အမျိုးအစား (၂) ဆီးချိုရောဂါရှင်များအတွက် မိမိကိုယ်ကိုယ် ဂရုစိုက်နည်း

အမျိုးအစား (၂) ဆီးချိုရောဂါနှင့် ရှင်သန်ရသည်မှာ တခါတရံ စိတ်ပင်ပန်းစရာ ကောင်းလှပါသည်။ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ရန် ဆေးဝါးများနှင့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းအပေါ်တွင်သာ အလေးပေးလေ့ရှိကြသော်လည်း ကုသမှု၏ အရေးကြီးသော အစိတ်အပိုင်းတခုဖြစ်သည့် "မိမိကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်မှု" (Self-care) ကိုမူ လျစ်လျူရှုမိတတ်ကြပါသည်။

၁။ သွေးတွင်းသကြားဓာတ်ကို နေ့စဉ်စစ်ဆေးပါ

ကျွန်ုပ်သည် သွေးတွင်းသကြားဓာတ်ကို အမြဲမပြတ်စစ်ဆေးပေးသည့် စက် (CGM) ကို အသုံးမပြုပါ။ အကြောင်းမှာ အမြဲတမ်း စစ်ဆေးနေခြင်းက မိမိကိုယ်ကိုယ် ဂရုစိုက်မှုအတွက် အထောက်အကူဖြစ်သည်ဟု မယူဆသောကြောင့် ဖြစ်ပါသည်။ သို့သော် နံနက်တိုင်း လက်ထိပ်ဖောက်၍ သွေးချိုစစ်ဆေးခြင်းကိုမူ ပြုလုပ်ပါသည်။ ၎င်းကို နှစ်သက်သလားဆိုလျှင် "မနှစ်သက်ပါ"။ သို့သော် ၎င်းသည် ကျွန်ုပ်၏ မိမိကိုယ်ကိုယ် ဂရုစိုက်မှုတွင် အရေးကြီးသော အစိတ်အပိုင်းတခုဟု မှတ်ယူထားပါသည်။

၂။ အဟာရဖြစ်စေသော နံနက်စာကို စားသုံးပါ

အမျိုးအစား (၂) ဆီးချိုရှိသူများအတွက် နံနက်စာသည် မဖြစ်မနေ စားသုံးသင့်သော အစားအစာ ဖြစ်ပါသည်။ ၎င်းသည် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေသည့်အပြင် ခန္ဓာကိုယ်ကို အင်အားဖြည့်တင်းပေးရန် လွယ်ကူသော နည်းလမ်းလည်း ဖြစ်ပါသည်။ အများအားဖြင့် အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ် ကြွယ်ဝသော အစားအစာများ (ဥပမာ - ကြက်ဥမွှေ၊ ဂျုံကြမ်းပေါင်မုန့်၊ အုတ်ဂျုံမှုန့်နှင့် သစ်သီးများ) ကို စားသုံးလေ့ရှိသော်လည်း တခါတရံ မိမိအလိုကိုလည်း လိုက်လျောပေးပါသည်။ ကာဗိုဟိုက်ဒရိတ်ကို နှစ်သက်သူဖြစ်၍ တပတ်လျှင် တကြိမ်ခန့် မိမိနှစ်သက်ရာကို စားသုံးခြင်းသည်လည်း မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းပင် ဖြစ်ပါသည်။

၃။ သဘာဝပတ်ဝန်းကျင်တွင် အချိန်ပေးပါ

လေ့ကျင့်ခန်းလုပ်ရာတွင် အပြင်ဘက် သဘာဝလေကောင်းလေသန့် ရရှိသောနေရာများ၌ လမ်းလျှောက်ခြင်းက စိတ်ရောကိုယ်ပါ လန်းဆန်းစေပါသည်။ လေ့လာမှုများအရ အပြင်ဘက်တွင် လေ့ကျင့်ခန်းလုပ်ခြင်းသည် အမျိုးအစား (၂) ဆီးချိုရှိသော အမျိုးသမီးများအတွက် သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှုကို ပိုမိုကောင်းမွန်စေကြောင်း သိရပါသည်။

၄။ အိပ်ရေးဝဝ အိပ်စက်ပါ

လုံလောက်သော အိပ်စက်ခြင်းနှင့် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းသည် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရာတွင် အထောက်အကူပြုပါသည်။ အိပ်ခန်းကို မှောင်နေအောင်နှင့် အေးမြနေအောင် ထားရှိခြင်းက ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်စေရန် ကူညီပေးနိုင်ပါသည်။

၅။ အစားအစာကို ပျော်ရွှင်စွာ စားသုံးပါ

အမျိုးအစား (၂) ဆီးချိုသည် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် အပင်အခြေခံ အစားအစာများ (Plant-based diet) ကို ပိုမိုစားသုံးသင့်ပါသည်။ အသားအစား အစေ့အဆန်နှင့် ပဲအမျိုးမျိုးကို စားသုံးခြင်းက နှလုံးရောဂါနှင့် စောစီးစွာ သေဆုံးနိုင်ခြေကို လျော့ကျစေပါသည်။

၆။ အသားအရေကို ဂရုစိုက်ပါ

ပင်ပန်းနွမ်းနယ်သော နေ့များတွင် အသားအရေကို ထိန်းသိမ်းခြင်း၊ ရနံ့မွှေးသော လိုးရှင်းများ လိမ်းခြင်း စသည့် သေးငယ်သော အလှအပဆိုင်ရာ ကိစ္စလေးများက စိတ်ကြည်လင်မှုကို ပေးစွမ်းနိုင်ပါသည်။

၇။ ရည်ရွယ်ချက်ရှိရှိ နေထိုင်ပါ

နေ့ရက်များကို အဓိပ္ပာယ်မဲ့ ကုန်လွန်စေမည့်အစား မိမိ၏ တန်ဖိုးထားမှု၊ ရည်မှန်းချက်များနှင့် ကိုက်ညီသော ရွေးချယ်မှုများကို သတိရှိရှိ ပြုလုပ်သင့်ပါသည်။ တကိုယ်တော် ခရီးသွားခြင်း သို့မဟုတ် ဗဟုသုတဖြစ်စေမည့် စာအုပ်များ ဖတ်ခြင်းကလည်း စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ပါသည်။

၈။ လူမှုကွန်ရက် (Social Media) ကို လျှော့သုံးပါ

လူမှုကွန်ရက်ပေါ်တွင် အချိန်အလွန်အကျွံ ပေးခြင်းသည် စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ အခြားသူများနှင့် လူချင်းတွေ့ဆုံခြင်း၊ လမ်းလျှောက်ခြင်း သို့မဟုတ် စာဖတ်ခြင်းတို့က ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုမိုတိုးတက်စေပါသည်။

၉။ အနှစ်ချုပ်

ဆီးချိုရောဂါကို ဂရုတစိုက် ကိုင်တွယ်ပါ၊ သို့သော် မိမိကိုယ်ကိုယ်အပေါ် ကြင်နာမှု ထားရှိပါ။ အရာရာကို "ကောင်းသည်" သို့မဟုတ် "ဆိုးသည်" ဟု အပြစ်တင် ဝေဖန်ခြင်းမျိုး မလုပ်ပါနှင့်။ ဤရောဂါကို မိမိကိုယ်ကိုယ် ပိုမိုချစ်တတ်လာရန်နှင့် ခန္ဓာကိုယ်၏ အသံကို နားထောင်တတ်လာရန် အခွင့်အရေးတခုအဖြစ် ရှုမြင်ပါ။ ဤကဲ့သို့သော စိတ်နေစိတ်ထားက သင့်အား ရောဂါကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် ကူညီပေးပါလိမ့်မည်။ သင် လုပ်နိုင်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ