နှာခေါင်းသွေးယိုခြင်း (Epistaxis) - ရှေးဦးသူနာပြုစုနည်း
နှာခေါင်းသွေးယိုခြင်းကို ဆေးပညာအရ Epistaxis ဟု ခေါ်ဆို၍ ၎င်းသည် အဖြစ်များသော ဝေဒနာတခု ဖြစ်၏။ နှာခေါင်းအတွင်းရှိ နုနယ်သော သွေးကြောလေးများ ပေါက်ထွက်သောအခါ နှာခေါင်းသွေးယိုခြင်း ဖြစ်ပွားတတ်သည်။ ရာသီဥတုအကူးအပြောင်း၊ ခြောက်သွေ့ခြင်း၊ နှာခေါင်းနှိုက်ခြင်း၊ အချို့သော ဆေးဝါးများနှင့် ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် နှာခေါင်းသွေးယိုတတ်သည်။ သွေးကျဲဆေး သောက်နေရသူများတွင် အခြားသူများထက် ပို၍ သွေးယိုတတ်သည်။ အများအားဖြင့် နှာခေါင်းသွေးယိုခြင်းသည် စိတ်အနှောင့်အယှက် ဖြစ်ရရုံမျှသာ ဖြစ်ပြီး စိုးရိမ်ရသော ဆေးပညာဆိုင်ရာ ပြဿနာမဟုတ်သော်လည်း တခါတရံတွင် အန္တရာယ်ရှိနိုင်သည်။
အရေးပေါ်အကူအညီ ရယူရန် -
သွေးထွက်လွန်းခြင်း (ထင်ထားသည်ထက် ပို၍ထွက်ခြင်း)။
သွေးယိုခြင်းသည် မိနစ် ၃၀ ထက် ကျော်လွန်ခြင်း။
မူးဝေခြင်း သို့မဟုတ် သတိလစ်ချင်သကဲ့သို့ ဖြစ်ခြင်း။
ချော်လဲခြင်း သို့မဟုတ် မတော်တဆ ထိခိုက်မှုဖြစ်ပြီးနောက် နှာခေါင်းသွေးယိုခြင်း။ (ဦးခေါင်း သို့မဟုတ် မျက်နှာတွင် ဒဏ်ရာရပြီးနောက် သွေးယိုခြင်းသည် နှာခေါင်းရိုးကျိုးသွားခြင်းကို ဆိုလိုနိုင်သောကြောင့် ဖြစ်၏။)
ကုသပြုစုနည်း
၁။ မတ်မတ်ထိုင်၍ ရှေ့သို့ အနည်းငယ် ကိုင်းပေးပါ - ဦးခေါင်းကို မတ်မတ်ထားပါ။ သွေးများ လည်ချောင်းထဲသို့ မစီးသွားစေရန် ရှေ့သို့ ကိုင်းထားပါ။ လည်ချောင်းထဲသို့ သွေးများဝင်ပါက သီးခြင်း သို့မဟုတ် ရင်ခေါင်းတုန်ခြင်း၊ အော့အန်ခြင်းများ ဖြစ်နိုင်သောကြောင့် ဖြစ်၏။
၂။ နှာခေါင်းကို ညင်သာစွာ ညှစ်ထုတ်ပါ - နှာခေါင်းအတွင်း ပိတ်ဆို့နေသော သွေးခဲများကို ဖယ်ရှားရန် ဖြစ်၏။
၃။ နှာခေါင်းကို ညှစ်ထားပါ - လက်မနှင့် လက်ညှိုးကို အသုံးပြု၍ နှာခေါင်းပေါက် နှစ်ဖက်လုံးကို ပိတ်အောင် ညှစ်ထားပါ။ ပါးစပ်ဖြင့် အသက်ရှူပါ။ (၁၀) မိနစ်မှ (၁၅) မိနစ်ခန့်အထိ မလွှတ်ဘဲ ညှစ်ထားပါ။ ဤသို့ ညှစ်ထားခြင်းသည် သွေးကြောများကို ဖိအားပေးရာရောက်သဖြင့် သွေးထွက်ခြင်းကို ရပ်တန့်စေနိုင်ပါသည်။
သွေးမတိတ်သေးပါက နောက်ထပ် (၁၅) မိနစ်ခန့် ထပ်မံညှစ်ထားပါ။ သွေးတိတ်၊ မတိတ် စစ်ဆေးရန်အတွက်ပင် (၅) မိနစ်အတွင်း လက်ကို မလွှတ်ပါနှင့်။ ဒုတိယအကြိမ် ညှစ်သော်လည်း သွေးမတိတ်ပါက အရေးပေါ်ကုသမှုကို ခံယူပါ။
ထပ်မံ၍ သွေးမယိုစေရန် ကာကွယ်ခြင်း
နှာခေါင်းနှိုက်ခြင်း၊ နှာညှစ်ခြင်းများကို ရှောင်ကြဉ်ပါ။ ဦးခေါင်းကို နှလုံးထက်နိမ့်အောင် ငုံ့ထားခြင်းနှင့် လေးလံသော ပစ္စည်းများကို မခြင်းတို့ကို နာရီပေါင်းများစွာ ရှောင်ကြဉ်ရမည်။ နှာခေါင်းအတွင်းသို့ ဆားရည်ဂျယ်လ် (Saline Gel)၊ ပိုးသတ်ဆေးပါသော လိမ်းဆေး (Antibiotic Ointment) သို့မဟုတ် ဗက်စလင်း (Vaseline) တို့ကို ညင်သာစွာ သုတ်လိမ်းပေးပါ။ နှာခေါင်း၏ အလယ်နံရံ (Septum) နေရာကို အဓိက သုတ်လိမ်းပေးရန် လိုအပ်သည်။ ရေနွေးငွေ့ ရှူပေးခြင်း၊ လေထုစိုထိုင်းဆ ထိန်းညှိစက် အသုံးပြုခြင်း သို့မဟုတ် နှာခေါင်းရိုးပေါ်တွင် ရေခဲအိတ် ကပ်ပေးခြင်းတို့သည်လည်း အထောက်အကူ ဖြစ်စေနိုင်ပါသည်။
အကယ်၍ ထပ်မံ၍ သွေးယိုပါက အထက်ပါ ရှေးဦးသူနာပြုစုနည်းအတိုင်း ထပ်မံဆောင်ရွက်ပါ။ ဤအကြိမ်တွင် နှာခေါင်းညှစ်ပြီးနောက် အောက်ဆီမီတာဇိုလင်း (Oxymetazoline) ပါဝင်သော နှာခေါင်းဖြန်းဆေး (ဥပမာ - Afrin) ကို နှာခေါင်းပေါက် နှစ်ဖက်လုံး၌ ဖြန်းပေးပါ။ ထို့နောက် နှာခေါင်းကို ပြန်၍ ညှစ်ထားပါ။ သို့သော်လည်း သွေးမတိတ်ပါက ဆရာဝန်နှင့် ပြသ၍ ကုသမှု ခံယူပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment