Dream အိပ်မက်လှလှမက်ကြပါစေ
(ရေးထာတာ ၁၀ နှစ်ရှိပြီ။)
၁။ ဆရာရှင့် ကျွန်မအသက် ၂၁ပါ။ ကျမညတိုင်းအိမ်မက်မမက်တဲ့နေ့ မရှိသလောက်ပါပဲ အိမ်မက်အမြဲတမ်းမက်တာ ကျန်းမာရေးနဲ့ဆိုင်လား သိချင်လို့ပါ။
၂။ သမီး မေးသင့်မမေးသင့်စဉ်းစားနေတာတော့ကြာပါပြီ။ အခုသမီးအသက် ၂၈ နှစ်ပါ။ အိမ်ထောင်မရှိပါဘူး။ သမီးနေ့တိုင်း အိပ်ပျော်ရင်အိပ်မက်မက်တာ ၁ နှစ်ကျော်ပါပြီ။ အိပ်ရေးမဝသလိုခံစားနေရတယ်ဆရာ။ အိပ်မက် မမက်အောင် နည်းလမ်းကောင်းများရှိရင် ညွှန်ပြပေးလို့ရမလားဆရာ။ အဲဒီမေးခွန်းက ဆရာအတွက်ဟာသဖြစ်မှာလည်း စိုးရိမ်မိပါတယ်ဆရာ။ ဒါပေမဲ့နေ့တိုင်း တနေ့တမျိုးမရိုးအောင်မက်နေတဲ့ အိပ်မက်တွေကို စိတ်ကုန်လို့ပါဆရာ။ ဆရာရဲ့တန်ဖိုးရှိတဲ့အချိန်တွေ သမီးမေးခွန်းကြောင့် ကုန်သွားမှာလည်းစိုးရိမ်မိပါတယ်။ ဆရာအားတဲ့အချိန်ကျရင် သမီးအတွက် နည်းလမ်းကောင်းများပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်ရှင့်။
၃။ ဆရာခင်ဗျား ကျွန်တော် ညတိုင်း အိမ်မက်တွေမက်နေလို့ပါ။ ဆရာဝန်တွေကိုလည်းပြဖူးပါတယ်။ အာရုံကြော အားနည်းတယ်လို့ပဲပြောပါတယ်။ ဆရာဝန်ပေးတဲ့ဆေးလည်း တလနီးပါးလောက်သောက်ဘူးပါတယ်။ မသက်ပါဘူးဆရာ။ အရင်ကတော့ တပတ်ကို ၄ ရက်လောက် အိမ်မက်တွေမက်တတ်ပါတယ်။ အခုတော့ နေ့တိုင်း အိမ်မက်မက်နေပါတယ်။ ဒါကြောင့်ဘယ်လိုလုပ်ရမလဲ၊ ဘာဆေးတွေသောက်ရမလဲဆိုတာ အကြံတောင်းခံပါရစေဆရာ။
လူတိုင်းလူတိုင်း အိပ်မက်မက်ကြတယ်။ လူသားတွေရဲ့ အတွေ့အကြုံတရပ်သာဖြစ်တယ်။ အိပ်ပျော်နေတုံး မသိရှိမှုတခု ဖြစ်တယ်။ အာရုံခံမှု၊ ဆုံးဖြတ်နိုင်စွမ်းနဲ့ စိတ်လှုပ်ရှားမှုတွေလဲပါတယ်။ အိပ်မက်မက်နေသူဟာ သူ့အဖြစ်အပျက်အပေါ်မှာ ကောင်းစေ-ဆိုးစေကို ပြုပြင်ယူလို့မရ၊ လွှမ်းမိုးနိုင်စွမ်းမရှိပါ။ Cognitive state ဆိုတာ (စဉ်းစားတွေးခေါ်မှု + သုတရှိမှု + အတွေ့အကြုံ + အာရုံခံနိုင်စွမ်း) ကို လုပ်နိုင်စွမ်းရှိတဲ့ စိတ်ရဲ့အလုပ် ဒါမှမဟုတ် ဖြစ်စဉ်ကိုခေါ်ပါတယ်။ အိပ်မက်မှာ အဲလို စွမ်းရည်တွေ ကင်းမဲ့နေပါတယ်။ တကယ်ဖြစ်ပျက်ခဲ့တာတွေပါနိုင်ပေမဲ့ ဝေဝါးနေမယ်၊ တမျိုးတမည် ပြောင်းနေမယ်။
ဘာလို့ အိပ်မက် မက်ကြသလဲဆိုတာ ရှင်းလင်းပြတဲ့ ဟိုက်ပိုသီးဆစ်အမျိုးမျိုးရှိတယ်။ မတူကြပါ။ မသိစိတ်ကို ထင်ဟပ်တယ်။ ကိုယ်ခန္ဓာနဲ့ ဦးနှောက်ကြားဆက်စပ်မှုကို အိပ်နေတုံးမှာရောင်ပြန်ဟပ်တယ်။ နေ့ခင်းတုံးက ရထားတဲ့ သတင်းအချက်အလက်တွေကို စုဆည်းတာဖြစ်မယ်။ စိတ်ကုစားနည်းတမျိုးဖြစ်တယ်လို့ ယူဆသူကများတယ်။
သုတေသနလုပ်ကြရာမှာ Neuroscientific အာရုံကြောသိပ္ပံ နဲ့ Psychoanalytic စိတ်သရုပ်ခွဲနည်းက မတူကြပါ။ Neuroscientist တွေက အိပ်မက်ဖွဲ့စည်းမှု၊ ထုတ်လုပ်မှု၊ တည်ဆောက်မှုတွေနဲ့ ပြန်ပြောနိုင်စွမ်းတွေကို စိတ်ဝင်စားကြတယ်။ အိပ်စက်ခြင်းရဲ့ Rapid eye movement (REM) မျက်လုံးအမြန်လည်ခြင်း အဆင့်နဲ့ ဆက်စပ်မှုကို ဖေါ်ထုတ်တယ်။ Psychoanalysis စိတ်ခွဲခြမ်းစိတ်ဖြခြင်းမှာ အိပ်မက်ရဲ့အဓိပ္ပါယ်နဲ့ အိပ်မက်မက်သူတွေရဲ့သမိုင်းနဲ့ ဘယ်လို ဆက်စပ်သလဲကို စိတ်ဝင်စားကြပါတယ်။ တချို့အိပ်မက်တွေဟာ စိတ်ကူးယဉ်ဝတ္တုတွေလိုပဲ။ တကယ်မရှိပေမဲ့ ရှိသယောင်၊ ဖြစ်သယောင် ထင်မှတ်စေတယ်။
အိပ်စက်ခြင်းအဆင့်များ
အဆင့် (၁) = အိပ်ပျော်စအချိန်၊ မျက်လုံးက ဖြေးဖြေးလေးလည်နေမယ်၊ ကြွက်သား အလုပ်တွေနှေးလာမယ်၊ အိပ်ရေးတခုရဲ့ ၄-၅% ကြာတယ်။
အဆင့် (၂) = မျက်လုံးလည်နေတာရပ်ပြီ၊ ဦးနှောက်လှိုင်းတွေနှေးလာမယ်၊ တချက်တချက် လှိုင်းအမြန်တွေဖြစ်မယ်။ အိပ်ရေးတခုရဲ့ ၄၅-၅၅% ကြာတယ်။
အဆင့် (၃) = ဦးနှောက်လှိုင်းတွေ သိသိသာသာနှေးလာမယ်၊ 'ဒယ်လ်တာ' လှိုင်းခေါ်တယ်။ ကြားထဲမှာ အမြန်လှိုင်းတွေ ပါနေမယ်။ ၄-၆% ကာလကြာတယ်။
အဆင့် (၄) = ဦးနှောက်က ‘ဒယ်လ်တာ’ လှိုင်းတွေသာရှိလာမယ်။ ဒီအချိန်မျိုးမှာ နှိုးဘို့မလွယ်ဘူး။ နိုးလာရင်လဲ ကယောက်ကတန်းနေအုံးမယ်။ ၁၂-၁၅% ကြာတယ်။ အဆင့် ၃ နဲ့ ၄ ကို နှစ်ခြိုက်စွာအိပ်ပျော်နေခြင်းလို့ သတ်မှတ်တယ်။
အဆင့် (၅) = REM မျက်လုံးအမြန်လည်ခြင်းအဆင့်။ မျက်လုံးလည်တဲ့လားရာက နေရာတိုင်းဆီကိုဖြစ်တယ်။ အသက်ရှူတာ မမှန်၊ တိမ်မယ်။ ခြေ-လက် ကြွက်သားတွေက ယာယီလေဖြတ်နေသလိုနေမယ်။ နှလုံးခုန်မြန်မယ်။ သွေးဖိအားတက်မယ်။ ယောက်ျားတွေ Morning wood လိင်အင်္ဂါသန်မာမှုရှိမယ်။ ဒီအချိန်မှာနိုးလာရင် အဆီအငေါ်မတည့်တာတွေ ထင်မြင်နေမယ်။ ၂၀-၂၅% ကြာတယ်။
အိပ်မက်ထဲမှာ မအိပ်ခင်လေးက စိတ်ထဲမှာထားခဲ့တဲ့ အဖြစ်အပျက်ဖြစ်နိုင်တယ်။ ဥပမာ စာမေးပွဲရှိလို့ စာဖတ်နေတဲ့ ကျောင်းသား။
အိပ်မက်ထဲမှာ ဘယ်ဇာတ်ဆောင်သူတွေပါသလဲ
• ကိုယ်သိထားသူတွေကိုမက်တာ = ၄၈%၊ ဒီအထဲမှာ ၃၂% က အသွင်အပြင်နဲ့သိတာ၊ ၂၁% အမူအယာနဲ့သိတာ၊ ၄၅% မျက်နှာအရသိတာ၊ ၄၄% သိယုံသာသိတာ။
• အဲဒီလူတွေရဲ့ အလုပ်အကိုင်၊ အမျိုးတော်တာကိုသိတာ = ၃၅%၊
• ခွဲခြားမပြောနိုင်တာ = ၁၆%၊
ဇာတ်လမ်းဇာတ်ကွက်
အိမ်မက်ထဲက ဇာတ်လမ်းတွေဟာ ကိုယ်မကြိုက်တာကို နှိမ်ထားတာနဲ့ ဆက်စပ်နေတတ်တယ်။ အိပ်ရေး ကောင်းကောင်းအိပ်ရတဲ့ လူ ၁၅ ယောက်ကို သူတို့မကြိုက်တာကို မအိပ်ခင် ၅ မိနစ်မှာ နှိမ်ပေးထားခိုင်းတယ်။ သူတို့အိပ်မက်တွေမှာ အဲတာတွေများနေတာ တွေ့သိလာရတယ်။ အဲလိုနှိမ်ထာတတ်တဲ့အလေ့အထက စိတ်ဝေဒနာ ဖြစ်စေနိုင်တယ်။ အပြုသဘောဆောင်တာ (နှင်းဆီမွှေး) လုပ်ပေးထားရင် အကောင်းအိပ်မက် မက်စေနိုင်တယ်။ ကြက်ဥပုပ်ကနေ ဆိုးတဲ့ အိပ်မက် မက်စေတယ်။
အာရုံခံမှု
မိုင်ဂရင်း ခေါင်းမူးရောဂါသည်တွေမှာ အနံ့ အရသာနဲ့ဆိုင်တဲ့အိပ်မက် ရစေတာများတယ်။ တယောသံ၊ ဂီတသံပါတဲ့ အိပ်မက်မျိုးကနေ တေးဂီတကိုလိုက်စားဘို့ဦးတည်စေနိုင်တယ်။
နာကျင်မှု
မီးလောင်ခံထားရသူ ၂၈ ယောက်ကိုမေးတယ်။ ၃၉% မှာ နာကျင်မှုပါတယ်။
အသက်အရွယ်
ကလေးဘဝကနေ အရွယ်ရလာရင် ပိုမက်တယ်။ အသက်အိုလာရင် အိုသလောက် ပိုမများတော့ပါ။ အသက်ကြီးသူတွေမှာ ပြင်းပြတဲ့ အိမ်မက်မျိုးနည်းလာတယ်။ အဲလို တရွေ့ရွေ့ဖြစ်စဉ်က အမျိုးသားတွေမှာ ပိုမြန်ဆန်တယ်။ ယောက်ျား ၁ဝ၈ ယောက်၊ မိန်းမ ၁၁ဝ ယောက်ကို လေ့လာတဲ့အခါ ကြမ်းတမ်းမှု၊ မိတ်ဖက်ဖြစ်မှု၊ လိင်ကွဲပြားမှု၊ လက်နက်ပါခြင်း၊ အဝတ်အစား၊ စတာတွေမှာ ကွာခြားမှုမသိသာဘူး။ နောက်လေ့လာမှုတခုမှာ ယောက်ျားတွေက ကြမ်းတမ်းမှုအိပ်မက် ပိုမက်တာ တွေ့ရတယ်။
REM sleep အိပ်နေတုံးမှာ မျက်လုံးအမြန်လည်ခြင်း ပြည့်သွားတဲ့အဆင့်မတိုင်မီမှာ လူဟာ လေဖြတ်နေသလို ဖြစ်နေတယ်။ ဦးနှောက် စတင်မ် ကနေ ဂလိုက်ဆင်းထုတ်ပေးလို့ဖြစ်တယ်။ အဲဒီ REM sleep အဆင့်မှာ အိပ်မက် အများဆုံးမက်ကြတယ်။ ဒါကြောင့်အိပ်မကနေ နိုးထဘို့ ခက်ခဲစေတယ်။
အိပ်စက်သံသရာစက်ဝိုင်းတခုဟာ ၉၀-၁၁၀ မိနစ်ကြာတယ်။ ပဌမ REM sleep ကာလဟာ ၇၀-၉၀ မိနစ်အကြာမှာ ရောက်ရှိတယ်။ ညစဉ်ညတိုင်း ပဌမစက်ဝိုင်းမှာ REM periods အတိုတွေနဲ့ Deep sleep အရှည်ရောနေတယ်။ အိပ်စက်မှု ကြာလာလေလေ REM sleep ကာလတိုးလာပြီး၊ Deep sleep နှစ်နှစ်ခြိုက်ခြိုက်အပ်ခြင်းတိုလာတယ်။ မနက်ခင်း (အိပ်ယာနိုးကာနီး) မှာ အဆင့် (၁)၊ (၂) နဲ့ REM တွေဖြစ်နေတယ်။
Slow-wave sleep လှိုင်းတိုအိပ်မက်က Hippocampal နဲ့ Neocortical circuits ကြားဆက်စပ်နေပြီး မှတ်ဉာဏ်ထဲကဟာတွေပါမယ်။
REM sleep အိပ်မက်မျိုးမှာပါတာတွေကို Neocortical activation ခေါ်ပြီး ဝေဝါးနေမယ်။ အပိုင်းအစလေးတွေ ဖြစ်နေမယ်။ တချို့ တညမှာ အိပ်မက်ပေါင်း ၃-၆ ခုအထိမက်တယ်။ တခုစီဟာ ၅-၂၀ မိနစ်ကြာတယ်။ Sleep disorders အိပ်ရေးမဝတဲ့ရောဂါရှိသူတွေမှာ အိပ်မက်ကို ပြန်အမှတ်ရတာ ပိုကဲတယ်။
အိပ်မက်မက်ကြပေမဲ့ တချို့က မမှတ်မိကြ။ တချို့ တမင်တကာ ပြန်စဉ်းစားမနေကြ။ တချို့က အလေးအနက်ထားတယ်။ အထအနကောက်တယ်။ ပစ္စည်းဥစ္စာ၊ ဥစ္စာစောင့်သိုက်လိုဟာ အိပ်မက်ထဲမှာပါရင် သူများမပြောပဲသွာရှာရင်တွေမယ်လို့ ထင်တဲ့သူတွေရှိတယ်။ နိမိတ်ဖတ်ဆရာတွေကို မေးမြန်းတာလုပ်တယ်။ ဆရာဝန်အပါအဝင် ဘယ်ဆရာကမှ အတိအကျ မပြောနိုင်ကြပါ။
Night terrors သူရဲစီးခံရခြင်း https://doctortintswe.blogspot.com/2016/02/night-terrors.html
Sleep paralysis ဘီလူးစီးခြင်း http://doctortintswe.blogspot.com/2016/10/sleep-paralysis.html
Nightmares အိပ်မက်ဆိုးများ http://doctortintswe.blogspot.com/2014/11/sleep-disorders.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment