Muscle cramps ကြွက်တက်ခြင်းအတွက် အရေးပေါ်ကုသမှုနှင့် ကာကွယ်နည်းများ
ကြွက်တက်ခြင်းသည် မိမိအလိုအလျောက် မဟုတ်ဘဲ ကြွက်သားများ ရုတ်တရက် နာကျင်စွာ ကျုံ့သွားခြင်း ဖြစ်ပါသည်။
၁။ ချက်ချင်းလုပ်ဆောင်ရမည့် ပြုစုမှုများ
ဆွဲဆန့်ခြင်းနှင့် နှိပ်နယ်ခြင်း: တောင့်တင်းနေသော ကြွက်သားကို ဖြည်းညှင်းစွာ ဆွဲဆန့်ပေးပါ။ ခြေသလုံး ကြွက်တက်ပါက ခြေထောက်ကို ဆန့်ထုတ်ပြီး ခြေချောင်းများကို ခြေသလုံးဘက်သို့ ဆွဲတင်ပေးပါ။
အပူ၊ အအေးပေးခြင်း: ကြွက်သားများ ပြေလျော့စေရန် ရေနွေးဝတ်ကပ်ခြင်း သို့မဟုတ် ရေနွေးဖြင့် ချိုးပေးခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ နာကျင်မှု ကျန်ရှိနေပါက ရေခဲဝတ် ကပ်ပေးနိုင်ပါသည်။
ရေနှင့် ဓာတ်ဆားဖြည့်တင်းခြင်း: ရေဓာတ်ခမ်းခြောက်မှုကြောင့် ဖြစ်တတ်သဖြင့် ရေ သို့မဟုတ် ဓာတ်ဆားရည် သောက်ပေးပါ။
၂။ ရေရှည်ကာကွယ်ရန် နည်းလမ်းများ
အာဟာရနှင့် ဓာတ်ဆား: ပိုတက်စီယမ်၊ ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ် ကြွယ်ဝသော အစားအစာများကို စားသုံးပေးပါ။
လေ့ကျင့်ခန်း: အိပ်ရာမဝင်မီ သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်မီနှင့် ပြုလုပ်ပြီးနောက် ကြွက်သားများကို ပုံမှန်ဆွဲဆန့်ပေးသည့် လေ့ကျင့်ခန်း (Stretching) လုပ်ပေးပါ။
ဖိနပ်: သက်သောင့်သက်သာရှိပြီး အထောက်အကူပြုသော ဖိနပ်များကို ရွေးချယ်ဝတ်ဆင်ပါ။
၃။ ဆေးဝါးဖြင့် ကုသခြင်း
အကိုက်အခဲပျောက်ဆေး: Advil (Ibuprofen) သို့မဟုတ် Tylenol တို့သည် ကြွက်တက်ပြီးနောက် ကျန်ရှိသော နာကျင်မှုကို သက်သာစေပါသည်။
ကြွက်သားဖြေလျှော့ဆေး: ကြွက်တက်ခြင်း ပြင်းထန်ပြီး ခဏခဏ ဖြစ်နေပါက ဆရာဝန်ညွှန်ကြားချက်ဖြင့် ကြွက်သားဖြေလျှော့ဆေးများ အသုံးပြုနိုင်ပါသည်။
ဗီတာမင်: ဗီတာမင်ဘီအုပ်စု (Vitamin B complex) သည်လည်း အထောက်အကူပြုနိုင်ပါသည်။
အပြင်လိမ်းဆေးများနှင့် ကပ်ခွာများ (Topicals)
ကြွက်သားနာကျင်မှုနှင့် တောင့်တင်းမှုများအတွက် အောက်ပါအတိုင်း ယာယီသက်သာစေမည့် နည်းလမ်းများကို အသုံးပြုနိုင်ပါသည်။
ပါဝင်ပစ္စည်းများ: မန်သော် (Menthol) သို့မဟုတ် မက်သိုင်းလ် ဆယ်လီဆိုင်းလိတ် (Methyl salicylate) ပါဝင်သော လိမ်းဆေး သို့မဟုတ် ကပ်ခွာများကို အသုံးပြုနိုင်ပါသည်။
နမူနာဆေးဝါးများ: Icy Hot နှင့် Salonpas ကဲ့သို့သော ဆေးများမှာ ထင်ရှားပါသည်။
အကျိုးအာနိသင်: ဤဆေးများသည် အရေပြားပေါ်တွင် အေးမြသော သို့မဟုတ် ပူနွေးသော ခံစားမှုကို ပေးစွမ်းခြင်းဖြင့် နာကျင်မှုကို ခေတ္တခဏ ပြေလျော့သွားစေပါသည်။
အကြံပြုချက်: ဆေးကပ်ခွာများကို အသုံးမပြုမီ အရေပြားပေါ်တွင် အနာတရရှိမရှိ သေချာစွာ စစ်ဆေးသင့်ပြီး၊ ကပ်ထားသည့် နေရာကို အပူပေးစက် (Heating pad) နှင့် တွဲဖက်၍ အသုံးမပြုရန် သတိပြုသင့်ပါသည်။ ဤအပြင်လိမ်းဆေးများသည် တခါတရံ ဖြစ်တတ်သော နာကျင်မှုများအတွက် ပိုမိုထိရောက်ပါသည်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသရမလဲ
အကယ်၍ ကြွက်တက်ခြင်းနှင့်အတူ အောက်ပါလက္ခဏာများ ကြုံတွေ့ရပါက ဆရာဝန်နှင့် ပြသသင့်ပါသည်။
အလွန်အမင်း နာကျင်ခြင်း။
ခြေထောက် ရောင်ရမ်းခြင်း၊ နီမြန်းခြင်း သို့မဟုတ် အရေပြားအရောင် ပြောင်းလဲခြင်း။
ကြွက်သားများ အားနည်းသွားခြင်း။
မိမိဘာသာ ပြုစုကုသသော်လည်း တပတ် ထက်ကျော်လွန်၍ မသက်သာခြင်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment