May Is Skin Cancer Awareness Month အရေပြားကင်ဆာ အသိပညာပေးလ

အမေရိကန်နိုင်ငံတွင် နှစ်စဉ် လူနာ ၅ သန်းကျော် ရောဂါရှာဖွေတွေ့ရှိနေရပြီး အဖြစ်အများဆုံးသော ဤကင်ဆာရောဂါကို ကြိုတင်ကာကွယ်ရန်နှင့် စောစီးစွာ စမ်းသပ်စစ်ဆေးရန် လိုအပ်ကြောင်း နှိုးဆော်ထားသည့် လလည်း ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည် (UV) အန္တရာယ်မှ ကာကွယ်နည်းများကို လေ့လာရန်၊ အရေပြားပေါ်ရှိ သတိပေးလက္ခဏာများကို စစ်ဆေးရန်နှင့် စောစီးစွာ သိရှိပါက အရေပြားကင်ဆာကို ထိရောက်စွာ ကုသနိုင်ကြောင်း နားလည်သဘောပေါက်ရန် အလွန်အရေးကြီးသော အချိန်ဖြစ်ပါသည်။

အရေပြားကင်ဆာ အသိပညာပေးလ၏ အဓိကအချက်များ

ကြိုတင်ကာကွယ်ခြင်း (Prevention): နေ့စဉ် နေလောင်ကာခရင်မ် (Sunscreen) အသုံးပြုခြင်း၊ အရိပ်ထဲတွင် နေခြင်းနှင့် အသားအရေ ညိုစေရန် ပြုလုပ်သည့် စက်များ (Tanning beds) ကို ရှောင်ကြဉ်ခြင်းတို့သည် ခရမ်းလွန်ရောင်ခြည်ကြောင့် DNA ပျက်စီးမှုကို ကာကွယ်ရန်အတွက် အလွန်အရေးကြီးပါသည်။

ရောဂါရှာဖွေခြင်း (Detection): တလတကြိမ် မိမိဘာသာ စမ်းသပ်စစ်ဆေးပါ။ မှဲ့များ ပြောင်းလဲလာခြင်း သို့မဟုတ် အဖုအကျိတ်အသစ်များ ရှိမရှိကို ABCDE စည်းမျဉ်းဖြင့် စစ်ဆေးကြည့်ပါ (A-မညီမညာဖြစ်ခြင်း၊ B-အနားသတ်များ မလှခြင်း၊ C-အရောင်ပြောင်းလဲခြင်း၊ D-အချင်းအရွယ်အစား ကြီးလာခြင်း၊ E-တဖြည်းဖြည်း ပြောင်းလဲလာခြင်း)။

ဖြစ်နိုင်ခြေ (Risk): အမေရိကန်နိုင်ငံသား ၅ ဦးလျှင် ၁ ဦးသည် ၎င်းတို့၏ သက်တမ်းတလျှောက်တွင် အသားအရေ အရောင်မရွေး အရေပြားကင်ဆာ ဖြစ်ပွားနိုင်ခြေ ရှိပါသည်။

အမျိုးအစားများ (Types): Basal နှင့် Squamous Cell Carcinomas အမျိုးအစားများသည် အဖြစ်အများဆုံး ဖြစ်သော်လည်း Melanoma အမျိုးအစားသည် ပိုမိုပြင်းထန်ပြီး စောစီးစွာ မတွေ့ရှိပါက ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားနိုင်ပါသည်။

အရေပြားကင်ဆာဖြစ်ပွားနိုင်ခြေသည် အဓိကအားဖြင့် နေရောင်ခြည် သို့မဟုတ် အသားညိုစေသည့်စက်များမှလာသော ခရမ်းလွန်ရောင်ခြည် (UV) နှင့် ထိတွေ့မှုကြောင့်ဖြစ်ပြီး၊ ၎င်းသည် DNA ကို ပျက်စီးစေပါသည်။ အဓိကဖြစ်နိုင်ခြေရှိသောအချက်များမှာ အသားဖြူခြင်း၊ နေလောင်ဖူးသည့်ရာဇဝင်ရှိခြင်း၊ မှဲ့များပြားခြင်း၊ မျိုးရိုးရှိခြင်းနှင့် အသက်အရွယ်ကြီးရင့်ခြင်းတို့ ဖြစ်ကြသည်။ SPF 30 နှင့်အထက်ရှိသော နေလောင်ကာခရင်မ်ကို အသုံးပြုခြင်း၊ အရိပ်ထဲတွင်နေခြင်းနှင့် ခန္ဓာကိုယ်ကို လုံခြုံစွာဖုံးအုပ်ခြင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်ပါသည်။

အရေပြားကင်ဆာ ဖြစ်ပွားစေနိုင်သည့် အဓိကအချက်များ

ခရမ်းလွန်ရောင်ခြည် (UV) နှင့် ထိတွေ့မှု: နေရောင်ခြည်ဒဏ်ကို ကာကွယ်မှုမရှိဘဲ ခံယူခြင်းနှင့် အသားညိုစေသည့်စက်များကဲ့သို့သော လူလုပ်အရင်းအမြစ်များက ရောဂါဖြစ်နိုင်ခြေကို သိသိသာသာ မြင့်တက်စေပါသည်။

အသားအရေအမျိုးအစားနှင့် မျိုးရိုးဗီဇ: အသားဖြူသူများ၊ မျက်လုံးပြာ သို့မဟုတ် မျက်လုံးစိမ်းရှိသူများ၊ ဆံပင်နီ သို့မဟုတ် ဆံပင်ရွှေရောင်ရှိသူများသည် ရောဂါဖြစ်နိုင်ခြေ ပိုများပါသည်။

နေလောင်ဖူးသည့် ရာဇဝင်: အထူးသဖြင့် ကလေးဘဝတွင် အရည်ကြည်ဖုထသည်အထိ နေလောင်ဖူးသည့် ရာဇဝင်ရှိခြင်းက ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်။

မှဲ့များ: ခန္ဓာကိုယ်တွင် မှဲ့အရေအတွက် အလွန်များခြင်း (၁၀၀ ကျော်) သို့မဟုတ် ပုံမှန်မဟုတ်သော မှဲ့များရှိခြင်းက Melanoma ကင်ဆာဖြစ်နိုင်ခြေကို များစေပါသည်။

မိမိ သို့မဟုတ် မိသားစုရာဇဝင်: ယခင်က အရေပြားကင်ဆာ ဖြစ်ဖူးသူ သို့မဟုတ် မိသားစုဝင်ထဲတွင် အရေပြားကင်ဆာရှိသူများသည် ဖြစ်နိုင်ခြေ ပိုများပါသည်။

ကိုယ်ခံအားစနစ် အားနည်းခြင်း: ကိုယ်ခံအားကို ကျဆင်းစေသော ရောဂါဝေဒနာများ သို့မဟုတ် ဆေးဝါးများက ပိုမိုထိခိုက်လွယ်စေပါသည်။

ပတ်ဝန်းကျင်ဆိုင်ရာအချက်များ: အီကွေတာနှင့် နီးသောဒေသများ သို့မဟုတ် မြေမျက်နှာပြင်မြင့်သော အရပ်ဒေသများတွင် နေထိုင်ခြင်းက ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုကို ပိုများစေပါသည်။

ဖြစ်နိုင်ခြေပိုများသော အုပ်စုများ

အသက်အရွယ်: အရေပြားကင်ဆာသည် မည်သူမဆို ဖြစ်နိုင်သော်လည်း အများစုမှာ အသက် ၅၀ ကျော်သူများတွင် တွေ့ရတတ်ပါသည်။

အမျိုးသားများ: အသက် ၅၀ ကျော်ပြီးနောက်တွင် အမျိုးသားများသည် အမျိုးသမီးများထက် Melanoma ကင်ဆာဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါသည်။

ဖြစ်နိုင်ခြေကို လျှော့ချရန် နည်းလမ်းများ

နေလောင်ကာခရင်မ်: SPF 30 သို့မဟုတ် ထိုထက်မြင့်သော နေလောင်ကာခရင်မ်ကို နေ့စဉ်လူးပေးပါ၊ ၂ နာရီခြားတကြိမ် ပြန်လည်လူးပေးရန် လိုအပ်ပါသည်။

အရိပ်နှင့် အဝတ်အစား: နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း အရိပ်ထဲတွင်နေပါ၊ ဦးထုပ်အဝိုင်းကြီးများနှင့် ခရမ်းလွန်ရောင်ခြည်ကာ နေကာမျက်မှန်များအပါအဝင် ကာကွယ်မှုပေးနိုင်သော အဝတ်အစားများကို ဝတ်ဆင်ပါ။

အသားညိုစေသည့်စက်များကို ရှောင်ကြဉ်ပါ: စက်ဖြင့် အသားညိုအောင်ပြုလုပ်ခြင်းသည် Melanoma ဖြစ်နိုင်ခြေကို ၅၀% နီးပါး တိုးလာစေပါသည်။

အရေပြားစစ်ဆေးခြင်း: တလတကြိမ် မိမိဘာသာ စစ်ဆေးပါ၊ အရေပြားအထူးကုဆရာဝန်နှင့်လည်း တနှစ်တကြိမ် စစ်ဆေးမှုခံယူပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ