သားငါးများ မချက်ပြုတ်မီ သန့်ရှင်းနည်း
တင်ပြချက်
(၁) ငါး ကိုင်တွယ်သန့်စင်နည်း အကျဉ်းချုပ် (Fish
Cleaning Guide)ငါးအလတ်ဆတ်ဆုံးဖြစ်အောင် မည်သို့ထားရမည်နည်း
• ငါးဖမ်းမိပြီးပြီးချင်း လူသားဆန်စွာ အမြန်ဆုံး သတ်/ထု ရိုက်ပြီး သွေးဖောက် (Bleed out) ပေးခြင်းသည် ညှီနံ့ကင်းပြီး အရသာ အကောင်းဆုံး ဖြစ်စေသည်။
• သွေးဖောက်ထားသောငါးကို ရေခဲသေတ္တာ သို့မဟုတ် အအေးခံပုံးထဲတွင် ရေခဲဖြင့် ၂၄ နာရီကျော် သိမ်းဆည်းနိုင်သည်။
• ကလီစာ မထုတ်ရသေးသောငါးသည် ဗိုက်ထဲက ဘက်တီးရီးယားများကြောင့် အလွယ်တကူ ပုပ်သိုးတတ်သဖြင့် ဖမ်းမိပြီး နာရီပိုင်းအတွင်း အမြန်ဆုံး ကလီစာထုတ် ချက်ပြုတ်သင့်သည်။
လိုအပ်သော အခြေခံကိရိယာများ
• လတ်ဆတ်သောငါး: ညှီနံ့ (ငါးပုပ်ညှီနံ့) မနံရ၊ အကျိအချွဲမများရ၊ ပါးဟက်နီရဲပြီး မျက်လုံးကြည်ရမည်။
• သန့်ရှင်းသော နေရာနှင့် စဉ်းတီတုံး: မလုပ်မီ ပိုးသတ်ဆေးရည်ဖြင့် သန့်စင်ထားပါ။
• သတင်းစာစက္ကူ: အညစ်အကြေးများ လွယ်ကူစွာ ထုပ်ပိုးစွန့်ပစ်ရန်။
• အကြေးခွံထိုးကိရိယာ: ဇွန်း သို့မဟုတ် ကပ်ကြေး၊ ဓားတုံးတုံး။
• ထက်မြက်သောဓား: အသားလွှာရန်နှင့် ကလီစာထုတ်ရန်။
• လက်အိတ်နှင့် ရေစင်: ခူးဆူးများရန်မှ ကာကွယ်ရန်နှင့် သွေး၊ အကြေးခွံများ ဆေးချရန်။
ငါးသန့်စင်ခြင်း အဆင့် ၇ ဆင့်
1. သွေးဖောက်ခြင်း: ငါးကို ရေထဲထည့်၍ ပါးဟက်ကို ဖြတ်ပြီး သွေးဖောက်ပါ။
2. နေရာပြင်ဆင်ခြင်း: စဉ်းတီတုံးပေါ် သတင်းစာစက္ကူ ခင်းပြီး ကိရိယာများ အနီးတွင် ထားပါ။
3. အကြေးခွံထိုးခြင်း: ဓားကျော သို့မဟုတ် ဇွန်းဖြင့် အမြီးမှ ခေါင်းဘက်သို့ ပွတ်တိုက်ပြီး အကြေးခွံခွာပါ။ ပြီးလျှင် ရေဆေးချပါ။
4. ကလီစာထုတ်ခြင်း: ငါးဝမ်းဗိုက် အောက်ခြေမှ မေးရိုးအထိ ဓားဖြင့် အပေါ်ယံ ခွဲပြီး ကလီစာများကို ထုတ်ပါ။ ကျောရိုးတောက်လျှောက်ရှိ သွေးကြောများကို ခြစ်ထုတ်ပါ။
5. ဆူးတောင်နှင့် ခေါင်းဖြတ်ခြင်း: ဆူးတောင်များကို ညှပ်ထုတ်ပါ။ လိုအပ်ပါက ပါးဟက်နောက်မှ ၄၅ ဒီဂရီ စောင်း၍ ခေါင်းကို ဖြတ်ပါ။
6. ဆေးကြောပြီး အခြောက်ခံခြင်း: ရေအေးဖြင့် အထဲအပြင် ပြောင်စင်အောင် ဆေးပြီး တစ်ရှူးဖြင့် သုတ်ပါ။
7. ချက်ပြုတ်စားသုံးခြင်း: မိမိနှစ်သက်သလို အကောင်လိုက်ဖြစ်စေ၊ အသားလွှာ (Fillet) အဖြစ်ဖြစ်စေ ချက်ပြုတ်နိုင်သည်။
အဖြစ်များသော အမှားများ: ဓားတုံးတုံးသုံးခြင်း၊ ငါးဖမ်းပြီး ချက်ချင်းမသန့်စင်ဘဲ အချိန်ဆွဲခြင်း၊ ရေအေးဖြင့် သန့်စင်အောင် မဆေးခြင်း၊ ဝမ်းဗိုက်ခွဲရာတွင် ဓားအောက်နက်လွန်း၍ အူမကြီးကို ပေါက်ထွက်စေခြင်း။
________________________________________
(၂) အသား ကိုင်တွယ်သန့်စင်နည်း အကျဉ်းချုပ် (Meat Processing Guide)
အရေးကြီးဆုံးအချက်: အသားစိမ်းများကို ရေဆေးချခြင်းသည် မလိုအပ်သည့်အပြင် အန္တရာယ်ရှိသည်။ ရေဆေးသည့်အခါ ရေစက်များနှင့်အတူ အန္တရာယ်ရှိသော ဘက်တီးရီးယားများ မီးဖိုချောင်မျက်နှာပြင်နှင့် ပန်းကန်ခွက်ယောက်များဆီသို့ လွင့်စင်ကာ ပျံ့နှံ့သွားနိုင်သည်။ အသား၌ပါသော ဘက်တီးရီးယားများကို ရေ၊ ဆားရည်၊ ရှာလကာရည်တို့ဖြင့် ဆေးရုံနှင့် မသေနိုင်ဘဲ သတ်မှတ်အပူချိန်အတိုင်း ကျက်အောင်ချက်ပြုတ်မှသာ သေစေနိုင်သည်။
အသားထုတ်လုပ်ရေး စက်ရုံများတွင် သန့်စင်ပုံ (USDA စံနှုန်း)
၁။ အမဲ၊ ဝက်၊ ဆိတ် နှင့် သမင်သား (Red Meat)
• အမွေးနှင့် ဖုန်မှုန့်ခွာခြင်း: ဝက်ကောင်လုံးကို ရေနွေးကန်ထဲထည့်၍ အမွေးနှင့် လက်သည်းများ ပျော့သွားအောင်လုပ်ပြီး ခြစ်ထုတ်သည်။ အမဲနှင့် ဆိတ်တို့ကိုမူ အရေခွံကို သေသေချာချာ ခွာပြီး ညစ်ပတ်သော အစိတ်အပိုင်းများကို လှီးထုတ်သည်။
• ကလီစာထုတ်ခြင်း: အူထဲမှ မစင်များ အသားပေါ်သို့ မဖိတ်စင်စေရန် စအိုကို ရာဘာကွင်းဖြင့် စည်းပြီး ကျွမ်းကျင်စွာ အမြန်ဆုံး ထုတ်ယူသည်။ ထို့နောက် ကျန်းမာရေး စစ်ဆေးရေးမှူးက စစ်ဆေးသည်။
• ပိုးသတ်ခြင်း: ရေနွေးဖြင့် အထက်မှအောက်သို့ ၂ မိနစ်ခန့် ဆေးကြောပြီး၊ ၅ မိနစ် အခြောက်ခံကာ နောက်ဆုံးတွင် ၂% လက်တစ်အက်ဆစ် (Lactic acid) ပိုးသတ်ဆေးရည်ကို ဖျန်း၍ သန့်စင်သည်။
၂။ ကြက်၊ ဘဲ နှင့် အသားငှက် (Poultry)
• ရေနွေးကန်ထဲ စိမ်၍ အမွေးများကို ပျော့အောင်လုပ်ပြီး စက်ဖြင့် အမွေးနုတ်သည်။
• ခေါင်း၊ ခြေထောက်နှင့် ကလီစာများကို စက် သို့မဟုတ် လက်ဖြင့် ထုတ်ယူပြီး စစ်ဆေးရေးမှူးက ရောဂါရှိမရှိ စစ်ဆေးသည်။
• ရေဆေးချပြီးနောက် စက်ရုံအလိုက် သတ်မှတ်ထားသော ပိုးသတ်ဆေးရည် (ဥပမာ- PAA ဆေးရည်) ထဲတွင် နှစ်၍ ပိုးသတ်သည်။
နိဂုံးချုပ်အကြံပြုချက်
စက်ရုံများမှ ဝယ်ယူလာသော အသားများသည် စနစ်တကျ ပိုးသတ်သန့်စင်ပြီးသား ဖြစ်သဖြင့် ထပ်မံရေဆေးရန် မလိုပါ။ ရောဂါပိုးမွှားကင်းစင်စေရန် အသားတွင်းအပူချိန်ပြ ကိရိယာ (Thermometer) ကိုသုံး၍ အသားကို အတွင်းပိုင်းအထိ ကျက်အောင် သေချာစွာ ချက်ပြုတ်စားသုံးပါ။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment