Clear and present danger ပစ္စက္ခအန္တရာယ်
ရုပ်ရှင်အကြောင်းရေးမှာ မဟုတ်ပါ။ အရင်ကတင်ခဲ့တာလေး ထပ်ဖြည့်ရေးမှာပါ။ နိုင်ငံရေးဘဝဖြတ်သန်းပုံ အတွေ့အကြုံလေးတွေကို အကြောင်းတိုက်ဆိုင်တဲ့အခါ တဖြတ်စာတဖြတ်စာ ရေးမိတဲ့အခါ စာအုပ်ထုတ်ပါလို့ မေတ္တာနဲ့လှမ်းပြောကြတာတွေ မနည်းလှပါ။ စာအုပ်တအုပ်သာ ဖြစ်လာရင်တော့ သမိုင်းအချက်အလက် အသုံးတည့်စရာရှိပါမယ်။ ဒါပေမဲ့ မရေးဖြစ်တာနဲ့ မရေးချင်တဲ့အကြောင်းအချက်တွေ ရှိနေတယ်။
အသက်ရသူတိုင်းဟာ ဖြတ်သန်းမှုများလာလို့ မှတ်သားစရာတွေလဲများကြတာ လူတိုင်းပါဘဲ။ ကျွန်တော့်အဖို့ အမှုထမ်းဆရာဝန်သက်က ၁၅-၁၇ နှစ်၊ နိုင်ငံရေးထဲမှာက ၂၅ နှစ်ဖြစ်လို့ အဖြစ်အပျက်တွေက နိုင်ငံရေးပိုင်းမှာ ပိုများပါတယ်။ နိုင်ငံရေးမှာလဲ ပြည်တွင်းမှာ လုပ်ခဲ့တာနဲ့ ပြည်ပမှာလုပ်တာ နှစ်ပိုင်းရှိပြီး၊ နှစ်ပိုင်းလုံးဟာ “ပုံမှန်လုပ်ရတဲ့ နိုင်ငံရေးမျိုး” မဟုတ်ပါ။
ဆယ်တန်းမြန်မာစာအုပ်ထဲက စကားကြီးခြောက်ခွန်းကို စွဲမှတ်ထားပါတယ်။ မှန်ကန်-အကျိုးရှိ-နာပျော်ဘွယ်ဖြစ်တာနဲ့၊ နာပျော်ဘွယ်မဖြစ်လဲ မှန်ကန်ပြီး၊ အကျိုးရှိမှာကို ပြောအပ်တယ်လို့ ဆိုထားပါတယ်။ အဖွဲ့အစည်းအတွင်းမှာတော့ ပြောသင့်တာကို သတ္တိရှိရှိပြောခဲ့၊ ရေးခဲ့ပါတယ်။ သူများတွေကိုတော့ စကားတခွန်းခွဲသာ ပြောချင်ပါတယ်။
ငယ်ကတည်းကဖတ်ဖူးတဲ့ အမေရိကန်သမတ ‘လင်ကွန်း’ ရဲ့ အတ္ထုပ္ပတ္တိစာအုပ်ထဲက အချက်ကလေးတခုကို ခုထိ စွဲကျန်နေပါတယ်။ သူအင်မတန်စိတ်ဆိုးလို့ ရစရာမရှိအောင်ရေးထားတဲ့စာကို အိပ်ယာအောက်မှာထားခဲ့တယ်။ မေ့ပြီး စာကိုမပို့ဖြစ်ခဲ့ဘူး။ နောင်နှစ်တွေကြာတဲ့အခါမှာ အဲဒီ သူကနေစိတ်ဆိုးတဲ့သူဟာ သူ့အတွက် မိတ်ဆွေကောင်းတယောက် ဖြစ်လာတယ်တဲ့။ (‘ဖေ့စ်ဘွတ်’ မပေါ်သေးတာ ကံကောင်းတယ်။)
ကျွန်တော်လဲ ကြိုးစားကြည့်တာ လက်တွေ့မှာ အကျိုးရှိတဲ့ဥပမာ နှစ်ခုမကတွေ့ရပါတယ်။ မရှိမဲ့ရှိမဲ့ နိုင်ငံရေးထွက်လုပ်နေသူအတွက် ဇနီးကထည့်ပေးလိုက်တဲ့ ရွှေတိုငွေစလေးကို သွားရောင်းခိုင်တာ လိမ်လည်ယူသွားသူတွေကို ပေယျာလကန် ပြုထားနိုင်ခဲ့တဲ့အတွက် တချိန်မှာ တပည့်တိုးတယ်။ နောက်ပြီး ကျောင်းသားတွေနဲ့ သူတို့နောက်မှ ပြည်ပရောက်လာကြတဲ့ NLD တွေနဲ့ ဆက်ဆံရေးမှာလဲ အပြန်အလှန် ကြိုးစားခဲ့ကြရတာတွေရှိတယ်။ ဆက်ဆံရေးခက်ခဲသူတွေလဲ မနည်းလှပါ။ အခုထိဆဲနေသူလဲ တယောက်တိတိရှိတယ်။ ဒါပေမဲ့ နှစ်တွေကြာလာ၊ အပြောင်းအလဲတွေရှိလာ၊ မျက်စိနား ပိုပွင့်လာချိန်မှာ တချို့ကအသိအမှတ်ပြန်ပြုတာမျိုးရတဲ့အခါ ‘လင်ကွန်း’ ကို ကျေးဇူးတင်မိပါတယ်။
ကျွန်တော့်ပြည်ပနိုင်ငံရေးမှာ နိုင်ငံတကာဆက်ဆံရေးနဲ့ ပြည်တွင်းဆက်သွယ်ရေး နှစ်ခုလုပ်ရပါတယ်။ အဲဒီကာလတွေမှာ ပြည်တွင်းအဆက်သွယ်ထဲကလူတွေမှာ အင်မတန် အန္တရာယ်ကြီးပါတယ်။ တချို့က ထောင်ကျခံရပါတယ်။ ဒါတောင် ထောက်လှမ်းရေးက သိသလောက်လေးသာပါ။ ဒီအကြောင်းအချက်တွေကို ဘယ်တော့မှထုတ်ရေးမယ် မဟုတ်ပါ။
၁၉၉ဝ နိုဝင်္ဘာလထဲမှာ ပုလဲကအိမ်ကိုလာဖမ်းတုံးက လွတ်ထွက်ပြီး၊ ပြည်တွင်းမှာ နှစ်ပါတ်တိတိ လုံခြုံအောင် ပုန်းအောင်းနေနိုင်ခဲ့တယ်။ ကိုယ့်ဖါသာဆုံးဖြတ်ချက်ချပြီး ဘေးမသီရန်မခ ပြည်ပထွက်ခဲ့တယ်။ နောက် ၄ နှစ်အကြာမှာ ကျန်နေရစ်တဲ့ မိသားစုကို အောင်အောင်မြင်မြင် ခေါ်ယူနိုင်ခဲ့တယ်။ ဒီဖြစ်စဉ်တွေမှာ ကူညီသူတွေအားလုံးကို အတိအကျ မှတ်မိဆဲပါ။ ဒါပေမဲ့ ကိုယ်ရေးတဲ့စာကို သူများစိတ်ဝင်စားဘို့အတွက်နဲ့တော့ သူတို့နာမယ်နဲ့ နေရပ်လိပ်စာတွေကို ဘယ်တော့မှ ထုတ်ရေးမှာမဟုတ်ပါ။
‘ဟိတောပဒေသ’ ထဲမှာပါတဲ့ ‘ပစ္စည်းဥစ္စာပျက်သောအခါ၌ လာရောက်စောင့်ရှောက်ကူညီ ကာကွယ်ပေးတတ်သော မိတ်ဆွေသစ် (ဗျသနာရက္ခတ)’ တွေလဲရှိခဲ့တာ အမှန်ပါ။ ကျေးဇူးတရားရှိသူတွေရဲ့နာမည်တွေကိ ထုတ်မရေးနိုင်တာ ပိုပြီး စိတ်မကောင်းဖြစ်ရတာလဲ အမှန်ပါ။ “လူသေလို့ ဆွေးပေမဲ့ အမှုဆိုတာ မဆွေးဘူး” လို့ ကျွန်တော့်ဇနီးက ခဏခဏသတိပေးနေပါတယ်။
တချို့အတွက်တော့ အံ့သြစရာ၊ မယုံနိုင်စရာဖြစ်ပါမယ်။ ကျွန်တော့်ကို အများဆုံး အခက်အခဲတွေပေးခဲ့ကြသူတွေထဲမှာ တသင်းတဖွဲ့ထဲကလူတွေလဲပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ရော နိုင်ငံရေးအယူအဆအရ မတူကြသူတွေနဲ့ပါ ပဋိပက္ခရယ်လို့မရှိပါ။ အနီးကပ်ဆုံးနေကြပြီး၊ လူယုံလူရင်းလို့ ပုံထားတဲ့သူတွေကနေ ရန်သူလိုဖြစ်သွားခဲ့တာတွေရှိတယ်။ ကျွန်တော့် အားနည်းချက်တွေထဲမှာ “လူကဲခတ်ညံ့ခြင်း” လဲပါတယ်။ ပြဿနာဖြစ်တဲ့အခါ ပါတီတွင်းကိစ္စမို့ မီဒီယာကို ကျွန်တော်ကထုတ်မပြောပါ။ တဖက်ကတော့ မမေးဘဲပြောခဲ့ပါတယ်။ မပြည့်စုံ (မမှန်ကန်တဲ့) သတင်းကို ဝါရင့်သဘာရင့် မီဒီယာတွေက မသုံးခဲ့ပါ။ သူ့လူသူယုံမိလို့ သုံးခဲ့တဲ့ဌာနတခုမှာတော့ ပြဿနာတက်ခဲ့ပါတယ်။ ဒီအချိန်မှာ ကျွန်တော်က ဖွတာမျိုးလုပ်လို့ အကျိုးများမယ်မထင်ပါ။
ပြည်ပနိုင်ငံရေးမှာ ကျွန်တော်ဟာ ဦးထုပ်နှစ်လုံးဆောင်းရသူပါ။ တိုင်းပြည်ကနေထွက်ပြေးခဲ့ရတဲ့ တခုတည်းသောအကြောင်းရင်းဟာ NCGUB စဉ်ပြိုင်အစိုးရ ဖွဲ့စည်းရေးဖြစ်ပါတယ်။ ဒါ့ပြင် NLD/LA ဖွဲ့တဲ့အခါမှာလဲ တာဝန်ရှိခဲ့ပါတယ်။ ကျွန်တော် ကိုယ်တိုင်လူရွေးခန့်ပြီး လစာပေးထားသူထဲက တယောက်မကဟာ ကျွန်တော်နဲ့ နိုင်ငံရေးအရ၊ ပုဂ္ဂိုလ်ရေးအရ မသင့်သူတွေနဲ့ သွားပေါင်းပြီး ကျွန်တော့်ကို တိုက်ခိုက်ကြတယ်။ ဘာလို့လဲဆိုတာ ခုထိနားမလည်နိုင်သေးပါ။ ကျွန်တော် “လူရွေးလဲ မတော်ပါ”။
စစ်ထောက်လှမ်းရေးလက်ကနေ လွတ်မြောက်နိုင်ခဲ့ပေမဲ့ “အနီးကပ်ရန်သူ့စက်ကွင်း” က မလွတ်ကင်းတာ အခါခါ ကြုံရပါတယ်။ နိုင်ငံရေးမှာ ကိုယ်နဲ့အမြင်မတူသူတွေရှိတာက ပုံမှန်သဘောပါ။ ဆိုးတာက မဟုတ်တမ်းတရားစွပ်စွဲသူ၊ စော်ကားသူ၊ အသေရဖျက်သူ၊ ဖအေမနိုင်ရင် မိသားစုကို ဖျက်ဆီးဘို့ ကြိုးပမ်းသူ စတာတွေကိုလဲ ကြုံခဲ့ရပါတယ်။ ဘယ်လိုမှ ထင်မထားသူတွေကနေ ယုတ်မာကောက်ကျစ်တာ၊ ဂုံးတိုက်ချောပြစ်တာမျိုးတွေရှိခဲ့တယ်။ ကျွန်တော့်မှာ အိုမင်းပျက်ယွင်းနေတဲ့ ပုလဲကအိမ်ကလေးသာ ကျန်တော့ပေမဲ့၊ “ဘယ်မှာ အိမ်-တိုက်ဘယ်နှစ်လုံး၊ ပါတီကငွေ ဘယ်နှစ်သိန်း ဘုံးထားတယ်” စသဖြင့်ပြောတယ်။ အဲလိုလူကို ရှေ့ထွက်အကခိုင်းပြီး၊ လူစုတယ်၊ ငွေထုတ်ပေးသူကပေးတယ်။ အသေးစိတ်မရေးချင်တာက ကျွန်တော်ရေးတာမမှန်ဘူးလို့ တဖက်ကလဲပြန်ရေးနိုင်မှ မျှတမှာဖြစ်လို့ပါ။
အဲလိုအမှုအခင်းတွေဖြစ်ခဲ့တာက ၁၉၉၆ နဲ့ ၂ဝဝ၈ အတွင်းကပါ။ ဒီစာကိုအရင်ရေးခဲ့တာက ၁၁-၁-၂ဝ၁၄ နေ့ကပါ။ အဲတာရေးပြီးမှ နောက်ထပ်အဖြစ်အပျက်တခု ကြုံရပြန်ပါတယ်။ ကနေ့အချိန်မှာ အဝတ်အစားပြောင်းဝတ်တာကလွဲလို့ အခြေခံနိုင်ငံရေးက မပြောင်းသေးလို့ ပြည်တွင်းကအင်အားစုတွေ ဆက်ပြီးလုံးပမ်းနေကြရချိန်မှာ၊ ပြည်ပမှာတော့ မရိုသေစကာ့း့ ခြောက်၊ ရေနှူးတာမျိုးထပ်လုပ်လာပြန်တာရှိတယ်။ အဲလို ညစ်ပတ်ကောက်ကျစ်စဉ်းလဲတတ်သူတွေကို မသိသူတွေကလဲ ရှိခိုးဦးတင်နေကြတယ်။ သူတို့လုပ်တာကို ကျွန်တော်နဲ့ သူတို့ကိုယ်စောင့်နတ်တွေကသာသိပါတယ်။ နိုင်ငံရေးမှာ ညစ်ပတ်တာတွေ၊ ကောက်ကျစ်တာတွေရှိမှန်း တိတိပပသိရလို့ စိတ်ပျက်မဲ့သူမျိုး တိုးမလာစေချင်ပါ။ လူရွယ်တွေအတွက် အားတက်စရာသာ ရေးချင်ပါတယ်။
Past ဆိုတာအတိတ်ဖြစ်တယ်။ Clear and present danger ဆိုတာ အခုလဲတကယ်ရှိနေတဲ့ အန္တရာယ်ကိုခေါ်ကို ခေါ်ပါတယ်။ အဲဒါက ကျွန်တော်တယောက်တည်းအတွက်သာ။ မြန်မာ့အရပ်သားလူထုမှာလည်း ထင်ရှာတဲ့ ပစ္စက္ခအန္တရာယ် မကင်းသေးပါ။
ဒေါက်တာတင့်ဆွေ
၉-၉-၂ဝ၁၄
၃၀-၁-၂၀၂၁

Comments
Post a Comment