Insect bite အင်းဆက်အကောင် ကိုက်ခြင်း
၁။ ဆရာရှင့် ကျွန်မရဲ့ သမီးလေးက ၁နှစ် ၉လ ပါ ရှင့် မျက်ခွံ ကို ဘာကောင်မှန်းမသိ ကိုက်ပီး (ပြီး) ရောင်လာပါတယ်ဆရာ ရောင်တာက ပျောက်သွားပီး(ပြီး) မျက်ခွံ ပေါ် မှာ အထဲက အဖု အကျိတ် လိုလေး ကျန်ခဲ့ပါတယ်ရှင့် ကိုင်ကြည့်လိုက်ရင် မာမာလေး ဖြစ်နေတာပါဆရာ အဲ့တာလေးပျောက်အောင် ဘာဆေး တိုက်ရမလဲရှင့် ဆရာကျေးဇူးပြု၍ ေပြာပြပေးပါဦးရှင့် ကူညီပါဦးရှင့် ၄ ရက်နေ့က ခုလို ရောင်ပီး(ပြီး) ပျောက်သွားတော့ အဖုလေး ကျန်ခဲ့တာပါ ဆရာ ဘာလုပ်ပေးရမှန်းမသိလို့ပါဆရာ
၂။ ဆရာရှင့် ကျမ တခုလောက်မေးချင်ပါတယ်ရှင်။ ၂နှစ်ကျော် အရွယ်ကလေးရဲ့ ကိုယ်မှာ ကြောင်သန်းကိုက်လို့ အဖုအပိန့်တွေ ထနေပါတယ်ဆရာ။ ကြောင်သန်းကိုက်ခံရတာ ကလေးအတွက် ဘယ်လို ဆိုးကျိုးတွေ ရှိမလဲ သိချင်ပါတယ်ဆရာ။
၃။ ကျွန်မ အသက် ၂၈နှစ် အိမ်ထောင်မရှိပါ ရာသီကအရင်တုန်းက မှန်ခဲ့ပေမယ့် အခုလမှာ နှစ်ရက်လောက် နောက်ကျနေပါတယ်ဆရာ လက်နဲ့ခြေထောက်တွေမှာ ခြင်ကိုက်ဖုလို အဖုသေးသေးလေးတွေ ထွက်ပြီး အရမ်း ယားပါတယ်ရှင့် တညလုံး တနေ့လုံး မနေနိုင်အောင်ကို ယားတာ ငါးရက်လောက်ရှိပါပြီဆရာ အိမ်မှာ ကြောင်လေးတွေ မွေးထားပေမယ့် ကျွန်မက အခန်းထဲမှာပဲ အလုပ်လုပ်ရင်း အနေများပါတယ် ကြောင်သန်းလေးတွေ ကိုက်တာလို့ ထင်မိပေမယ့် သန့်ရှင်းရေး လုပ်ပြီးတာတောင် အရမ်းယားနေတုန်းပဲမို့ပါဆရာ
၄။ မ၊ ၁၈ နှစ် ရာသီမှန်၊ အပျို မနေ့က ပင့်ကူ တကောင်ကိုက်သွားပါတယ်ရှင့် ပင့်ကူ အမျိုးအစား မသိပါရှင့် လက်ချောင်း ယောင်တာမှလွဲ၍ တခြားလက္ခဏာများမရှိပါဘူးရှင့် အရက်ပြန်လိမ်း၊ ရေခဲကပ်ပါတယ်ရှင့် မနေ့ညက အယောင် (ရောင်) ကျသွားပြီး ယားလို့ ကုတ်လိုက်သဖြင့် ပြန်ယောင် (ရောင်) လာပါတယ်ရှင့် အထူးကု (သို့မဟုတ်) ဘယ်ဆရာဝန်နဲ့ ပြသင့်သလဲ သိချင်ပါတယ်ဆရာ
၅။ ဆရာ ကျား အသက် ၄၁ ပါ သတ်ပုံမှားရင် သည်းခံပါဆရာ စွပ်ပနီ အတုပ်ခံရတာ နှစ်ခါ အလာဂျစ်ပြီး အဖုအပိန့်ထွက် ဗမာ့နည်းဗမာ့ဟန် ဆားနဲ့သနပ်ခါး သွေးလိမ်း သက်သာပါတယ် မနေ့က ခူးယားကောင် လည်ပင်းကပ်လို့ တိုင်းရင်းဆေးအဆီလိမ်းလိုက်တာမှာ ပိုအလာဂျစ်ဖြစ်ပြီး ရင်ဆို့နားကတစ်စို့စို့ဖြစ်ပြီး အသက်ရှူကြပ်လာတယ် ဆက်စပ်မှုရှိလား ဆရာ ကျေးဇူးများစွာဖြင့် နိုင်ငံရေးမကောင်း ဆရာကျန်းမာရေး ကောင်းပါစေ (တစ်ဆို့ဆို့လို့ ရေးရတယ်။)
၆။ မင်္ဂလာပါဆရာ သမီးကသုံးနှစ်ပါ ဘာကောင်ကိုက်ကိုက် အနာဖြစ်ဖြစ်သွားတယ်ဆရာ (ဖစ် ၂ လုံးကို ပြင်လိုက်တယ်။ မြန်မာစာမှာ နာမည်ကလွဲရင် ဖစ် မရှိပါ။)
• အင်းဆက် ခေါ် အဆိပ်ပါတဲ့အကောင်ကိုက်ခြင်းဟာ သာမန်အားဖြင့် မဆိုးပါ။
• နာမယ်၊ ယားမယ်။ နီမြန်းမယ်။ ရောင်မယ်။ ထုံမယ်။ ပူလောင်မယ်။ ကျင်မယ်။
• ဆိုးလျှင် အသက်ရှူခက်မယ်။ အားယုတ်မယ်။
• အဆိုးဆုံးက (ရှော့ခ်) ရတတ်တယ်။
• ဖြစ်နိုင်လျှင် အဆိပ်ပါသည့် အစွယ်ကို နှုတ်ပါ။
• နေရာကို ဆပ်ပြာရေဖြင့် ဆေးပါ။
• ရေခဲတင်ပေးပါ။
• Anti-itch ဆေးလိမ်းပါ။ သို့မဟုတ်
• Cortisone 1% cream ဆေးလိမ်းပါ။ သို့မဟုတ်
• Calamine lotion ကာလမင်းဆေးရည် လိမ်းပေးပါ။
• လိုအပ်လျှင် Antihistamine (Cetrizine) အင်တီဟစ်တမင်း စားဆေးပေးပါ။
• လူနာကို နှစ်သိမ့်ပေးပါ။
• အသက်ရှူမှု စစ်ဆေးပါ။
• အဝတ်အစားများ တင်းကြပ်မနေစေရာ။
• လိုအပ်လျှင် CPR စီ၊ ပီ၊ အာရ် လုပ်ပါ။
• Shock ရှော့ခ် ဖြစ်လျှင်ကုပါ။
ဒေါက်တာတင့်ဆွေ




Comments
Post a Comment