Cognitive Aging Explained အသိဉာဏ် အိုမင်းခြင်း ရှင်းလင်းချက်

အသက်ကြီးလာသည်နှင့်အမျှ ကျွန်ုပ်တို့၏ ဦးနှောက်လည်း အိုမင်းလာသည်။ အသိဉာဏ် အိုမင်းခြင်းသည် သဘာဝဖြစ်စဉ်တခုဖြစ်ပြီး အကျိုးကောင်းနှင့် အကျိုးဆိုး နှစ်မျိုးလုံး ဖြစ်ပေါ်နိုင်သည်။ ထိုအကျိုးသက်ရောက်မှုများသည် လူတဦးနှင့်တဦး မတူကွဲပြားကြသည်။ ဦးနှောက်များသည် အမြန်နှုန်း မတူ၊ ပုံစံ မတူဘဲ အိုမင်းကြသည်။

အသိဉာဏ် အိုမင်းခြင်းသည် ရောဂါတမျိုး မဟုတ်ကြောင်း သတိထားရမည်။ အသက်ကြီးလာခြင်းနှင့် ဆက်နွယ်သော ဦးနှောက်ပြောင်းလဲမှုများသည် မွေးဖွားချိန်မှ စတင်၍ အသက်တာတလျှောက်လုံး ဆက်လက်ဖြစ်ပေါ်နေသော သဘာဝဖြစ်စဉ်၏ အစိတ်အပိုင်းတခုဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ ပညာရည်မြင့်မားမှု၊ ကျွမ်းကျင်မှု၊ ဝေါဟာရပမာဏတို့ တိုးပွားလာနိုင်သော်လည်း အချက်အလက် ကိုင်တွယ်လုပ်ဆောင်နှုန်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းနှင့် မှတ်ဉာဏ်အမျိုးအစားအချို့တို့ လျော့နည်းလာနိုင်သည်။

အသက် ၆၅ နှစ်နှင့် အထက် လူများ၏ ၈၇ ရာခိုင်နှုန်းခန့်တွင် သဘာဝအိုမင်းခြင်းကြောင့် အသိဉာဏ် ပြောင်းလဲမှုများ အနည်းအများ ဖြစ်ပေါ်နိုင်သည်ဟု တွေ့ရှိရသော်လည်း နောက်ကျအရွယ်တွင်လည်း အသိဉာဏ် ကျန်းမာရေးကို ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့်ချက်နှင့် ယုံကြည်ချက်များ တိုးပွားလာနေသည်။ ထိုသို့ဖြစ်ပါက လူများသည် ကိုယ်တိုင်လွတ်လပ်စွာ နေထိုင်နိုင်ပြီး အသက်ရှည်ဘဝ၏ အကျိုးကျေးဇူးများကို ပိုမိုခံစားနိုင်မည်ဖြစ်သည်။

အသိဉာဏ် အိုမင်းခြင်းကို တားဆီး၍ မရနိုင်သော်လည်း ဦးနှောက်နှင့် အသိဉာဏ် ကျန်းမာရေးကို အကောင်းဆုံးအဆင့်သို့ မြှင့်တင်နိုင်သည်။

အသိဉာဏ် ကျန်းမာရေး ထိန်းသိမ်းရန် အကြံပြုချက်များ

ကိုယ်ခန္ဓာ ကျန်းမာရေးကို စောင့်ရှောက်ပါ

သင့်အသက်အရွယ်နှင့် ကိုက်ညီသည့် ကျန်းမာရေး စစ်ဆေးမှုများကို ပြုလုပ်ပါ။

ဆီးချို၊ သွေးဖိအားမြင့်ရောဂါ၊ စိတ်ကျရောဂါ၊ ကိုလက်စထရောမြင့်ခြင်း စသော ရေရှည်ရောဂါများကို ထိန်းချုပ်ပါ။

သောက်သုံးနေသော ဆေးဝါးများနှင့် ၎င်းတို့၏ မှတ်ဉာဏ်၊ အိပ်စက်မှုနှင့် ဦးနှောက်လုပ်ဆောင်ချက်များအပေါ် ဖြစ်နိုင်သည့် ဘေးထွက်ဆိုးကျိုးများကို ကျန်းမာရေးပေးသူနှင့် ဆွေးနွေးပါ။

ဆေးလိပ်သောက်နေပါက ရပ်တန့်ပါ၊ နီကိုတင်းပါဝင်သည့် ထုတ်ကုန်များကိုလည်း ရှောင်ကြဉ်ပါ။

ညတိုင်း ၇–၈ နာရီခန့် လုံလောက်စွာ အိပ်စက်ပါ။

သွေးဖိအားမြင့်ခြင်းကို ထိန်းချုပ်ပါ

သွေးဖိအားမြင့်ခြင်းကို ကာကွယ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းသည် နှလုံးကျန်းမာရေးသာမက ဦးနှောက်ကျန်းမာရေးအတွက်လည်း အကျိုးရှိနိုင်သည်။ လေ့လာချက်များအရ အသက် ၄၀ မှ ၆၀ အစောပိုင်းအထိ အရွယ်တွင် သွေးဖိအားမြင့်ခြင်းရှိပါက နောက်ပိုင်းဘဝတွင် အသိဉာဏ် လျော့နည်းနိုင်ခြင်း၏ အန္တရာယ် မြင့်တက်လာနိုင်ကြောင်း တွေ့ရှိရသည်။

ကျန်းမာရေးကောင်းသော အစားအစာများ စားပါ

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၊ အပြည့်အဝစပါးမျိုးများ၊ အဆီနည်း အသား၊ ငါးနှင့် ကြက်သားများ၊ အဆီနည်း သို့မဟုတ် အဆီမပါ နို့ထွက်ပစ္စည်းများ ပါဝင်သည့် မျှတသော အစားအစာပုံစံကို လိုက်နာခြင်းသည် ရေရှည်ရောဂါများ အန္တရာယ်ကို လျှော့ချနိုင်ပြီး ဦးနှောက်ကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်သည်။

အစားအစာ ပမာဏကို ထိန်းချုပ်ပါ။

ရေလုံလောက်စွာ သောက်၍ ကိုယ်ခန္ဓာကို ရေဓာတ်လုံလောက်စေပါ။

အမာအဆီ၊ သကြားနှင့် ဆား အသုံးပြုမှုကို ကန့်သတ်ပါ။

အရက် သောက်သုံးမှုကို ကန့်သတ်ပါ။

ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ

အဆက်မပြတ် ကိုယ်လက်လှုပ်ရှားမှုများသည် ဦးနှောက်နှင့် အသိဉာဏ်အတွက် အကျိုးရှိကြောင်း ဆက်နွယ်လေ့လာချက်များတွင် ဖော်ပြထားသည်။ လျင်မြန်စွာ လမ်းလျှောက်ခြင်းကဲ့သို့သော အောက်စီဂျင်အသုံးပြု လေ့ကျင့်ခန်းများသည် ဆန့်ခြင်းနှင့် ကိုယ်ခန္ဓာတင်းတိပ်စေသော လေ့ကျင့်ခန်းများထက် အသိဉာဏ်ကျန်းမာရေးအတွက် ပိုမိုအကျိုးရှိနိုင်သည်ဟု ယူဆကြသည်။ နေ့စဉ် မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန် ကြိုးစားပါ။

စိတ်ဉာဏ်ကို လှုပ်ရှားနေစေပါ

ဉာဏ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများတွင် ဆက်လက်ပါဝင်နေခြင်းသည် ဦးနှောက်အတွက် အကျိုးရှိနိုင်သည်။ စေတနာ့ဝန်ထမ်းအလုပ်များ၊ ကိုယ်ပိုင်ဝါသနာများတွင် ပါဝင်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း သို့မဟုတ် ဘာသာစကားအသစ် သင်ယူခြင်းကဲ့သို့ ကျွမ်းကျင်မှုအသစ်များ လေ့လာခြင်းတို့သည် စိတ်ကျေနပ်မှုနှင့် ကျန်းမာရေးကို တိုးတက်စေသည့်အပြင် စဉ်းစားနိုင်စွမ်းကိုလည်း ကူညီပေးနိုင်သည်။

စိတ်ဉာဏ် လှုပ်ရှားနေစေရန် ပြုလုပ်နိုင်သည့် လှုပ်ရှားမှုများမှာ —

စာအုပ်များ သို့မဟုတ် မဂ္ဂဇင်းများ ဖတ်ပါ။

ဂိမ်းများ ကစားပါ။

ဝါသနာအသစ် သို့မဟုတ် ကျွမ်းကျင်မှုအသစ် တခု သင်ယူပါ။

သင့်အသိုင်းအဝိုင်းတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ပါ။

စိတ်ဖိစီးမှုကို စီမံပါ

စိတ်ဖိစီးမှုသည် ဘဝ၏ သဘာဝအစိတ်အပိုင်းတခုဖြစ်သော်လည်း ရေရှည် စိတ်ဖိစီးမှုသည် ဦးနှောက်ကို ထိခိုက်စေနိုင်ပြီး မှတ်ဉာဏ်ကို ထိခိုက်စေကာ အယ်လ်ဇိုင်မာရောဂါနှင့် ဆက်နွယ်သော မှတ်ဉာဏ်ချို့ယွင်းရောဂါများ၏ အန္တရာယ်ကို တိုးမြှင့်စေနိုင်သည်။

အောက်ပါ နည်းလမ်းများသည် စိတ်ဖိစီးမှုမှ ပြန်လည်တည်ငြိမ်နိုင်စွမ်း တိုးမြှင့်ရန် ကူညီနိုင်သည် —

ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ပါ။

နေ့စဉ်မှတ်တမ်း ရေးသားပါ။

စိတ်လျှော့နည်းများ လေ့ကျင့်ပါ။

လူမှုဆက်ဆံရေး ဆက်လက်ထားရှိပါ

လူမှုလှုပ်ရှားမှုများနှင့် အသိုင်းအဝိုင်း အစီအစဉ်များမှတဆင့် လူများနှင့် ဆက်သွယ်နေခြင်းသည် ဦးနှောက်ကို လှုပ်ရှားနေစေပြီး သင့်ပတ်ဝန်းကျင်လောကနှင့် ဆက်နွယ်နေစေသည်။ လူမှုလှုပ်ရှားမှုများတွင် ပါဝင်ခြင်းသည် ကျန်းမာရေးပြဿနာအချို့၏ အန္တရာယ်ကို လျှော့ချနိုင်ပြီး လူမှုကောင်းကျိုးကို တိုးတက်စေနိုင်သည်။ လေ့လာချက်များအရ လူမှုလှုပ်ရှားမှုများသည် အသိဉာဏ်လုပ်ဆောင်ချက်များကိုလည်း တိုးတက်စေနိုင်ကြောင်း ပြထားသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ