Hepatitis A အသည်းရောင် အသားဝါ
အင်္ဂလိပ်သတင်းတခု ဘာသာပြန်
ထိုင်းနိုင်ငံတွင် အသည်းရောင် အသားဝါ (A) ပိုး ကူးစက်မှု မြင့်တက်လာခြင်းဆိုင်ရာ သတိပေးချက် (ဧပြီ၊ ၂၀၂၆)
၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ထိုင်းအစိုးရသည် နွေရာသီကာလအတွင်း အသည်းရောင် အသားဝါ (A) ပိုး ကူးစက်မှုနှုန်း သိသိသာသာ မြင့်တက်လာခြင်းနှင့် ပတ်သက်၍ အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ထားပါသည်။ ကူးစက်မှုနှုန်းမှာ ၂၀၂၅ ခုနှစ်၊ အလားတူကာလနှင့် နှိုင်းယှဉ်ပါက နှစ်ဆခန့် ပိုမိုများပြားလာခြင်း ဖြစ်ပါသည်။
နောက်ဆုံးရ အခြေအနေ အစီရင်ခံစာ
လျင်မြန်စွာ ကူးစက်ခြင်း: ဘန်ကောက်၊ ချွန်ပူရီ၊ ရယောင်းနှင့် ချန်သဘူရီတို့ အပါအဝင် ထိုင်းနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် ကူးစက်မှုနှုန်း နှစ်ဆ တိုးလာပါသည်။
စက်ရုံတွင်း ကူးစက်မှု: ချွန်ပူရီရှိ စက်ရုံ တခုတွင် အလုပ်သမား ၅၅ ဦးထက်မနည်း ရောဂါကူးစက်ခံရသဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါသည်။
ကူးစက်သည့် အရင်းအမြစ်: ကူးစက်မှုမှာ အလုပ်သမား ထမင်းစားဆောင်ရှိ အမှိုက်ပုံနှင့် နီးကပ်စွာ ထားရှိသော သောက်ရေသန့်စက်မှတဆင့် စတင်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ယူဆရပါသည်။
ကိန်းဂဏန်းများ: ဧပြီလကုန်အထိ ရောဂါကူးစက်ခံရသူ ၆၇၂ ဦးခန့် ရှိနေပြီး အသက် ၃၀ မှ ၃၉ နှစ်ကြား အရွယ်များတွင် အများဆုံး တွေ့ရှိရပါသည်။
ပတ်ဝန်းကျင် အခြေအနေ: အပူချိန် မြင့်မားသော ဧပြီနှင့် မေလများတွင် မသန့်ရှင်းသော အစားအစာ၊ ရေနှင့် ရေခဲများမှတဆင့် ရောဂါကူးစက်နိုင်ခြေ ပိုမိုမြင့်မားပါသည်။
အစိုးရ၏ အကြံပြုချက်နှင့် လိုက်နာရန်များ
တကိုယ်ရေ သန့်ရှင်းမှု: အစားအစာများကို ကျက်အောင် ချက်ပြုတ်စားရန်၊ သန့်ရှင်းသောရေ သို့မဟုတ် ရေသန့်ဗူးကိုသာ သောက်ရန်၊ မသန့်ရှင်းသော ရေခဲများကို ရှောင်ကြဉ်ရန်နှင့် လက်ကို ပုံမှန်ဆေးကြောရန် ရောဂါထိန်းချုပ်ရေးဌာနက တိုက်တွန်းထားပါသည်။
ရောဂါလက္ခဏာများ: ဖျားခြင်း၊ နုံးချည့်ခြင်း၊ ပျို့အန်ခြင်း၊ ဆီးအရောင် ရင့်ခြင်းနှင့် မျက်လုံး သို့မဟုတ် အသားဝါခြင်းတို့မှာ အဓိက လက္ခဏာများ ဖြစ်ပါသည်။
ရောဂါပျိုးချိန်: ဗိုင်းရပ်စ်သည် ပျမ်းမျှ ၂၈ ရက်ခန့် ရောဂါပျိုးချိန်ရှိသဖြင့် ကူးစက်သည့် အရင်းအမြစ်ကို ရှာဖွေရန် ခက်ခဲလေ့ရှိပါသည်။
ကာကွယ်ခြင်း: ရေရှည် ခုခံအားရရှိရန်အတွက် ကာကွယ်ဆေး ထိုးနှံထားကြရန် အာဏာပိုင်များက အကြံပြုထားပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment