ကင်ဆာဝေဒနာရှင်များ မကွယ်လွန်မီ တခဏ၌ ပြသတတ်သော လက္ခဏာရပ်များ
ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းများ၏ လုပ်ငန်းဆောင်တာများ နှေးကွေးသွားချိန်တွင် ဘဝ၏ နောက်ဆုံးအဆင့်၌ ဖြစ်ပေါ်တတ်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို အောက်ပါအတိုင်း စနစ်တကျ မှတ်တမ်းတင် တွေ့ရှိရပါသည်—
အသက်ရှူနှုန်း ပြောင်းလဲခြင်း: အသက်ရှူခြင်းသည် တိမ်လာခြင်း၊ မြန်လာခြင်း သို့မဟုတ် အလွန်နှေးသွားခြင်းမျိုး ဖြစ်နိုင်ပါသည်။ အသက်ရှူနှုန်း မမှန်ဘဲ တခါတရံ စက္ကန့် ၃၀ ခန့်အထိ အသက်ရှူခဏရပ်သွားပြီးမှ ပြန်ရှူခြင်းမျိုးကို အများအားဖြင့် တွေ့ရတတ်ပါသည်။ လူနာသည် တံတွေးနှင့် သလိပ်များကို မမျိုချနိုင်တော့ဘဲ လည်ချောင်းထဲတွင် ပိတ်ဆို့လာသည့်အတွက် "တဂူးဂူး" သို့မဟုတ် "တဂတ်ဂတ်" နှင့် အသက်ရှူသံပြင်းပြင်း (Death Rattle) ထွက်ပေါ်လာတတ်ပါသည်။
အလွန်အမင်း နုံးခွေခြင်းနှင့် တုံ့ပြန်မှုမရှိခြင်း: လူနာသည် အချိန်အများစုတွင် အိပ်ပျော်နေတတ်ပြီး နှိုးရန် ခက်ခဲလာကာ နောက်ဆုံးတွင် သတိလစ်မေ့မြောသည့် အခြေအနေ သို့မဟုတ် လုံးဝတုံ့ပြန်မှုမရှိသည့် အခြေအနေသို့ ရောက်ရှိသွားတတ်ပါသည်။ အကြားအာရုံနှင့် အထိအတွေ့အာရုံတို့သည် နောက်ဆုံးမှ ပျောက်ကွယ်သွားတတ်သော အာရုံများ ဖြစ်ကြပါသည်။
သွေးလှည့်ပတ်မှုနှင့် အရေပြား ပြောင်းလဲခြင်း: သွေးဖိအား ကျဆင်းလာပြီး နှလုံးခုန်နှုန်းသည် မြန်လာခြင်း၊ စမ်းရခက်လောက်အောင် အားနည်းသွားခြင်း သို့မဟုတ် မမှန်ခြင်းမျိုး ဖြစ်လာနိုင်ပါသည်။ ခြေလက်ဖျားများသို့ သွေးလှည့်ပတ်မှု လျော့နည်းသွားသဖြင့် လက်၊ ခြေထောက်နှင့် လက်မောင်း၊ ခြေသလုံးတို့သည် ကိုင်ကြည့်လျှင် အေးစက်နေတတ်ပါသည်။ ထိုနေရာများရှိ အရေပြားသည် ဖြူဖျော့လာခြင်း သို့မဟုတ် ညိုမည်းလာခြင်း ဖြစ်နိုင်ပြီး အကွက်များ (Mottled look) ပေါ်လာတတ်ပါသည်။
စိတ်ဝေဝါးခြင်းနှင့် ဂယောင်ခြောက်ခြားဖြစ်ခြင်း: လူနာများသည် အချိန်၊ နေရာ သို့မဟုတ် မိမိပတ်ဝန်းကျင်ရှိ လူများကို မခွဲခြားနိုင်တော့ဘဲ ဝေဝါးလာတတ်ပါသည်။ စိတ်မငြိမ်မသက်ဖြစ်ကာ အိပ်ရာခင်းများကို ဆွဲငင်ခြင်း သို့မဟုတ် ဂယောင်ခြောက်ခြားဖြစ်ပြီး စိတ်ကူးယဉ်အိပ်မက်များ မြင်မက်ခြင်းမျိုး ရှိနိုင်ကာ တခါတရံ ကွယ်လွန်သွားခဲ့ပြီးသော မိမိတို့ ချစ်ခင်ရသူများကို မြင်တွေ့နေရသည်၊ ကြားနေရသည်ဟု ပြောဆိုတတ်ပါသည်။
အစာအာဟာရနှင့် မျိုချနိုင်စွမ်း လျော့နည်းသွားခြင်း: ခန္ဓာကိုယ်သည် စွမ်းအင်လိုအပ်မှု အလွန်နည်းပါးသွားသည့်အတွက် အစားအစာနှင့် ရေ သောက်သုံးမှု သိသိသာသာ လျော့နည်းသွားခြင်း သို့မဟုတ် လုံးဝရပ်ဆိုင်းသွားခြင်းမျိုး ဖြစ်တတ်ပါသည်။ လူနာသည် တံတွေး သို့မဟုတ် ဆေးဝါးများကို မျိုချနိုင်စွမ်းလည်း ကင်းမဲ့သွားတတ်ပါသည်။
ဆီးဝမ်းသွားမှု ပြောင်းလဲခြင်း: ဆီးထွက်ရှိမှု သိသိသာသာ လျော့နည်းသွားပြီး ဆီးအရောင်သည်လည်း ရင့်လာတတ်ပါသည်။ ကြွက်သားများ လျော့ရဲလာသည့်အတွက် ဆီးနှင့် ဝမ်းကို မထိန်းနိုင်တော့ဘဲ အလိုအလျောက် ထွက်ကျခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကင်ဆာရောဂါကို ကျော်လွှားနိုင်ကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment