7 Reasons To Drink More Lemon Water
ဗီတာမင် စီ (C) နှင့် ဘီ (B)၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်နှင့် အမျှင်ဓာတ်တို့ကဲ့သို့ အာဟာရဓာတ်များစွာ ပါဝင်နေသဖြင့် ရှောက်သံပရာရည် သောက်သုံးခြင်းသည် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါသည်။ ဘီယွန်းစေး (Beyoncé) ကဲ့သို့သော ကမ္ဘာကျော်အနုပညာရှင်များ ကိုယ်တိုင် ချီးကျူးထားခြင်းကလည်း ယင်း၏ ဂုဏ်သတင်းကို ပိုမိုခိုင်မာစေပါသည်။ ရှောက်သံပရာရည်သည် အခြားသော ခေတ်စားနေသည့် အဖျော်ယမကာများနှင့် မည်သို့ကွာခြားသနည်းဆိုသည်ကို အောက်ပါအချက် ၇ ချက်တွင် လေ့လာနိုင်ပါသည်။
၁။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း
ရှောက်သံပရာသီးသည် ပိုတက်စီယမ် ကြွယ်ဝသော အရင်းအမြစ်ဖြစ်ပြီး ယင်းဓာတ်သည် နှလုံးကျန်းမာရေးကို မြှင့်တင်ပေးသည့်အပြင် ဦးနှောက်နှင့် အာရုံကြော လုပ်ဆောင်ချက်များကိုလည်း အားကောင်းစေကြောင်း သက်သေပြပြီး ဖြစ်ပါသည်။
၂။ အစာခြေစနစ်ကို အထောက်အကူပြုခြင်း
ရှောက်သံပရာရည်၏ တည်ဆောက်ပုံသည် အစာအိမ်အတွင်းရှိ အစာခြေရည်များနှင့် ဆင်တူသဖြင့် အသည်းမှ သည်းခြေရည် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါသည်။ ယင်းက ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး အစားအစာများကို အလွယ်တကူ ကြေပျက်စေကာ အူလမ်းကြောင်းတလျှောက် ချောမွေ့စွာ ဖြတ်သန်းသွားနိုင်ရန် ကူညီပေးပါသည်။
ထို့ကြောင့် လေပွခြင်း၊ ဗိုက်ကယ်ခြင်းနှင့် ရင်ပူခြင်းကဲ့သို့သော အစာမကြေသည့် လက္ခဏာများကို သက်သာစေပါသည်။ သို့သော် ရှောက်သံပရာရည် အနည်းငယ်သာ သောက်သုံးခြင်းက အစာအိမ်အတွက် ကောင်းမွန်ကြောင်း သတိပြုရန် လိုအပ်ပါသည်။ ယင်း၏ အက်စစ်ဓာတ်ကြောင့် အလွန်အကျွံ သောက်သုံးပါက အက်စစ်ပြန်တက်သည့် ဝေဒနာ (acid reflux) ကို ပိုမိုဆိုးရွားစေနိုင်ပါသည်။
၃။ ဝက်ခြံများကို သက်သာစေခြင်း
ရှောက်သံပရာရည်သည် အမည်းစက်များကို လျော့ပါးစေခြင်း၊ အရေးအကြောင်းများကို ချောမွေ့စေခြင်းနှင့် ဝက်ခြံဖုများကြောင့် ဖြစ်ပေါ်တတ်သော ရောင်ရမ်းမှုများကို လျှော့ချပေးနိုင်ခြင်းတို့ ရှိသည်ဟု အချို့က ဆိုကြပါသည်။ ယင်းအချက်ကို ဝက်ခြံဝေဒနာ ခံစားနေရသူများက အင်တာနက်ပေါ်တွင် ၎င်းတို့၏ အတွေ့အကြုံကောင်းများကို အများအပြား မျှဝေထားကြပါသည်။
၄။ ကိုယ်အလေးချိန် လျှော့ချမှုကို အားပေးခြင်း
ရှောက်သံပရာသီးတွင် ပန်းသီး သို့မဟုတ် စပျစ်သီးတို့ထက် အမျှင်ဓာတ် ပိုမိုပါဝင်သဖြင့် ကိုယ်အလေးချိန် လျှော့ချလိုသူများအတွက် အလွန်ကောင်းမွန်သော ရွေးချယ်မှု ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ် သုတေသန ပြုချက်တခုအရ ရှောက်သံပရာသီးတွင် ပါဝင်သော ဒြပ်ပေါင်းများသည် ကြွက်များ၏ အဆီဆဲလ်များကို လျော့ကျစေပြီး အဆီပြန်မတက်အောင် ကူညီပေးနိုင်ကြောင်း တွေ့ရှိခဲ့ရပါသည်။
၅။ ရောင်ရမ်းမှုများကို လျှော့ချပေးခြင်း
ရှောက်သံပရာရည်ကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် ဒူးဆစ်ကဲ့သို့သော အသုံးများသည့် အဆစ်အမြစ်များတွင် ဖြစ်ပေါ်တတ်သည့် ရောင်ရမ်းမှုများကို လျှော့ချပေးနိုင်ပါသည်။
၆။ သွေးတိုးကျစေခြင်း
၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သော လေ့လာမှုတခုအရ "နေ့စဉ် ရှောက်သံပရာသီး စားသုံးခြင်းနှင့် လမ်းလျှောက်ခြင်း" သည် သွေးတိုးခြင်းနှင့် ကိုလက်စထရော မြင့်မားနိုင်ခြေ ရှိသူများတွင် သွေးဖိအားကို ကျဆင်းစေကြောင်း တွေ့ရှိရပါသည်။
၇။ အင်အားကို မြှင့်တင်ပေးခြင်း
သိပ္ပံနည်းကျ လေ့လာမှုများအရ ရှောက်သံပရာရည်သည် လေ့ကျင့်ခန်း လုပ်ပြီးနောက် သကြားဓာတ်နှင့် ကယ်လိုရီများ အပိုမပါဘဲ ခန္ဓာကိုယ်ကို လန်းဆန်းစေပြီး အားအင်ပြန်လည် ပြည့်ဝစေသော အဖျော်ယမကာ ဖြစ်ပါသည်။ သကြား သို့မဟုတ် ဆားအနည်းငယ်နှင့် ရောစပ်သောက်သုံးပါက ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်စဉ်အတွင်း ခန္ဓာကိုယ်၌ ရေဓာတ်ပြည့်ဝနေစေရန် အကောင်းဆုံး အထောက်အကူပြုပါသည်။
ရှောက်သံပရာရည်ကို မည်မျှသောက်သုံးသင့်ပြီး မည်သို့ပြုလုပ်ရမည်နည်း
အလွယ်ကူဆုံး နည်းလမ်းမှာ တဖန်ခွက် (၈ အောင်စ) ရှိသော ရေထဲသို့ လတ်လတ်ဆတ်ဆတ် ညှစ်ထားသော ရှောက်သံပရာရည် တဝက်ခန့် ထည့်ရုံပင် ဖြစ်ပါသည်။
အကယ်၍ သင်၏ ကိုယ်အလေးချိန်သည် ပေါင် ၁၅၀ (၆၈ ကီလိုဂရမ်ခန့်) အောက် ဖြစ်ပါက ရှောက်သံပရာသီး တဝက်ခန့် ညှစ်သောက်ရုံဖြင့် နေ့စဉ် လိုအပ်ချက်အတွက် လုံလောက်ပါသည်။
အကယ်၍ ကိုယ်အလေးချိန် ပေါင် ၁၅၀ ထက် ကျော်ပါက ရှောက်သံပရာသီး တလုံးစာအထိ အသုံးပြုခြင်းဖြင့် ပိုမိုအကျိုးကျေးဇူး ရရှိနိုင်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment