What Being Tired Says About Your Health
လူကိုယ်တိုင် နုံးချိနေခြင်းသည် အိပ်စက်မှုဆိုင်ရာ ပြဿနာတခု ဖြစ်နိုင်သလို၊ သင့်ခန္ဓာကိုယ်က တခြားတခုခုကို ဂရုစိုက်ဖို့ လိုအပ်နေပြီဆိုတာကို ကြိုတင်ပေးပို့တဲ့ သတိပေးချက်လည်း ဖြစ်နိုင်ပါသည်။
နုံးချိပင်ပန်းခြင်းသည် အိပ်ရေးမဝခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ ဆေးဘက်ဆိုင်ရာ ပြဿနာ၊ စိတ်ခံစားမှု သို့မဟုတ် သောက်သုံးနေသော ဆေးဝါးများကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထိုသို့ ပင်ပန်းနွမ်းနယ်ခြင်းသည် အိပ်စက်မှုဆိုင်ရာ ချို့ယွင်းချက်များ၊ သွေးအားနည်းရောဂါ၊ သိုင်းရွိုက်ရောဂါ သို့မဟုတ် စိတ်ကျရောဂါ စသည့် အကြောင်းရင်းများစွာမှ မြစ်ဖျားခံနိုင်ပါသည်။
ပုံမှန်ထက် ပို၍ နုံးချိပင်ပန်းနေပါသလား။ ၎င်းသည် အနားယူရန် ပိုမိုလိုအပ်နေခြင်းကို ဆိုလိုနိုင်သော်လည်း သင့်ကျန်းမာရေးတွင် ပိုမိုပြင်းထန်သည့် တခုခု ဖြစ်ပျက်နေခြင်းကိုလည်း ဖော်ပြနေနိုင်ပါသည်။ သက်ကြီးရွယ်အိုများသည် ပုံမှန်အားဖြင့် တညလျှင် ၇ နာရီမှ ၉ နာရီအထိ အိပ်စက်ရန် လိုအပ်ဆဲဖြစ်သဖြင့် ပုံမှန် နုံးချိနေခြင်းကို "အသက်ကြီးလို့ပါလေ" ဟုဆိုကာ လျစ်လျူမရှုသင့်ပါ။
ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု
ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု ဖြစ်စေသည့် အကြောင်းရင်းများသည် အပြန်အလှန် ဆက်စပ်နေတတ်သဖြင့် လူနာများအနေဖြင့် ၎င်းအကြောင်းရင်းကို မိမိဘာသာ ခွဲခြားရန် အလွန်အမင်း အားထုတ်နေစရာ မလိုပါ။
သတိပြုရမည့် အချက်များ (Red Flags)
ဟောက်ခြင်း၊ အိပ်ရာနိုးသော်လည်း လန်းဆန်းမှုမရှိခြင်း၊ အသက်ရှူမဝခြင်း၊ လေ့ကျင့်ခန်း မလုပ်နိုင်တော့ခြင်း၊ ကိုယ်လက်ဖောရောင်ခြင်း၊ ကိုယ်အလေးချိန် ပြောင်းလဲခြင်း၊ ဝမ်းချုပ်ခြင်း၊ ဖျားခြင်း၊ နာကျင်ခြင်း သို့မဟုတ် ဆေးဝါးများ ပြောင်းလဲသောက်သုံးခြင်း။ ညဘက် ချွေးထွက်ခြင်းနှင့် ဝမ်းသွားသည့် အလေ့အထ ပြောင်းလဲခြင်းတို့သည်လည်း ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ၏ လက္ခဏာများ ဖြစ်နိုင်ပါသည်။
စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ခံစားမှုဆိုင်ရာ အကြောင်းရင်းများကြောင့် ဖြစ်ပါက စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဝင်စားမှု လျော့နည်းခြင်း၊ ပူဆွေးခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်း သို့မဟုတ် စိတ်ဓာတ်ရေးရာ ကုန်ခမ်းနေခြင်းတို့နှင့် ဆက်စပ်နေတတ်ပါသည်။
လက်တွေ့ကျသည့် အရိပ်အမြွက်တခု: အကယ်၍ သင်သည် ၇ နာရီမှ ၈ နာရီအထိ အိပ်စက်သော်လည်း နိုးလာသည့်အခါ နုံးချိနေဆဲဖြစ်ပါက သို့မဟုတ် ထိုသို့ပင်ပန်းခြင်းကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို မလုပ်နိုင်တော့ပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်) နှင့် ပြသသင့်ပါသည်။
________________________________________
ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေသော အကြောင်းရင်း ၅ ချက်
၁။ စိတ်ခံစားမှုဆိုင်ရာ ချို့ယွင်းချက်များ: စိုးရိမ်ပူပန်မှု၊ စိတ်ကျရောဂါနှင့် ပျင်းရိငြီးငွေ့မှုတို့က သင့်ကို ပင်ပန်းနွမ်းနယ်စေနိုင်ပါသည်။ စိတ်ကျရောဂါသည် အမြဲတမ်း ဝမ်းနည်းနေခြင်းမျိုး မဟုတ်ဘဲ စိတ်ဝင်စားမှု ပျောက်ဆုံးခြင်း သို့မဟုတ် အင်အားကုန်ခမ်းခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။
၂။ အိပ်စက်မှုဆိုင်ရာ ပြဿနာများ: အိပ်မပျော်ခြင်း (Insomnia)၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း (Sleep Apnea) နှင့် ခြေထောက်ဂနာမငြိမ်ဖြစ်သည့် ရောဂါစု (Restless legs syndrome) တို့ကြောင့် အလွန်အမင်း ပင်ပန်းနေနိုင်ပါသည်။
၃။ သွေးအားနည်းရောဂါ: ရုတ်တရက် ပင်ပန်းလာပါက သွေးအားနည်းခြင်းကြောင့် ဖြစ်နိုင်ပါသည်။ ၎င်းသည် သက်ကြီးရွယ်အိုများအတွက် ပို၍ စိုးရိမ်ရပြီး ချည့်နဲ့ခြင်း၊ ချော်လဲခြင်းနှင့် အသက်အန္တရာယ်အထိ ဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်။
၄။ သိုင်းရွိုက်ရောဂါ: အသက်ကြီးလာသည်နှင့်အမျှ သိုင်းရွိုက်ဟော်မုန်း နည်းပါးသည့်ရောဂါ (Hypothyroidism) ပိုမိုဖြစ်ပွားတတ်ပြီး ၎င်းသည် ပင်ပန်းခြင်းနှင့်အတူ ကိုယ်အလေးချိန်တက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အရေပြားခြောက်ခြင်း သို့မဟုတ် ချမ်းခြင်းတို့ကို ဖြစ်စေပါသည်။
၅။ ဆေးဝါးများ: ဓာတ်မတည့်ခြင်း သို့မဟုတ် နာကျင်မှုအတွက် သောက်သောဆေးများ၊ ဆီးဆေးများ သို့မဟုတ် စိတ်ကြွစေသောဆေးများကြောင့် နေ့ဘက်တွင် ပင်ပန်းနေတတ်ပါသည်။
အခြားသော ရုပ်ပိုင်းဆိုင်ရာ အကြောင်းရင်းများမှာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဆုတ်ရောဂါ၊ ပိုးဝင်ခြင်း၊ နာတာရှည် ကျောက်ကပ်ရောဂါ သို့မဟုတ် အသည်းရောဂါတို့ ဖြစ်နိုင်ပါသည်။ Long COVID သည်လည်း အကြောင်းရင်းတခု ဖြစ်နိုင်ပါသည်။ ထို့အပြင် ကင်ဆာ၊ Lupus (လေးဖက်နာတမျိုး)၊ အာဟာရဓာတ် ချို့တဲ့ခြင်းနှင့် လေးဖက်နာ အဆစ်အမြစ်ရောင်ရောဂါတို့လည်း ပါဝင်နိုင်ပါသည်။
အကယ်၍ သင်သည် ပတ်ပေါင်းများစွာ ပင်ပန်းနေပါက၊ နေ့ဘက်တွင် ခဏတဖြုတ် အိပ်စက်ရန် ပိုမိုလိုအပ်လာပါက၊ ပုံမှန်အလုပ်များကို မလုပ်နိုင်တော့ပါက သို့မဟုတ် တညလုံး အိပ်သော်လည်း မလန်းဆန်းပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ နေ့ဘက်တွင် အလွန်အမင်း အိပ်စက်ခြင်း (အထူးသဖြင့် နံနက်ပိုင်းတွင် အိပ်ခြင်း) သည် နှလုံးရောဂါ၊ စိတ်ဖောက်ပြန်မှု (Dementia) နှင့် သေဆုံးမှုနှုန်း မြင့်မားခြင်းတို့နှင့် ဆက်စပ်နေနိုင်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment