Cholesterol ကိုလက်စထရော မြင့်မားခြင်းကို စောစီးစွာ ကုသရန် အရေးကြီးကြောင်း
(၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်)
နှလုံးရုတ်တရက် ရပ်ဆိုင်းခြင်းနှင့် လေဖြတ်ခြင်းကဲ့သို့သော ကျန်းမာရေး အန္တရာယ်များကို ကာကွယ်ရန်အတွက် ကိုလက်စထရော မြင့်မားခြင်းကို ယခင်ကထက် စောစီးစွာ ကုသရန် လမ်းညွှန်ချက်အသစ်များက တိုက်တွန်းထားပါသည်။
စတက်တင် (Statins) ဆေးဝါးများသည် ကိုလက်စထရောကို လျော့ကျစေပြီး နှလုံးနှင့် သွေးကြောဆိုင်ရာ အန္တရာယ်များကို လျှော့ချပေးနိုင်သည့် အသုံးများသော ဆေးဝါးတမျိုး ဖြစ်ပါသည်။ ကိုလက်စထရော လျှော့ချပေးသည့် ဆေးဝါးများနှင့် သွေးကြောကျဉ်းရောဂါ (Atherosclerosis) ဖြစ်နိုင်ခြေကို သိရှိနိုင်မည့် စစ်ဆေးမှုများအကြောင်း ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
ဆရာဝန်များသည် LDL ကိလက်စထရော (ကိုလက်စထရော အညံ့) မြင့်မားသူများကို စတက်တင်ဆေးများ ပေးခြင်း အပါအဝင် ကုသမှုများကို ယခင်ကထက် စောစီးစွာ စတင်ဆောင်ရွက်သင့်ပါသည်။
ကိုလက်စထရော မြင့်မားနေသည့် ကာလကြာရှည်လေလေ၊ ပြင်းထန်သော နှလုံးရောဂါ ဝေဒနာများ ခံစားရနိုင်ခြေ ပိုများလေလေ ဖြစ်ကြောင်း အထောက်အထားများ ပိုမိုတွေ့ရှိလာရသည်ဟု ကျွမ်းကျင်သူများက ဆိုပါသည်။ LDL ကိုလက်စထရောကို ကာလကြာရှည်စွာ လျှော့ချထားခြင်းဖြင့် နောင်တချိန်တွင် နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်မည် ဖြစ်ပါသည်။
ကိုလက်စထရော ဆိုသည်မှာ အဘယ်နည်း
ကိုလက်စထရော ဆိုသည်မှာ ဆဲလ်များ တည်ဆောက်ခြင်းနှင့် ဟော်မုန်းများ ထုတ်လုပ်ခြင်းကဲ့သို့သော အရေးကြီးသည့် လုပ်ငန်းဆောင်တာများအတွက် ခန္ဓာကိုယ်က လိုအပ်သည့် ဖယောင်းကဲ့သို့သော အဆီဓာတ် တမျိုးဖြစ်ပါသည်။
ခန္ဓာကိုယ်က ကိုလက်စထရောကို သဘာဝအလျောက် ထုတ်လုပ်ပေးသည့်အပြင်၊ နို့ထွက်ပစ္စည်း၊ ကြက်၊ ဘဲနှင့် အသားများကို စားသုံးခြင်းဖြင့်လည်း ရရှိနိုင်ပါသည်။
ကိုလက်စထရောတွင် အဓိကအားဖြင့် အမျိုးအစား နှစ်မျိုးရှိပါသည် -
၁။ LDL: ၎င်းကို ကိုလက်စထရော "အညံ့" ဟု သတ်မှတ်ပါသည်။
၂။ HDL: ၎င်းကို ကိုလက်စထရော "အကောင်း" ဟု သတ်မှတ်ပါသည်။
LDL များလွန်းပါက သွေးလွှတ်တော် နံရံများတွင် အဆီများ ပိတ်ဆို့လာပြီး နှလုံးပြဿနာများကို ဖြစ်စေနိုင်သည့်အတွက် LDL ကို ထိန်းချုပ်ရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။ ၎င်းသည် လည်ပင်း သို့မဟုတ် ခြေထောက်ရှိ သွေးလွှတ်တော်များတွင် အဆီပိတ်ခြင်းကို ဖြစ်စေပြီး လေဖြတ်နိုင်ခြေကို တိုးမြင့်စေပါသည်။ ထို့ကြောင့် ဆရာဝန်များက LDL ပမာဏကို 100 mg/dL အောက်တွင်သာ ထားရှိရန် အကြံပြုထားပါသည်။
HDL ကိုလက်စထရောကို "အကောင်း" ဟု ခေါ်ဆိုရခြင်းမှာ ၎င်းသည် သွေးကြောအတွင်းရှိ အခြားသော ကိုလက်စထရောများကို ဖယ်ရှားပေးရန် ကူညီပေးသောကြောင့် ဖြစ်ပါသည်။
စတက်တင် (Statins) ဆိုသည်မှာ အဘယ်နည်း
၁၉၈၇ ခုနှစ်မှစ၍ ဆရာဝန်များသည် စတက်တင် ခေါ် ဆေးဝါးများကို ညွှန်းဆိုခဲ့ပါသည်။ အဆိုပါဆေးဝါးများသည် လုပ်ဆောင်ချက် နှစ်မျိုးဖြင့် ကိုလက်စထရောကို လျှော့ချပေးပါသည် -
၁။ အသည်းအတွင်း ကိုလက်စထရော ထုတ်လုပ်မှုကို လျှော့ချပေးပါသည်။
၂။ အသည်းက ကိုလက်စထရော ထုတ်လုပ်မှု လျော့နည်းသွားသည်ကို သိရှိသောအခါ၊ သွေးအတွင်းရှိ ကိုလက်စထရောများကို ဖယ်ရှားပေးမည့် အာရုံခံစနစ် (Receptors) များကို ဖန်တီးပေးပါသည်။
statin စတက်တင် သောက်သုံးသူ အများစုတွင် ကိုလက်စထရော ပမာဏ ကျဆင်းသွားသည်ကို တွေ့ရသော်လည်း၊ အချို့သူများတွင် ကြွက်သားနာကျင်ခြင်း၊ သွေးချို အနည်းငယ် တက်လာခြင်းနှင့် အသည်း လုပ်ဆောင်ချက် ချို့ယွင်းခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ကြုံတွေ့ရနိုင်ပါသည်။ လူ ၁၀၀ တွင် ၉၄ ဦးခန့်မှာ ဘေးကင်းစွာ သောက်သုံးနိုင်သော်လည်း၊ ၆ ဦးခန့်မှာ ပထမနှစ်အတွင်း ဆေးရပ်လိုက်ရတတ်ပါသည်။
statin စတက်တင်ဆေးကို မခံနိုင်သူများအတွက် ကိုလက်စထရော စုပ်ယူမှု တားဆီးပေးသည့် ဆေးများနှင့် PCSK9 တားဆီးပေးသည့် ဆေးဝါးများကဲ့သို့သော အခြားရွေးချယ်စရာများ ရှိပါသည်။
အသက်အရွယ်နှင့်အမျှ ကိုလက်စထရော ထိန်းချုပ်ရန် အရေးကြီးပုံ
ကိုလက်စထရောကို ငယ်ရွယ်စဉ်ကပင် စစ်ဆေးကုသရန် တိုက်တွန်းထားသော်လည်း၊ အသက် ၅၀ ကျော်သူများအတွက် ကိုလက်စထရော ထိန်းချုပ်ရန်မှာ အလွန်ပင် အရေးကြီးပါသည်။ အကြောင်းမှာ လူလတ်ပိုင်း အရွယ်တွင် နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေ ပိုမိုမြင့်မားလာသောကြောင့် ဖြစ်ပါသည်။
သွေးဆုံးခါနီး သို့မဟုတ် သွေးဆုံးပြီး အမျိုးသမီးများသည် ယခင်က ကိုလက်စထရော မမြင့်ဖူးသော်လည်း LDL ပမာဏကို ဂရုပြုသင့်ပါသည်။ ထို့အပြင် နှလုံးသွေးကြော ကျော်လွှဲကုသမှု (Bypass surgery) လုပ်ထားသူများ၊ နှလုံးရုတ်တရက် ရပ်ဆိုင်းဖူးသူများနှင့် သွေးကြောချဲ့ထားသူ (Angioplasty) များသည်လည်း စတက်တင်ဆေး သောက်သုံးခြင်းဖြင့် ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment