လေးဘက်နာ (RA) ဝေဒနာရှင်များအတွက်စားသုံးရန် အစာများ




What to Eat When You Have RA

အရိုး အဆစ်များရောင်ရမ်းနာ ဝေဒနာ ခံစားနေရသူများအတွက် မိမိတို့ စားသုံးသော အစာအာဟာရသည် ကျန်းမာရေးအခြေအနေအပေါ် များစွာ သက်ရောက်မှု ရှိပါသည်။ အချို့သော အစာများသည် အဆစ်အမြစ်များ တောင့်တင်းခြင်းနှင့် နုံးချိခြင်း စသည့် ဝေဒနာများကို သက်သာစေနိုင်ပါသည်။ 

မြေထဲပင်လယ်ဒေသပုံစံ စားသောက်ခြင်းသည် ရောင်ရမ်းမှုနှင့် နာကျင်မှုများကို လျော့ကျစေနိုင်ကြောင်း အဆစ်အမြစ်ရောင်ရောဂါ ဖောင်ဒေးရှင်းက အကြံပြုထားပါသည်။

ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ပြီး ရောင်ရမ်းမှုကို လျော့ကျစေနိုင်သည့် အစားအထိုး လမ်းညွှန်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်—

အသားနီများထက် ငါးကို ရွေးချယ်စားသုံးပါ: 

အသားနီ (Red Meat) ဆိုသည်မှာ

နို့တိုက်သတ္တဝါများမှရရှိသော အသားများကို ဆိုလိုခြင်းဖြစ်ပြီး ၎င်းတို့သည် အစိမ်းလိုက်ရှိနေစဉ် အများအားဖြင့် အနီရောင် ရှိနေတတ်ပါသည်။ ထိုသို့ အနီရောင်ဖြစ်နေရခြင်းမှာ မီယိုဂလိုဗင် (Myoglobin) ဟုခေါ်သော ပရိုတင်းဓာတ် မြင့်မားစွာ ပါဝင်သောကြောင့် ဖြစ်ပါသည်။

အသားနီ အမျိုးအစားများတွင် အောက်ပါတို့ ပါဝင်ပါသည်—

အမဲသား (Beef)

ဝက်သား (Pork)

သိုးသား (Lamb/Mutton)

နွားကလေးသား (Veal)

သမင်သား/ဆတ်သား (Venison)

အာလူးကြော်များအစား အစေ့အဆန်များကို စားပါ: အာလူးကြော် (Chips) များအစား အခွံမာသီးနှင့် အစေ့အဆန်များကို အဆာပြေ စားသုံးပေးပါ။

အာလူးအစား ပဲအမျိုးမျိုးကို ပြောင်းလဲစားသုံးပါ: အာလူးထက် ပဲအမျိုးမျိုးက ပိုမို သင့်တော်ပါသည်။

စည်သွတ်ဘူးများထက် လတ်ဆတ်သော အသီးအနှံများကို ရွေးချယ်ပါ: အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို စည်သွတ်ဘူးများထက် လတ်ဆတ်သော အရာများကိုသာ စားသုံးပါ။

အချိုရည်များအစား လက်ဖက်ရည်ကြမ်း (Green Tea) ကို သောက်ပါ: အချိုကဲသော လက်ဖက်ရည်၊ အအေးများအစား လက်ဖက်ရည်ကြမ်းကို ရွေးချယ်သောက်သုံးပါ။

သံလွင်ဆီ (Extra Virgin Olive Oil) ဖြင့် ချက်ပြုတ်ပါ: ဟင်းချက်ရာတွင် သံလွင်ဆီကို အသုံးပြုပေးပါ။

ပေါင်မုန့်ဖြူထက် အနှံအဆာ အပြည့်ပါသော ကောက်နှံများကို ရွေးချယ်ပါ: ဂျုံဖြူ၊ ပေါင်မုန့်ဖြူများထက် လုံးတီးဆန်နှင့် အနှံအဆာ အပြည့်ပါသော အစားအစာများကို စားသုံးပါ။

ဟင်းခတ်မှုန့် (MSG) အစား နနွင်းကို အသုံးပြုပါ: ဟင်းလျာများတွင် ဟင်းခတ်မှုန့်များအစား ရောင်ရမ်းမှုကို လျော့ကျစေသည့် နနွင်းကို ထည့်သွင်း အသုံးပြုပါ။

နို့ထွက်ပစ္စည်းများနှင့် မတည့်ပါက ပဲနို့ကို သောက်ပါ: နို့နှင့် နို့ထွက်ပစ္စည်းများကို မနှစ်သက်ပါက ပဲနို့ (Soy) ကို အစားထိုး သောက်သုံးနိုင်ပါသည်။

အချိုပွဲအဖြစ် ဒတ်ခ်ချောကလက် (Dark Chocolate) ကို စားသုံးပါ: အချိုအလွန်အကျွံပါသော မုန့်များအစား ဒတ်ခ်ချောကလက်ကို အနည်းငယ် စားသုံးနိုင်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ