Bronchitis အဆုတ်သွားလေပြွန်ရောင်ခြင်း
Spot စပေါ့ မဟုတ်ပါ။
Bronchitis သည် အဆုတ်သို့ သွားသော လေကြောင်းကြီးများ (bronchi) တွင် ကူးစက်ရောဂါ ဖြစ်ပေါ်ကာ အရောင်ရမ်းခြင်းနှင့် အနာအဆာ ဖြစ်လာခြင်းကို ဆိုလိုသည်။
Bronchitis အများစုကို အိမ်တွင်ပင် ကုသနိုင် သည်။
Bronchitis သည် အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက် ၅ နှစ်အောက် ကလေးများ တွင် ပိုမိုတွေ့ရသည်။ ဆောင်းရာသီတွင် ပိုများပြီး အအေးမိခြင်း၊ လည်ချောင်းနာခြင်း၊ တုပ်ကွေး ဖြစ်ပြီးနောက် ဆက်ဖြစ်တတ်သည်။
Bronchitis ၏ လက္ခဏာများ
အဓိကလက္ခဏာမှာ ချောင်းဆိုးပြင်းပြင်း (hacking cough) ဖြစ်ပြီး တခါတရံ
အဝါရောင် သို့မဟုတ် အစိမ်းရောင် သလိပ် (phlegm) ထွက်နိုင်သည်။
ထို့အပြင် —
လည်ချောင်းနာ
ခေါင်းကိုက်
နှာရည်ယို သို့မဟုတ် နှာပိတ်
ကိုယ်လက်ကိုက်ခဲ
ပင်ပန်းနွမ်းနယ်ခြင်း
အသက်ရှူခက်ခြင်း သို့မဟုတ် ဝီစင်းသံဖြင့် အသက်ရှူခြင်း (wheezing)
အောက်ပါအခြေအနေများ ဖြစ်လာပါက အရေးပေါ် ဆေးကုသမှု လိုအပ်နိုင်သည် —
အသက်ရှူ အလွန်ခက်ခဲပြီး စကားပြောရာတွင်တောင် ရပ်နား၍ အသက်ရှူရခြင်း
ရင်ဘတ်အလယ်တွင် ပြင်းထန်သော နာကျင်မှု (ဖိသိပ်သကဲ့သို့ ခံစားရခြင်း)
နာကျင်မှုသည် လက်၊ ကျော၊ လည်ပင်း၊ မေးရိုး သို့ ပျံ့သွားခြင်း
အလွန်အိပ်ငိုက်ခြင်း သို့မဟုတ် နိုးရခက်ခြင်း
နှုတ်ခမ်း သို့မဟုတ် အသားအရေ ဖျော့၊ ပြာ၊ မီးခိုးရောင် ပြောင်းလာခြင်း
အမြန် ဆရာဝန်နှင့် ဆက်သွယ်သင့်သော အခြေအနေများ
ပုံမှန်ထက် အသက်ရှူ ပိုခက်လာခြင်း
အသက်ရှူစဉ် သို့မဟုတ် ချောင်းဆိုးစဉ် နာကျင်ခြင်း
မူးဝေခြင်း၊ အာရုံမရှင်းခြင်း
အန်ခြင်းကြောင့် အစားအစာ သို့မဟုတ် ရေ မထိန်းနိုင်ခြင်း
သွေးပါသော ချောင်းဆိုးခြင်း (haemoptysis)
နှလုံးခုန်မမှန်ခြင်း (heart palpitations)
ဆီးသွားမှု လျော့နည်းလာခြင်း (ရေခန်းခြောက်ခြင်း လက္ခဏာ)
ကိုယ်အပူချိန် အလွန်မြင့် သို့မဟုတ် အလွန်နိမ့်ခြင်း
ဆရာဝန်နှင့် တိုင်ပင်သင့်သော အခြေအနေများ
အသက်ရှူခက်မှု မသက်သာလာခြင်း
ချောင်းဆိုးခြင်း ၃ ပတ်ကျော် ကြာနေခြင်း
လက္ခဏာများ မကောင်းလာဘဲ နေ့စဉ်ဘဝကို ထိခိုက်လာခြင်း
Bronchitis ကုသခြင်း
အများအားဖြင့် အပတ်အနည်းငယ်အတွင်း အလိုအလျောက် သက်သာသွားတတ်သည်။
ဤအမျိုးအစားကို acute bronchitis ဟု ခေါ်သည်။
လုပ်သင့်သောအရာများ
ရေများများ သောက်ပါ
အနားယူပါ
ဆေးလိပ်သောက်သူဖြစ်ပါက ရပ်ပါ
ဆေးလိပ်မီးခိုးရှိသော နေရာများကို ရှောင်ပါ
ခေါင်းကိုက်၊ ဖျားနာမှုအတွက် paracetamol သောက်နိုင်သည် (ညွှန်ကြားချက်အတိုင်း)
ပျားရည်နှင့် သံပုရာရည် ဖျော်သောက်ခြင်းသည် လည်ချောင်းနာနှင့် ချောင်းဆိုးကို သက်သာစေနိုင်သည်
လက္ခဏာများပျောက်သွားပြီးနောက်တောင် ချောင်းဆိုးခြင်းသည် အပတ်အနည်းငယ် ဆက်ရှိနိုင်သည်။
ဆက်တိုက် ချောင်းဆိုးခြင်းကြောင့် ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားများ နာကျင်နိုင်သည်။
Bronchitis ၏ ပြဿနာတက်နိုင်မှု
Bronchitis မှ အများဆုံး ဖြစ်နိုင်သော ပြဿနာမှာ Pneumonia (အဆုတ်ရောင်ရောဂါ) ဖြစ်သည်။
၎င်းသည် ကူးစက်ရောဂါသည် အဆုတ်အတွင်းပိုင်းသို့ ပျံ့သွားပြီး
လေဖုံးအိတ်များ (air sacs) ထဲတွင် ရေများ စုပေါင်းလာခြင်း ကြောင့် ဖြစ်သည်။
Pneumonia ဖြစ်နိုင်ခြေ ပိုများသူများ
အသက်ကြီးသူများ
ဆေးလိပ်သောက်သူများ
နှလုံး၊ အသည်း၊ ကျောက်ကပ် စသော နာတာရှည်ရောဂါရှိသူများ
ကိုယ်ခံအားနည်းသူများ
ပေါ့ပါးသော pneumonia ကို antibiotic ဖြင့် အိမ်တွင် ကုသနိုင်သော်လည်း
ပြင်းထန်သော အခြေအနေများတွင် ဆေးရုံတွင် ကုသရန် လိုအပ်နိုင်သည်။
Acute Bronchitis ရက်တို နှင့် Chronic Bronchitis နာတာရှည်၏ ကွာခြားချက်
(ဆေးပညာအမြင်အရ အနှုတ်ချုပ်)
အချက် Acute Bronchitis Chronic Bronchitis
အဓိပ္ပါယ် လေကြောင်းကြီး (bronchi) အရောင်ရမ်းခြင်း အချိန်တို ဖြစ်ခြင်း လေကြောင်းကြီးများ အချိန်ရှည် အဆက်မပြတ် ရောင်ရမ်းနေခြင်း
ဖြစ်ပေါ်သည့်အကြောင်း အများအားဖြင့် ဗိုင်းရပ်စ်ကူးစက်မှု (အအေးမိ၊ တုပ်ကွေး) အများအားဖြင့် ဆေးလိပ်မီးခိုး၊ လေထုညစ်ညမ်းမှု
ဖြစ်ပွားကာလ ပုံမှန်အားဖြင့် ၁–၃ ပတ်ခန့် ၂ နှစ်ဆက်တိုက် တနှစ်လျှင် ၃ လကျော် ချောင်းဆိုးသလိပ်ထွက်
အဓိကလက္ခဏာ ချောင်းဆိုးခြင်း၊ သလိပ်ထွက်ခြင်း၊ ဖျားခြင်း၊ လည်ချောင်းနာ အမြဲတမ်း ချောင်းဆိုးနှင့် သလိပ်ထွက်၊ အသက်ရှူခက်
သလိပ် အဝါ သို့မဟုတ် အစိမ်းရောင် ဖြစ်နိုင် ပုံမှန်အားဖြင့် သလိပ်အများအပြား ထွက်တတ်
အသက်ရှူအခြေအနေ ယာယီ အသက်ရှူခက်နိုင် အဆုတ်လုပ်ဆောင်မှု လျော့နည်းလာနိုင်
အဓိကဖြစ်သူများ ကလေးများ၊ လူငယ်များတွင်လည်း ဖြစ်နိုင် အများအားဖြင့် ဆေးလိပ်သောက်သူများ၊ အသက်ကြီးသူများ
ကုသမှု အနားယူခြင်း၊ ရေများများသောက်ခြင်း၊ လက္ခဏာကုသခြင်း ဆေးလိပ်ရပ်ခြင်း၊ inhaler ဆေးများ၊ ဆရာဝန်စောင့်ကြည့်ကုသမှု
ရောဂါအုပ်စု အများအားဖြင့် ယာယီ ကူးစက်ရောဂါ COPD (Chronic Obstructive Pulmonary Disease) အုပ်စုတွင် ပါဝင်
ဆေးပညာအရ အရေးကြီးသော အချက်
Acute bronchitis သည် အများအားဖြင့် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး အလိုအလျောက် သက်သာတတ်သည်။
Chronic bronchitis သည် နာတာရှည် အဆုတ်ရောဂါ (COPD) အမျိုးအစားတခုဖြစ်၍ ကြာရှည် စောင့်ကြည့်ကုသရန် လိုအပ်သည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment