အမေရိကန် ကင်ဆာအဖွဲ့၏ အချက်အလက်များအရ ဆာဟာရအောက်ပိုင်း အာဖရိကဒေသရှိ နိုင်ငံ အနည်းဆုံး ၂၉ နိုင်ငံတွင် မိန်းမများအတွက် သားအိမ်ခေါင်းကင်ဆာသည် ယနေ့တိုင်အောင် သေဆုံးမှု၏ အဓိက အကြောင်းရင်းတခုအဖြစ် ဆက်လက် ရှိနေပါသည်။ သားအိမ်ခေါင်းကင်ဆာသည် လူသားပီပီလိုမားဗိုင်းရပ်စ် (HPV) ကြောင့် အများဆုံး ဖြစ်ပွားလာသည့် ရောဂါဖြစ်သဖြင့် ထိုဗိုင်းရပ်စ်ကို ကာကွယ်သည့် ကာကွယ်ဆေးထိုးခြင်းအားဖြင့် အများအားဖြင့် ကာကွယ်နိုင်ပါသည်။ သို့သော်လည်း ဆာဟာရအောက်ပိုင်း အာဖရိကနိုင်ငံများတွင် အလယ်အရွယ် မိန်းမများအနက် ၁၀ ရာခိုင်နှုန်း မပြည့်မီသာ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခံရကြပြီး၊ အနောက်နိုင်ငံများအများစုတွင်တော့ စစ်ဆေးခံရမှုနှုန်း ၈၀ ရာခိုင်နှုန်း ကျော် ရှိနေပါသည်။ ထို့အပြင် အာဖရိကရှိ နိုင်ငံအချို့တွင် HPV ကာကွယ်ဆေး ထိုးနှံမှု အကျယ်အဝန်းသည် ၄ ရာခိုင်နှုန်းအထိသာ ရှိကြောင်း သတင်းများအရ သိရပြီး၊ ဩစတြေးလျနှင့် နယူးဇီလန်တို့တွင်တော့ ၈၅ ရာခိုင်နှုန်း ကျော်အထိ ရှိနေပါသည်။
ကုသမှုဆိုင်ရာ တိုးတက်မှုများနှင့် အနာဂတ်
ပေါ်ထွန်းလာသော နည်းပညာအသစ်များနှင့် အတုအယောင်ဉာဏ်ရည် (AI) ဆိုင်ရာ တိုးတက်မှုများကြောင့် ဆရာဝန်များသည် ကင်ဆာရောဂါများကို ပိုမိုထိရောက်စွာ ရောဂါသတ်မှတ်နိုင်လာကြပါသည်။ ဥပမာအားဖြင့် AI ကို အခြေခံထားသော ဆော့ဖ်ဝဲများသည် နို့ကင်ဆာ ရှာဖွေရန် အသုံးပြုသည့် မမိုဂရမ် (mammogram) ပုံရိပ်များ သို့မဟုတ် အဆုတ်ကင်ဆာ ရှာဖွေရန် အသုံးပြုသည့် CT scan ပုံရိပ်များကို ဖတ်ရှုရာတွင် ရေဒီယိုလိုဂျီ ဆရာဝန်များအတွက် ဒုတိယ ဖတ်ရှုသူအဖြစ် အထောက်အကူပြုနိုင်ပါသည်။ ပိုမိုကောင်းမွန်သော ရှာဖွေတွေ့ရှိမှုများကြောင့် ရောဂါကို အစောပိုင်းအဆင့်တွင် တွေ့ရှိနိုင်လာပြီး၊ အသက်ရှင်နိုင်ချိန်ကို ရှည်လျားစေနိုင်သည့် အစောပိုင်း ကုသမှုများ ပြုလုပ်နိုင်လာပါသည်။
ထို့အပြင် ကိုယ်ခံအားကို အခြေခံသည့် ကုသနည်း (immunotherapy) ကဲ့သို့သော ပစ်မှတ်တိကျ ကုသမှုများလည်း ဖွံ့ဖြိုးတိုးတက်လာပြီး ကင်ဆာကုသမှု၏ ပုံစံကို အပြောင်းအလဲ ဖြစ်စေခဲ့ပါသည်။ ကိုယ်ခံအားအခြေခံ ကုသနည်းဆိုသည်မှာ လူ့ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို ကင်ဆာဆဲလ်များနှင့် တိုက်ခိုက်နိုင်ရန် လှုံ့ဆော်ပေးသော ကုသနည်းတမျိုး ဖြစ်ပါသည်။ ထိုကုသနည်းကို အမေရိကန် သမ္မတဟောင်း ဂျင်မီ ကာတာက အသားအရေကင်ဆာအမျိုးအစားတမျိုးဖြစ်သည့် မယ်လနိုမာကို တိုက်ခိုက်ရာတွင် အောင်မြင်စွာ အသုံးပြုခဲ့ပါသည်။ ကိုယ်ခံအားအခြေခံ ကုသနည်းကြောင့် ကာတာသည် နောက်ဆုံးတွင် ကင်ဆာကင်းစင်နိုင်ခဲ့ပြီး မိမိ၏ အသက်ကိုလည်း ပိုမိုရှည်လျားစေနိုင်ခဲ့ပါသည်။
https://www.forbes.com/sites/omerawan/2026/02/01/world-cancer-day-2026-data-disparities-and-the-future/
ဒေါက်တာတင့်ဆွေ
Comments
Post a Comment