Why don’t we all like the same foods? လူတို့၏ အကြိုက်နှင့် အရသာ ခံစားမှု မတူခြင်းအကြောင်း
တစုံတယောက်ကို ချောကလက်တခု သို့မဟုတ် ထောပတ်သုတ်ထားသည့် ပူပူနွေးနွေး ပေါင်မုန့်ကင် တချပ် ပေးကြည့်လျှင် ထိုသူက ရွံရှာစက်ဆုပ်သည့် အမူအရာ ပြသရန်မှာ (မဖြစ်နိုင်ဟု မဆိုသာသော်လည်း) အလွန် ခဲယဉ်းပါသည်။ အခြားတဖက်တွင်မူ လူကြိုက် အလွန်ကွဲပြားတတ်သော နွယ်ချိုမုန့် (Licorice) သို့မဟုတ် အုန်းသီးခြောက်မှုန့်များ ကပ်ထားသည့် မုန့်မျိုးကို ပေးကြည့်ပါက ငြင်းပယ်မည့်သူ ပိုများလာသည်ကို တွေ့ရပါလိမ့်မည်။
ဤသည်မှာ ဖြစ်သင့်သည့်ကိစ္စတော့ မဟုတ်ပါ။ ကျွန်ုပ်တို့အားလုံးသည် အသက်ရှင်ရန်အတွက် တူညီသော လေကို ရှူကြသည်၊ တူညီသော နေရောင်ခြည်ကို ခံယူကြသည်၊ ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွင်း၌လည်း သွေးအုပ်စု (၈) မျိုးထဲမှ တမျိုးမျိုး စီးဆင်းနေကြသည် မဟုတ်ပါလား။ သို့ဖြစ်ရာ ခန္ဓာကိုယ်အတွက် လောင်စာဖြစ်စေမည့် မည်သည့် အရသာရှိသော အစားအစာကိုမဆို အတူတူ လက်ခံသင့်သည်ဟု ထင်စရာ ရှိပါသည်။
သို့သော် လက်တွေ့တွင် ထိုသို့ မဟုတ်ပါ။ ၎င်းမှာ ကျွန်ုပ်တို့က စိတ်ကူးပေါက်သလို ပြောင်းလဲတတ်ကြ၍လည်း မဟုတ်ပါ။ အရသာ ခံစားမှုဆိုသည်မှာ လေးနက်သော သိပ္ပံပညာရပ် တခုဖြစ်ပြီး ၎င်းကို ပိုမို နားလည်နိုင်ရန်အတွက် သင့်လျှာကို အနီးကပ် လေ့လာကြည့်ရန် လိုအပ်ပါသည်။
ကျွန်ုပ်တို့အားလုံး၏ လျှာပေါ်တွင် အဖုကလေးများ ရှိကြပါသည်။ ၎င်းတို့ကို (Papillae) ဟု ခေါ်ပြီး အရသာခံဖု (Taste buds) များ တည်ရှိရာ နေရာဖြစ်ပါသည်။ ကျွန်ုပ်တို့ ပါးစပ်ထဲသို့ အစားအစာများ ရောက်ရှိလာသည့်အခါ ၎င်းအရသာခံဖုများက အစားအစာထဲရှိ မတူညီသော အရသာများကို တုံ့ပြန်ကြပါသည်။ သို့သော် လျှာပေါ်ရှိ ပါပီလေး အဖုကလေးများ၏ အရေအတွက်မှာ တယောက်နှင့်တယောက် မတူညီကြပါ။
အရသာများကို အမျိုးအစား (၅) မျိုး ခွဲခြားနိုင်ပါသည် - အခါး၊ အချို၊ အချဉ်၊ အငန်နှင့် အသားဟင်း အရသာ (Umami) တို့ ဖြစ်ကြသည်။ သို့သော် ကျွန်ုပ်တို့၏ အရသာခံဖုများထဲရှိ အရသာခံအာရုံခံစနစ် (Flavour receptors) အရေအတွက်မှာ တဦးနှင့်တဦး မတူညီကြသည့်အတွက် အစားအစာ တခုတည်းအပေါ်မှာပင် တယောက်နှင့်တယောက် တုံ့ပြန်ပုံချင်း ကွဲပြားသွားရခြင်း ဖြစ်ပါသည်။
အထူးသဖြင့် အရသာခံစားလွယ်သူများ (Super tasters) အတွက် ပို၍ သိသာပါသည်။ ၎င်းတို့၏ လျှာပေါ်တွင် ပါပီလေး အဖုကလေးများ ပိုမို များပြားစွာ ရှိနေကြသဖြင့် အချဉ် သို့မဟုတ် အခါးကဲ့သို့သော အရသာအချို့မှာ ၎င်းတို့အတွက် အလွန် ပြင်းထန်လွန်းနေတတ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဟင်းလျာစာရင်း (Menu) ထဲမှ အရသာ အေးဆေးသည့် ဟင်းလျာများကိုသာ ရွေးချယ် စားသုံးလေ့ ရှိကြသည်။
လျှာပေါ်ရှိအရသာခံနိုင်သည့် အဖုကလေးများ အရေအတွက် ပျမ်းမျှထက် နည်းပါးသူများကို အရသာခံစားမှု အားနည်းသူများ (Subtasters) ဟု သိကြပါသည်။ ၎င်းတို့သည် ပြင်းထန်သော အရသာများကို အလွန်အမင်း ခံစားသိရှိနိုင်စွမ်း မရှိကြပါ။ အကယ်၍ အလွန်စပ်သောဟင်းကို စားသော်လည်း ချွေးတလုံးလုံး ထွက်မလာခဲ့လျှင် သင်သည် အရသာခံစားမှု အားနည်းသူ (Subtaster) ဖြစ်နိုင်ပါသည်။ အရသာခံစားလွယ်သူ (Supertaster) တဦးဆိုပါက ထိုဟင်းကို စားနိုင်ရန်အတွက် ဒိန်ချဉ် သို့မဟုတ် ခရင်မ် (Cream) တို့နှင့် အရင် ရောစပ်ပြီး အရသာကို လျှော့ချရပါလိမ့်မည်။
အရသာခံဖုများမှာ အစပျိုးရုံသာ ရှိပါသေးသည်။ အရသာ (၅) မျိုးနှင့် ပတ်သက်လာလျှင် ဓာတုပစ္စည်းများစွာ ပါဝင်နေပြီး ကျွန်ုပ်တို့၏ ဦးနှောက်က လျှာမှ ပေးပို့လိုက်သော အချက်ပြချက်များကို မည်သို့ ဖတ်ရှုသည်ဆိုသည့်အပေါ်တွင် များစွာ မူတည်နေပါသည်။
မွေးဖွားစဉ်ကပင် ကျွန်ုပ်တို့သည် အချိုသည် ကောင်းသည်၊ အခါးသည် မကောင်းဟု သဘာဝအလျောက် နားလည်ထားကြပါသည်။ ၎င်းမှာ အသက်ရှင်သန်ရေး နည်းဗျူဟာ တခုဖြစ်ပြီး ကျွန်ုပ်တို့၏ ကိုယ်တွင်းအင်္ဂါများကို ဒုက္ခပေးနိုင်သည့် အရာများသည် များသောအားဖြင့် အရသာ မကောင်းကြသောကြောင့် ဖြစ်ပါသည်။
၎င်းမှာ ဆင့်ကဲဖြစ်စဉ်အရ ဖြစ်တည်လာခြင်း ဖြစ်သကဲ့သို့ ကျွန်ုပ်တို့၏ မျိုးရိုးဗီဇကလည်း အစိတ်အပိုင်း တခုအနေဖြင့် ပါဝင်နေပါသည်။ ကျွန်ုပ်တို့၏ လျှာပေါ်တွင် အခါးအရသာကို ခံစားသိရှိနိုင်သော အာရုံခံစနစ် (Receptors) ပေါင်း ၂၅ ခုခန့် ရှိသော်လည်း ၎င်းတို့မှာ လူတိုင်းအတွက် ပုံစံတူ အလုပ်မလုပ်ကြပါ။ အထူးသဖြင့် TAS2R38 ဟု ခေါ်သော အာရုံခံစနစ်တခုသည် PROP ဟု အတိုကောက်ခေါ်သည့် (Propylthiouracil) အရသာကို သိရှိနိုင်စွမ်းနှင့် သက်ဆိုင်ပါသည်။ လူတိုင်းက PROP အရသာကို မခံစားနိုင်ကြပါ။ လေ့လာမှုများအရ အကယ်၍ သင်သည် ထိုအရသာကို မခံစားနိုင်သူ ဖြစ်ပါက ငရုတ်သီးကို ပိုမိုနှစ်သက်ပြီး အဆီများသော အစားအစာများကို ပို၍ စားသုံးတတ်သည်ဟု ဆိုပါသည်။
မိခင်၏ ဝမ်းဗိုက်အတွင်း ရှိနေစဉ်ကပင် မိခင် စားသုံးသော အစားအစာ အရသာများကို ကျွန်ုပ်တို့ ရရှိနေပြီ ဖြစ်ပါသည်။ ထိုအရသာများကို ရေမြွာရည်မှတဆင့် ဝမ်းဗိုက်အတွင်းသို့လည်းကောင်း၊ မွေးဖွားပြီးနောက်တွင် မိခင်နို့မှတဆင့်လည်းကောင်း ရရှိပါသည်။ ထို့နောက်တွင်မူ ကျွန်ုပ်တို့သည် မတူညီသော အရသာများနှင့် မည်မျှ ထိတွေ့မှု ရရှိသည်ဆိုသည့်အပေါ် မူတည်ပြီး ကျွန်ုပ်တို့ နှစ်သက်သော အစားအစာ စာရင်းကို ပြောင်းလဲစေပါသည်။
အချို့သော အရသာများကို လေ့ကျင့်ယူ၍ ရနိုင်သည်
သင်၏ (၁၈) နှစ်ပြည့် မွေးနေ့သည် အရသာသစ်များကို စူးစမ်းရန် အံ့သြဖွယ် ကောင်းသော နေ့တနေ့ ဖြစ်နိုင်ပါသည်။ ၎င်းသည် သင် ဘီယာကို ပထမဆုံးအကြိမ် မြည်းစမ်းသည့် အချိန်လည်း ဖြစ်နိုင်ပါသည်။ အကယ်၍ သင်သည် ဘီယာကို ပထမဆုံး မြည်းစမ်းပြီး ချက်ချင်း ကြိုက်သွားခဲ့လျှင် သင်သည် ထူးခြားသူတဦး ဖြစ်ပါလိမ့်မည်။ အကြောင်းမှာ လူသားများသည် သဘာဝအရ အခါးအရသာကို တွန်းလှန်ရန် ပုံစံသွင်းထားခြင်း ခံရသောကြောင့် ဖြစ်သည်။ သို့သော် ဘီယာလုပ်ငန်းကြီးများ ပျက်စီးမသွားသည်ကို ကြည့်ခြင်းအားဖြင့် တစုံတယောက်ကတော့ ၎င်းကို ကြိုက်နေသည်မှာ သေချာပါသည်။ ဤသည်မှာ ပထမဆုံး မြည်းစမ်းစဉ်က မကြိုက်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုအရသာကို နှစ်သက်လာစေရန် မိမိကိုယ်မိမိ လေ့ကျင့်ယူနိုင်သည့် သာဓကတခု ဖြစ်ပါသည်။
သို့သော် ပြောင်းပြန် အခြေအနေလည်း ရှိပါသည်။ ဒေါက်တာ ဖီးလစ်ပ်က ထောက်ပြထားသကဲ့သို့ တစုံတရာကို ပထမဆုံး စားသောက်ပြီးနောက် သင် နေမကောင်း ဖြစ်သွားခဲ့လျှင် သင့်ခန္ဓာကိုယ်၏ အသက်ရှင်သန်ရေး ယန္တရားက စတင် အလုပ်လုပ်ပါလိမ့်မည်။ သင်၏ ဦးနှောက်က ထိုအနံ့နှင့် အရသာကို "အဆိပ်သင့်ခြင်း" နှင့် တွဲဖက် မှတ်သားထားလိုက်သည့်အတွက် နောင်တွင် ၎င်းကို ရွံရှာမုန်းတီးသွားစေရန် ပြုလုပ်လိုက်ခြင်း ဖြစ်ပါသည်။
အထိအတွေ့ (Texture) ဆိုင်ရာ ပဟေဠိ
ဆင့်ကဲဖြစ်စဉ်၊ ယဉ်ကျေးမှု၊ ကျားမ ကွဲပြားမှုနှင့် ဘဝ အတွေ့အကြုံများက လူအမျိုးမျိုး အရသာ ကွဲပြားရခြင်းအတွက် သဲလွန်စများ ပေးနိုင်သော်လည်း ဖြေရှင်း၍ မရနိုင်သေးသော ပဟေဠိတခုမှာ အစားအစာ၏ အထိအတွေ့ (Texture) ပင် ဖြစ်ပါသည်။
ကျွန်ုပ်တို့ထဲမှ အချို့သည် ဝက်သားမှ အဆီအကြောခဲကလေးများကို ဝါးရသည်ကို အလွန်နှစ်သက်ကြသော်လည်း အချို့မှာမူ ထိုအထိအတွေ့ကို ရွံရှာစက်ဆုပ်သဖြင့် လက်ကိုင်ပုဝါထဲသို့ ချက်ချင်း ထွေးထုတ်ပစ်တတ်ကြပါသည်။ အချို့သော အစားအစာများ၏ ပါးစပ်အတွင်း ခံစားရသော အထိအတွေ့ (ဥပမာ - ပဲစိမ်းလုံးဘူး သို့မဟုတ် အုန်းသီး) ကြောင့်ပင် အချို့လူများအတွက် ထိုအစားအစာကို စားချင်စိတ် ကုန်သွားစေနိုင်ပါသည်။ သိပ္ပံပညာရှင်များသည် ယခုထက်ထိ ၎င်းအတွက် ကျေနပ်ဖွယ်ကောင်းသော အကြောင်းပြချက်ကို မရှာဖွေနိုင်ကြသေးပါ။ ၎င်းတို့ အသေအချာ သိရှိထားသည့် အချက်မှာ အကယ်၍ သင်သည် အဖတ်ကလေးများ ပါနေသော နွားနို့ပူတင်း (Custard) ကို မကြိုက်သူ ဖြစ်ပါက ထိုအရာမျိုးကို မည်သည့်အခါမျှ အနားကပ်လိမ့်မည် မဟုတ်ခြင်းပင် ဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment