တောဆရာဝန်၏ ကံတရား

မြို့သာဆေးရုံက ခွဲစိတ်ခန်းလေးအကြောင်း နှစ်ပတ်လည်စာအဖြစ်ပေါ်လာလို့ မနေ့ကပြန်တင်ပါတယ်။

ကွန်မင့်ရေးသူတွေ ကျေးဇူး။

ကျွန်တော် ၁၉၇၂ မှာ ဆေးကျောင်းပြီးတော့ အသက်က (၁၉၇၂ – ၁၉၄၈) ၂၄နှစ်။ အလုပ်သင်ဆရာဝန်တနှစ်။ ၁၉၇၄-၇၅ မှာ မုံရွာဆေးရုံ။ ၁၉၇၅-၁၉၈၁ အထိ ၆ နှစ်ကြာ မြို့သာတိုက်နယ်ဆရာဝန်။ ၁၉၈၁-၈၃ စစ်ကိုင်း လက်ထောက်ဆရာဝန်။ ၁၉၈၃-၈၈ ပုလဲ မြို့နယ်ဆရာဝန် ၅ နှစ် တာဝန်ကျခဲ့ပါတယ်။ 

မြို့သာမှာ တယောက်တည်း။ အသက်က ၂၇ နှစ်အရွယ်သာရှိသေးတယ်။ ဆရာဝန်အတွေ့အကြုံကလည်း အတော်ကိုနည်းသေးချိန်မှာ တောဆရာဝန်လုပ်ရတာ။ သောင်ပြင်လွှတ်ခံရသလို။ ကန်တော့။ 

တတ်စွမ်းသလောက် ကြိုးစားပြီး ကုသပေးခဲ့ပါတယ်။

လူတိုင်းဟာ အသက်ငယ်စဉ်မှာ တက်ကြွတယ်။ အကြောက်အလန့်၊ စိုးရိမ်စိတ်လည်း နည်းကြတယ်။ တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်တတ်ကြတယ်။ ရှေ့ကိုသာကြည့်တယ်။

အသိပညာ၊ အတွေ့အကြုံတွေကိုလည်း မပြည့်စုံသေးတာကို သိလို့ သိချင်၊ တတ်ချင်၊ လေ့လာ ဆည်းပူးချင်ကြလေ့ရှိတယ်။

တကယ်လို့သာ အသက် ၄၀ ကျော်လောက်ကျမှ အဲလိုတိုက်နယ်ဆရာဝန်လုပ်ရရင် တမျိုးတမည် ဖြစ်ကောင်း ဖြစ်နိုင်တယ်။ တက်ကြွမှုလည်း နည်းလောက်ပြီ။ စဉ်းစဉ်းစားစား များလောက်ပြီ။ အမှားလည်း ပိုနည်းနိုင်မယ်။  

ကျွန်တော်က တာဝန်ကျတဲ့ ဆေးရုံတိုင်းမှာ ဆေးကုသမှုတွေကတော့ အဆင်ပြေခဲ့ပါတယ်။

နယူးဒေလီမှာ ၂၀၀၂ ကနေ ၂၀၁၄ အထိ ယမုန်နာအခမဲ့ဆေးခန်းလေးဖွင့်တော့လည်း အဆင်ပြေတယ်။

ကျွန်တော့နမူနာဟာ တယောက်တည်းရဲ့ အတွေ့အကြုံမျှသာ ဖြစ်ပါတယ်။ 

လူတိုင်းမှာ ကိုယ်ပိုင်အတွေ့အကြုံတွေ ရှိကြတယ်။ တချို့ကတော့ ထူးခြားတယ်။ တချို့ကတော့ ထူးဆန်းတယ်။ တချို့ ထူးချွန်တယ်။ တချို့ ကျရှုံးတယ်။ အများစုကတော့ သာမန်လောက်သာ။

ကျွန်တော်က အရပ်ပြော ပြောရရင် ဆေးကုရာမှာ ကံလိုက်တာလည်းပါတယ်။ ပညာ၊ ဉာဏ်နဲ့ ဝီရိယကလည်း ပါပါတယ်။ 

ကံတရားကား မှန်လွန်းလှပေ၏တကား။

SMO တိုက်နယ်ဆရာဝန် https://dr-tint-swe.blogspot.com/2021/06/smo.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ