LDL Cholesterol ကိုလက်စထရော

LDL ကိုလက်စထရောကို သတ်မှတ်ချက်ထက် ပိုမိုလျှော့ချခြင်းဖြင့် နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ခြင်း

ခန္ဓာကိုယ်အတွင်း၌ ကိုလက်စထရော (Cholesterol) အဓိက တမျိုး နှစ်စားရှိရာ ၎င်းတို့မှာ HDL ခေါ် "အကောင်း" ကိုလက်စထရောနှင့် LDL ခေါ် "အဆိုး" ကိုလက်စထရောတို့ ဖြစ်ကြသည်။

သွေးအတွင်း LDL ကိုလက်စထရော မြင့်မားခြင်းသည် သွေးလွှတ်တော်နံရံများ ထူခြင်း (Atherosclerosis) နှင့် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါ (ASCVD) များဆီသို့ ဦးတည်သွားစေနိုင်သည်။ များသောအားဖြင့် LDL ကိုလက်စထရော မြင့်မားခြင်းကို နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် ဆေးဝါးများသုံးစွဲခြင်း အပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် ကုသလေ့ရှိသည်။

မကြာသေးမီက တင်ပြခဲ့သော သုတေသနပြုချက် တခု အရ ကိုလက်စထရောလျှော့ချသည့် ဆေးဝါးများကို ပိုမိုထိရောက်စွာ အသုံးပြုပြီး LDL ကိုလက်စထရောပမာဏကို လျှော့ချခြင်းသည် ပြင်းထန်သော နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချရာတွင် အထောက်အကူပြုနိုင်ကြောင်း သိရသည်။

HDL နှင့် LDL တို့၏ ကွာခြားချက်

HDL သည် သွေးကြောအတွင်းရှိ ပိုလျှံနေသော ကိုလက်စထရောများကို အသည်းသို့ ပြန်လည်သယ်ဆောင်ပေးပြီး ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်နိုင်ရန် ကူညီပေးသဖြင့် သွေးကြောများကို ကာကွယ်ပေးသူဟု ဆိုနိုင်သည်။

အခြား တဖက် တွင်မူ LDL သည်လည်း ကိုလက်စထရောကို သွေးကြောအတွင်း သယ်ဆောင်ပေးသော်လည်း ပမာဏများပြားလာသောအခါ သွေးလွှတ်တော်နံရံများပေါ်တွင် အနယ်ကျလာပြီး သွေးကြောများကို ကျဉ်းစေသည့် အဖတ်များ (Plaque) ဖြစ်ပေါ်စေသည်။ ထိုအခါ နှလုံးမှ သွေးညှစ်ထုတ်ရန် ပိုမိုခက်ခဲလာပြီး ဆေးပညာအရ ၎င်းကို Atherosclerosis ဟု ခေါ်ဆိုသည်။

Atherosclerosis ဖြစ်နေသူများသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ ခြေလက်သွေးကြောကျဉ်းရောဂါနှင့် ကျောက်ကပ်သွေးကြောကျဉ်းရောဂါ စသည့် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါ (ASCVD) များ ဖြစ်ပွားနိုင်ခြေ ပိုများသည်။ ထို့ပြင် နှလုံးတိုက်ခိုက်ခံရခြင်း (Heart attack) နှင့် လေဖြတ်ခြင်း (Stroke) တို့လည်း ဖြစ်ပွားနိုင်သည်။

သုတေသနအသစ်၏ တွေ့ရှိချက် (ACC.26)

အမေရိကန်နှလုံးရောဂါဗေဒကောလိပ် (American College of Cardiology) ၏ နှစ်ပတ်လည် သိပ္ပံညီလာခံ (ACC.26) တွင် တင်ပြချက်အရ LDL ကိုလက်စထရောကို ယခင်လမ်းညွှန်ချက်များထက် ပိုမိုလျှော့ချခြင်းက ပိုမိုအကျိုးရှိကြောင်း ဖော်ပြထားသည်။

သုတေသနတွင် ပါဝင်သူများကို အုပ်စု တခု လျှင် LDL ပစ်မှတ် 55 mg/dL အောက်နှင့် အခြား တအုပ်စု ကို 70 mg/dL အောက်ဟူ၍ ခွဲခြားသတ်မှတ်ခဲ့သည်။

သုံးနှစ်တာ လေ့လာမှုအပြီးတွင် -

LDL ပစ်မှတ် 55 mg/dL အောက် ထားရှိသူများတွင် နှလုံးရောဂါဖြစ်ပွားမှုနှုန်းမှာ ၆.၆ ရာခိုင်နှုန်း ရှိသည်။

LDL ပစ်မှတ် 70 mg/dL အောက် ထားရှိသူများတွင်မူ ၉.၇ ရာခိုင်နှုန်း အထိ ရှိသည်ကို တွေ့ရသည်။

သုတေသနပညာရှင်များ၏ အဆိုအရ ဤတွေ့ရှိချက်သည် LDL ကိုလက်စထရောကို ပိုမိုလျှော့ချခြင်းဖြင့် ရောဂါဖြစ်ပွားနိုင်ခြေကို ၃၃ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်ကြောင်း ပြသနေပြီး အထူးသဖြင့် နှလုံးတိုက်ခိုက်ခံရခြင်းနှင့် သွေးကြောပြန်လည်ပွင့်စေသည့် ကုသမှုများ လိုအပ်မှုကို လျှော့ချပေးနိုင်ကြောင်း သိရပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ