Leukemia လူကီးမီးယား သွေးကင်ဆာ
ဆရာဝန်ကို မေးတာတွေ မဟုတ်ပါ။
၁။ သွေးကင်ဆာ All ကပျောက်ကင်းနိုင်ပါသလားသားလေးဖြစ်နေလို့ပါ အသက်က ၈နှစ်ပါ
၂။ သွေးကင်ဆာအတွက်အကောင်းဆုံးဆေးရှိလားရှင့် ပျောက်ကင်းနိုင်ပါ့မလား လက်တွေ့ပျောက်ကင်းတဲ့သူရှိရင် ဆေးလေးညွှန်ပေးပါအုံးရှင့် သက်ကြီးပိုင်းမို့ စိတ်အရမ်းကျနေလို့ပါ
၃။ သွေးကင်ဆာ level 2 က ဘယ်နှစ်နှစ်လောက်ခံနိုင်သေးလဲ ပြောပြပေးပါ။ ဒါမှမဟုတ် ပျောက်နိုင်လား ဆိုတာလေးရော ပြောပေးပါ။
ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ဆရာဝန်မဟုတ်သူတွေက ဖြေထားကြတာလည်း တွေ့တယ်။
- ကြည်လွင်ကုမုဒြာ page မှာမေးကြည့်ပါလား သင်္ဘောရွက် သတ်တုရည်တနေ့၃ကြိမ်သောက်တဲ့
- ပျောက်ပါတယ် အတော်ဆိုးနေတဲ့လူနာတောင် ရိုးတွင်းခြင်ဆီ အစားထိုးကုတာ ကောင်းသွားတာတွေ့ဖူးတယ် အန္ဒိယမှာ ကျနော်ဆေးရုံတက်တုန်းက
- ညီမဆိုအဆင့် 3 ခုထိမသေသေးဘူးရယ် ဆေးကုသပါ
ကျွန်တော့်ကို မေးတာတွေ
၁။ ဆရာ အချိန်ရရင် ကျေးဇူးပြုပြီး သွေးကင်ဆာအကြောင်းလေး မျှဝေပေးစေချင်ပါတယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့် ဆရာ
၂။ သွေးကင်ဆာရဲ့ လက္ခဏာများ သိချင်ပါတယ်ရှင့် ကျေးဇူးပြုပြီး ေပြာပြ ေပးပါ
၃။ ကျမ အသက် ၂၇ နှစ်ပါဆရာ။ ကလေး ၂ ယောက်ရှိပါတယ်။ သိချင်တာက သွေးကင်ဆာရောဂါဟာ မျိုးရိုးလိုက်တတ်ပါသလားရှင့်။ ကျမအဖေဟာ အသက် ၆၀ ကျော်မှာ သွေးကင်ဆာအမျိုးအစား AML ဖြစ်ပြီး ဆေးကုနေရင်း ဆုံးပါးခဲ့ရပါတယ်။ သားက ကိုယ်ခံအားနည်းတဲ့ကလေးမို့ သူ့အတွက်စိတ်ပူလို့ပါ။ မျိုးရိုးလိုက်တက်(လိုက်တတ်)ခဲ့ရင်လည်း ဆောင်ရန်ရှောင်ရန်လေးတွေကိုလဲ သိချင်ပါတယ်ရှင့်။
၄။ ကျွန်နော်က leukemia CML ရောဂါခံစားနေရပါတယ်ဆရာ။ ကျွန်တော်ကနယ်ကပါ။ တခါတလေဆေးဝယ်မရလို့ဆေးပြတ်တဲ့အခါကျရင် သွေးဖြူဥတွေများလားပြီး ဒူးတွေ တင်ပစုံ (တင်ပါးဆုံ) တွေမှာသွေးစုပြီးတော့ ကိုက်ခဲပါတယ်ဆရာ။ လွန်ခဲ့တဲ့ ၆ လလောက်တုံးက ကျွန်တော်သွေးဖြူဥတွေများပြီး ပထမဒူးမှာသွေးစုတယ်။ ၅ ရက်လောက်ကြာတော့ ဒူးကကောင်းသွားပြီး ဆီးလမ်းကြောင်းမှာလာဖြစ်တယ်ဆရာ။ ဆီးလမ်းကြောင်းအရမ်းတင်ပြီးကိုက်လို့ ကျွန်တော်ရန်ကုန်မှာဆေးခန်းသွားပြတယ်ဆရာ။ ့့့့့ မှာထိုင်တဲ့ ဆီးလမ်းကြောင်းခွဲစ်ိတ်ဆရာဝန်က ့့့့့ မှာခွဲမှရမယ်လို့ပြောတော့ ကျွန်တော်က ငွေကြေးမတတ်နိုင်လို့ မခွဲဖြစ်ဘူး။ ဒီလိုနဲ့ဆေးစားရင် သက်သာသွားတယ်ဆရာ။
၅။ ဆရာ သမီးအမျိုးသားက သွေးကင်ဆာပါ ဆေးသောက်နေရတာ သုံးနှစ်ရှိပါပြီ။ ဆေးကြောင့်ကလေးမယူသင့်ဘူးလို့ သိရပါတယ်။ သားလေးကသုံးနစ်သားပါ။ နောက်တယောက်ထပ်ယူခြင် (ချင်) ပါတယ်ဆရာ။ နည်းလမ်းမရှိတော့ဘူးလား သိခြင်ပါတယ်ဆရာ။ သူသောက်တဲ့ဆေးက tasigna ပါဆရာ။
မေးခွန်း (၅) ပြောတာကိုမှန်းကြည့်ရရင် Chronic myeloid leukemia (CML) ရောဂါဖြစ်နိုင်တယ်။ ထင်တာကိုပြောတာပါ။ Tasigna ဆေးရဲ့ဘေးထွက်ဆိုးကျိုး ဆိုးလွန်းတာတွေ = သွေးအရေအတွက်နည်းခြင်းဖြစ်လို့ သွေးထွက်လွယ်မယ်။ ဆီးထဲသွေးပါနိုင်တယ်။ အားယုတ်မယ်။ သွေးစီးလျှောက်တာနည်းလို့ ဦးနှောက်၊ ခြေထောက်၊ နှလုံးကိုသွေးမဝမှာ သတိထားရမယ်။ အသည်းကို ထိခိုက်နိုင်တယ်။ အသားဝါဖြစ်နိုင်တယ်။ သရက်ရွက်ကိုလဲထိခိုက်နိုင်တယ်။ သာမန် သတိထားစရာတွေ = ပျို့-အန်ချင်၊ အရေပြားအနီပြင်ထွက်၊ ခေါင်းကိုက်၊ မောပန်း၊ ယားယံ၊ ဝမ်းပျက်၊ ချောင်းဆိုး၊ ကြွက်သားအရိုးနာ၊ ကိုယ်ပူ၊ ညချွေးထွက်။ သားသမီးယူတာအတွက် သပ်သပ်သတိပေးတာမတွေ့ပါ။ ဒါပေမဲ့ ကုသပေးတဲ့ဆရာဝန် ညွှန်တာကိုသာ လိုက်နာသင့်ပါတယ်။
Leukemias (လူကီးမီးယား) သွေးကင်ဆာ ရက်တိုနဲ့ နာတာရှည် နှစ်မျိုးရှိတယ်။ ရောဂါဖြစ်တဲ့ သွေးဖြူဥ အမျိုးအစားနဲ့လဲ ခွဲခြားတယ်။ Infections ရောဂါပိုးဝင်တာ၊ Anemia သွေးအားနည်းတာနဲ့ Bleeding သွေးယိုတာတွေ ဖြစ်လာစေနိုင်တယ်။
ရိုးတွင်းခြင်ဆီမှာ Stem cells ခေါ်တာတွေကနေ သွေးဥအမျိုးမျိုး ဖြစ်လာရတယ်။ သွေးဥဆိုတာ အနီ နဲ့ အဖြူ။ အနီက အသက်ရှူလိုက်တဲ့ လေထဲက အောက်စီဂျင်နဲ့ ပေါင်းပြီး သွေးကို သန့်အောင်လုပ်ပေးတယ်။ သွေးဖြူဥတွေကတော့ ရောဂါကို တိုက်ဖျက်တာ လုပ်ပေးတယ်။ သွေးမှုံ ဆိုတာလေးတွေက သွေးကိုခဲစေပြီး၊ သွေးမယိုရအောင် လုပ်ပေးတယ်။ သွေးဥ မှန်သမျှဟာ တခြားသက်ရှိ ဆဲလ်တွေလိုပါဘဲ၊ အသစ်ဖြစ်လာ၊ ရင့်လာ-အိုလာပြီး နောက်ဆုံး ပျက်စီး-သေဆုံး ကုန်ကြတယ်။ ခေမာ-မိဘုရားကြီးကို တရားပြသလိုပါဘဲ။
Myeloid stem cell ဆဲလ်အမျိုးအစားတွေကနေ Red blood cell သွေးနီဥနဲ့ Platelets သွေးမှုံတွေ ဖြစ်စေတယ်။ White blood cells သွေးဖြူဥတွေလဲပါတယ်။ Lymphoid stem cell လင်ဖွိုက်-စတမ်-ဆဲလ် အမျိုးအစားတွေကနေ သွေးဖြူဥတွေ ဖြစ်စေတယ်။ B cells or T cells စသဖြင့်။ ဒီနှစ်မျိုးကနေ သွေးဖြူဥတွေ ဖြစ်လာကြပေမဲ့ မတူကြဘူး။ လူကီးမီးယားရောဂါရသူတွေမှာ ဖြစ်လာတဲ့ ပုံမှန်ဟုတ်တဲ့ သွေးဖြူဥတွေကို Leukemia Cells လို့ ခေါ်တယ်။ ပုံမှန် မဟုတ်ပေမဲ့ အချိန်ကျတာတောင် မသေကြဘူး။ တချို့က ဘုန်းလဲကြီး အသက်လဲ ရှည်ကြတယ်။ လူကောင်းတော့ မဟုတ်ဘူး။
အမျိုးအစားတွေ ခွဲထားတယ်။ Acute leukemia ရက်တို။ ဖြစ်တာ မကြာသေးရင် ဖြစ်စမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေက အလုပ် နဲနဲပါးပါးတော့ လုပ်သေးတယ်။ လူကောင်းလိုဘဲ။ လက္ခဏာမပေါ်သေးဘူး။ Chronic leukemia နာတာရှည်။ ကြာမှ မလုပ်တော့တာ။ Lymph nodes တက်စေ့တွေရောင်။ Infections အင်ဖက်ရှင်တွေ ဝင်လာမယ်။
ဘာလို့ဖြစ်လဲ မသိပါ။ ဓါတ်ကင်တာ၊ အနုမြူရောင်ခြည်သင့်တာ၊ ဆေးလိပ်သောက်တာ၊ Benzene ဘင်ဇင်းဆေး၊ ကင်ဆာဆေး၊ မွေးရာပါ ဒေါင်း-ဆင်ဒရုမ်း၊ မျိုးရိုးထဲမှာလဲ ရှိတာတွေကနေ ဖြစ်စေနိုင်တယ်။
အမျိုးအစားကို ဆဲလ်တွေအပေါ်မူတည်ပြီး ၄ မျိုးခွဲတယ်။ တခြား ရှားတဲ့အမျိုးလဲ ရှိသေးတယ်။
1. Chronic lymphocytic leukemia (CLL) အသက်ကြီးသူ (၅၅ နှစ်ကျော်) တွေဖြစ်တယ်။ ကလေးတွေမဖြစ်ဘူး။
2. Chronic myeloid leukemia (CML) အရွယ်ရောက်သူတွေမှာဖြစ်တယ်။
3. Acute lymphocytic (lymphoblastic) leukemia (ALL) ကလေးတွေမှာပိုဖြစ်တယ်။
4. Acute myeloid leukemia (AML) ကလေး-လူကြီးဖြစ်တယ်။
Acute leukemia ရှိသူဟာ နေမကောင်းသလို ဖြစ်လာမယ်။ ဦးနှောက် ထိခိုက်ရင် ခေါင်းကိုက်၊ အန်၊ ကြွက်သားတွေ အားယုတ်၊ စိတ်မရှင်း၊ တက်တာတွေ ဖြစ်နိုင်တယ်။ အစာလမ်းကြောင်း၊ ကျောက်ကပ်၊ အဆုပ်၊ နှလုံး၊ ယောက်ျားအစေ့ တွေကို ထိခိုက်တတ်တယ်။ တက်စေ့တွေ ရောင်နေမယ်။ ဖျားပြီး ညချွေးထွက်တယ်။ ရောဂါပိုး ဝင်လွယ်တယ်။ မောပန်း အားယုတ်နေမယ်။ သွားဖုံး၊ အရေပြားက သွေးယိုမယ်။ အသဲ၊ ဘေလုံးကြီးနိုင်တယ်။ လူကပိန်လာမယ်။ အရိုး-အဆစ်တွေ နာမယ်။
သွေးစစ်ရင် Leukemia ဖြစ်နေသူမှာ WBC သွေးဖြူဥတွေ သိပ်များနေမယ်။ သွေးမှုံနည်းမယ်။ Hb သံဓါတ် နည်းမယ်။ ရိုးတွင်းခြင်ဆီကို Bone marrow aspiration ဒါမှမဟုတ် Bone marrow biopsy လုပ်ရင် ကင်ဆာ-ဆဲလ်တွေ တွေ့မယ်။ Cytogenetics တို့ Spinal tap တို့လဲ လုပ်တယ်။ ရင်ပတ် ဓါတ်မှန်ရိုက်ရင် တက်စေ့တွေ ကြီးနေတာ တွေ့မယ်။
Acute leukemia ဖြစ်ရင် ချက်ချင်း ဆေးကုရမယ်။ အများအားဖြင့် ပျောက်နိုင်ပါတယ်။ ဆေးစစ်လို့သာ နာတာရှည်ဖြစ်ပြီး ရောဂါလက္ခဏာ မရှိသူတွေကို ချက်ချင်း ဆေးမလိုသေးပါ။ ပျောက်ဘို့ ခက်တယ်။ တချို့ကို Stem cell transplants ဆိုတာ လုပ်တယ်။ Oematologists, Medical oncologists, Radiation oncologists အထူးကု အမျိုးမျိုးနဲ့ ကုရတယ်။
Chronic lymphocytic leukemia ဖြစ်နေသူတွေကို ဆေးတွေရဲ့ဘေးထွက် ဆိုးကျိုးတွေကြောင့် ရောဂါလက္ခဏာ မပေါ်သေးရင် Chemotherapy မပေးသေးဘဲ နေနိုင်သေးတယ်။ လူနာသဘော၊ ဆရာဝန်သဘော။ သောက်ဆေး။ အကြောဆေး၊ တခြားနည်းလမ်းတွေနဲ့ ဆေးပေးတယ်။
Chronic Myeloid Leukemia ဖြစ်နေသူတွေကို Targeted therapy နည်းသုံးနိုင်တယ်။ Imatinib (Gleevec) tablets စားဆေးပေးမယ်။ Side effects တွေကတော့ ရောင်မယ်၊ ဗိုက်ကယ်မယ်၊ လူဝလာမယ်၊ ပျို့-အန်မယ်၊ ဝမ်းပျက်မယ်၊ ကြွက်သားတွေ နာမယ်၊ အနီပြင် ထွက်တာတွေလဲ ရှိတတ်တယ်။
• Biological Therapy ကုနည်းလဲ ရှိသေးတယ်။
• Radiation Therapy ဓါတ်ကင်နည်းလဲ သုံးတယ်။
• Stem Cell Transplant ရိုးတွင်းခြင်ဆီ လဲပေးတယ်။
• Supportive Care ရောဂါပိုးမဝင်အောင်၊ ရောဂါလက္ခဏာတွေ သက်သာအောင်၊ ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေ သက်သာအောင်၊ အစာအာဟာရ ပြည့်ဝအောင်၊ စိတ်ဓါတ် မကျအောင် လုပ်ပေးရမယ်။
အလားအလာတွေ
• Chronic Myeloid Leukemia ရောဂါရဲ့ Prognosis အလားအလာ။ အဖြစ်နှေးပါတယ်။ အရွယ်ရောက်တွေမှာ အဖြစ်များတယ်။ Chemotherapy နဲ့ Bone marrow transplant ကုသနည်းတွေကို လုပ်ပေးတော့ စောစော သိသူ-ကုသူ ၉၈ လ အသက်ရှည်မယ်။ နောက်ကျရင် ၆၅ လ၊ ဒိထက် နောက်ကျရင် ၄၂ လ။ ၁၁၇ လ အထိ ရှင်သူ စံချိန်တင်ထားတယ်။
• Acute Myeloid Leukemia ရောဂါရဲ့ Prognosis အလားအလာ။ ပိုဆိုးတယ်။ မြန်တယ်။ လူကြီးအရွယ်မှာ အများဆုံး ဖြစ်ကြရတယ်။ Chemotherapy နည်းနဲ့ ကုသတယ်။ ၂ဝ-၄ဝ% တွေက ၆ဝ လ ရှင်တယ်။ အသက် ပိုကြီးရင် အသက်ပိုတိုမယ်။
• Chronic Lymphocytic Leukemia ရောဂါရဲ့ Prognosis အလားအလာ။ ကလေးတွေမှာ မဖြစ်ပါ။ အသက်ကြီး ၆ဝ အထက်တွေမှာ ဖြစ်တယ်။ ယောက်ျားတွေ ပိုဖြစ်တယ်။ ဖြစ်တာ နှေးပါတယ်။ B-cells တွေဖြစ်သူ စောစော ကုရင် နောက်ထပ် ၁ဝ-၂ဝ နှစ်အထိ ရှင်မယ်။ T cell ဖြစ်ရင် ပိုဆိုးတယ်။
• Acute Lymphocytic Leukemia ရောဂါရဲ့ Prognosis အလားအလာ။ ကလေးတွေအဖြစ်များဆုံး။ ကလေး-ကင်ဆာတွေရဲ့ ၄ ပုံ ၁ ပုံရှိတယ်။ အသက် ၄၅ ကျော်သူတွေလဲဖြစ်တယ်။ Chemotherapy နည်းနဲ့ကုတယ်။ အရင်က အများဆုံး ၄ လသာ ရှင်တယ်။ အခု ခေတ်မီနည်းတွေကြောင့် ၈ဝ% ပျောက်နိုင်နေပြီ။ ၄ဝ%က လုံးဝပျောက်နိုင်တယ်။ ၃-၇ နှစ်ကြား ကလေးတွေ ပျောက်နိုင်တဲ့ အခွင့်အလမ်း ပိုများတယ်။
လူကီးမီးယား သွေးကင်ဆာကို Stage ခေါ် အဆင့်တွေနဲ့သာ သတ်မှတ်ထားတယ်။
Stages of CLL
Stage 0.
Stage I.
Stage II.
Stage III.
Stage IV.
Leukemia survival rate အသက်ရှင်မှုနှုန်း
လူကီးမီးယားအားလုံးရဲ့ ပျမ်းမှ ၅ နှစ် အသက်ရှင်မှုနှုန်း 65% National Cancer Institute (NCI)
stages 0 to II တွေဟာ ကုသမှုမရလည်း ၅ နှစ်ကနေ ၂၀ နှစ်အထိနေနိုင်တာလည်း တွေ့ရတယ်။
အသက်ကြီးသူတွေမှာ CLL အမျိုးအစားက အသက်သာဆုံး။ CLL အမျိုးအစားက ကျား-မ ဖြစ်တယ်။ B cells ကို သက်ရောက်တမျိုးဆိုရင် အသက် ၁၀ နှစ်ကနေ ၂၀ အထိ နေနိုင်တယ်။
ကင်ဆာမှန်သမျှ စောစောသိ၊ သိတာနဲ့ စနစ်တကျကုသ၊ ကုသပြီးနောက် ပြန်စစ်ချိန်မှာ စစ်ရမယ်။ အရပ်ဆေး၊ ဗမာဆေး၊ တရုပ်ဆေး၊ ကုလားဆေး၊ ဖေ့စ်ဘွတ်ဆေးတွေ မသင့်မှန်ပါ။
Dr. တင့်ဆွေ

Comments
Post a Comment