Staying active at 50+ အသက်အရွယ်ကြီးရင့်လာချိန်တွင် တက်ကြွစွာ နေထိုင်ခြင်း

အသက်ကြီးလာသည်နှင့်အမျှ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာကို ရရှိစေပါသည်။

အသက်အရွယ်အရ လိုက်လျောညီထွေ ပြောင်းလဲပါ

အသက်ကြီးလာသောအခါ ယခင်က ပြုလုပ်ခဲ့သည့် လေ့ကျင့်ခန်းမျိုးကို ဆက်လက်လုပ်ဆောင်ရန် ခက်ခဲလာတတ်ပါသည်။ ပခုံးနာခြင်း သို့မဟုတ် ခြေလှမ်းမမှန်ခြင်း စသည့် အခြေအနေများကြောင့် ငယ်စဉ်ကကဲ့သို့ လေ့ကျင့်ခန်းများကို မလုပ်နိုင်တော့ဘဲ ဖြစ်တတ်ပါသည်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန်အတွက် ငွေကုန်ကြေးကျ ခံနေရန်လည်း မလိုအပ်ပေ။

လှုပ်ရှားမှုကို နေ့စဉ်အလေ့အကျင့်တခု ဖြစ်အောင် လုပ်ပါ

လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ စတင်လှုပ်ရှားရန်ပင် ဖြစ်ပါသည်။

လေ့ကျင့်ခန်းလုပ်သည့် အလေ့အကျင့်ကို နေ့စဉ်လုပ်ငန်းဆောင်တာ တခုအဖြစ် သတ်မှတ်လိုက်လျှင် ပို၍ အမြဲတမ်း လုပ်ဆောင်နိုင်ပါလိမ့်မည်။

မိမိခန္ဓာကိုယ်နှင့် ကိုက်ညီသော လှုပ်ရှားမှုများကို ရွေးချယ်နိုင်ရန် ကျန်းမာရေးစောင့်ရှောက်သူ (ဆရာဝန်) နှင့် တိုင်ပင်ဆွေးနွေးပါ။

အပတ်စဉ် မိနစ် ၁၅၀ ခန့် အသင့်အတင့်ရှိသော အေရိုးဗစ် (Aerobic) လေ့ကျင့်ခန်း ပြုလုပ်ရန် ရည်မှန်းပါ။ ၎င်းတွင် နှလုံးခုန်နှုန်း မြန်စေသည့်၊ အသက်ရှူ မြန်စေသည့် သို့မဟုတ် ခန္ဓာကိုယ်ကို နွေးထွေးစေသည့် မည်သည့်လှုပ်ရှားမှုမဆို ပါဝင်ပါသည်။

ပျော်ရွှင်မှုကို အာရုံစိုက်ပါ

ဖြည်းဖြည်းချင်း စတင်ပြီး မိမိနှစ်သက်သော လှုပ်ရှားမှုများကို အာရုံစိုက်ပါ။

ပန်းကန်ဆေးရင်း သီချင်းနားထောင်ကာ ကခုန်ရသည်ကို နှစ်သက်ပါက ဧည့်ခန်းအတွင်း ၁၅ မိနစ်ခန့် ကခုန်ခြင်းကို နေ့စဉ်လုပ်ဆောင်ပါ။

အိမ်အနီးနားရှိ လမ်းတလျှောက်တွင် တနေ့လျှင် မိနစ် ၂၀ ခန့် လမ်းလျှောက်ပေးပါ။

အလေးမ လေ့ကျင့်ခန်းများ ပြုလုပ်ပါ

လူကြီးများသည် နှစ်စဉ် ကြွက်သားထု သိသိသာသာ လျော့နည်းသွားနိုင်သည့် အန္တရာယ်ရှိသော်လည်း ၎င်းကို ကြိုတင်ကာကွယ်နိုင်ပါသည်။ မိမိခန္ဓာကိုယ်နှင့် သင့်တော်မည့် ခွန်အားဖြည့်လေ့ကျင့်ခန်းများအတွက် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

အကြောဆန့်ပါ

အသက်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်၏ ပျော့ပျောင်းမှု လျော့နည်းလာတတ်သဖြင့် ကြွက်သားများ ကျန်းမာနေစေရန် အပတ်စဉ် အကြောဆန့်သည့် လေ့ကျင့်ခန်းများကို ထည့်သွင်းလုပ်ဆောင်ပါ။ ပြင်းထန်သော လေ့ကျင့်ခန်းများ သို့မဟုတ် ကခုန်ခြင်းများ ပြုလုပ်ပြီးနောက် ဒဏ်ရာမရစေရန် အကြောပြန်ဆန့်ပေးဖို့ လိုအပ်ပါသည်။

ထိုင်သည့်အချိန်ကို ကန့်သတ်ပါ

တနေ့တာလုံး ထိုင်နေခြင်း သို့မဟုတ် လဲလျောင်းနေခြင်းမှာ အဆင်ပြေသော်လည်း တဆက်တည်း အချိန်အကြာကြီး ထိုင်နေခြင်းမှာ ခန္ဓာကိုယ်အတွက် မကောင်းပါ။

တကြိမ်လျှင် မိနစ် ၃၀ ထက်ပို၍ မထိုင်မိစေရန် ကြိုးစားပါ။ အိမ်အတွင်း သို့မဟုတ် အပြင်ဘက်တွင် ခဏတဖြုတ် လမ်းလျှောက်ပေးခြင်းဖြင့် ခြေထောက်များကို လှုပ်ရှားပေးပါ။

အောင်မြင်မှု အသေးအဖွဲလေးများကို အသိအမှတ်ပြုပါ

ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုလေးများကပင် ခန္ဓာကိုယ်အတွက် ကြီးမားသော အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။

မီးဖိုချောင်ထဲတွင် အလုပ်လုပ်ခြင်း၊ ဖုန်စုပ်ခြင်း၊ ဖုန်သုတ်ခြင်း စသည့် နေ့စဉ်လှုပ်ရှားမှုလေးများကိုလည်း တန်ဖိုးထားပါ။

မိမိ တနေ့တာအတွင်း မည်မျှလှုပ်ရှားနေသည်ကို သိရှိနိုင်ရန် မှတ်တမ်းထားရှိခြင်းက နောက်ရက်များတွင် ပိုမိုလှုပ်ရှားလိုစိတ်ကို ဖြစ်ပေါ်စေနိုင်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ