Herpes labialis နှုတ်ခမ်းရေယုံ
၁။ ဆရာ မဂ်လာပါရှင့် နှုတ်ခမ်းမှာပေါက်တဲ့ ရေယုံက ဒီအချိန်တိုင်း ပေါက်ပါတယ် ဒီအချိန်ရောက်တိုင်း နောက်နှစ်တွေလည်း ပေါက်မှာဘဲလားရှင့် နောက်မဖြစ်အောင် နေလို့ ရပါလား စားဆေး လိမ်းဆေး ညွှန်ပေးလို့ရင် ညွန်ပေးပါအုံး ဆရာ ၃ နှစ်ရှိပြီ ဒီအချိန်ရောက်တိုင်းပေါက်ပါတယ် ကျေးဇူးပါဆရာ မေးတာ အမှားပါရင်ခွင့်လွှတ်ပါ
၂။ အသက် ၃၆ မ အိမ်ထောင်ရှိ သမီး (၁)ဦး ၂နှစ်၆လ နှုတ်ခမ်းရေယုန်နာဖြစ်နေပါတယ်ရှင့်။ နှစ်ကြိမ်မြောက်ပါရှင့်။ ရောဂါအကြောင်းနှင့်ဆောင်ရန်ရှောင်ရန်သိချင်ပါတယ်ရှင့်။ ကာကွယ်ဆေးထိုးသင့်/မသင့်လည်းသိချင်ပါတယ်ရှင့်။
၃။ မင်္ဂလာပါဆရာ သမီးအသက် ၃၈နှစ်ပါ။ ဆောင်းရာသီရောက်ရင် ပေါ်နုတ်ခမ်းအပေါ်မှာ ရေယုန်လိုအနာလေတွေ ပေါက်ပေါက်နေလို့ပါရှင့်။ ဘယ်ဆေးတွေသောက်လိမ်းရပါသလဲရှင့်။ ကျေးဇူးအထူးတင်ပါတယ်ရှင့်။
၄။ ဆရာ သမီးဘယ်ဘက်လက်ပြင်မှာ ရေယုံတလုံးပေါက်လာပါတယ်။ အိပ်ရေးပျက်တာများသွားလို့ ထင်ပါတယ်။ ခုဟိုဘက်ဒီဘက်လှည့်လို့မကောင်းပါဘူး။ အကြောတင်းကိုက်ပြီး နာလာပါတယ်။ အရင်က အဲဒီနေရာမှာ ပေါက်ဖူးပါတယ်။ ကင်းမုံရွက်နဲ့မန်းပြီး တပတ်လောက်ကြာမှ ပျောက်ပါတယ်။ ဆံပင်နဲ့ထိလို့ ပိုပွားသွားလို့ပါ။ ဆေးသောက်ရင် ပျောက်တယ်ပြောလို့ သမီးကိုညွှန်ကြားပေးပါဦးဆရာ။
Herpes labialis ခေါ်ပါးစပ်နားတဝိုက်မှာ ရေယုံပေါက်တာ အတော်အဖြစ်များတယ်။ ဗိုင်းရပ်စ်ကနေဖြစ်စေတယ်။ ရေယုံပေါက်တော့မယ်ဆိုတာနဲ့ နေရာလေးတခုက နာပြီး နည်းနည်း ပူလာမယ်။ အဲဒီလိုသိသိချင်း သွားနဲ့ဖိဖိပေးရတယ်။ လက်နဲ့လည်းဖိတယ်။ ခံနိုင်သလောက်ပေါ့။ ဆက်မတိုးတော့ပဲ ပျောက်တယ်။ ဖြစ်လာရင်လည်း တက်ထွာဆိုက်ကလင်း ကော်မျက်စဉ်း လိမ်းတယ်။ နောက်ထပ် ဗက်တီးရီးယား မဝင်အောင်သာဖြစ်တယ်။ အလိုလိုပျောက်မယ်။ ပြန်ဖြစ်တတ်တယ်။ တကိုယ်ရေသန့်ရှင်းရေး ပိုလုပ်ပါ။ ဗိုင်းရပ်မပေါက်ပွါးစေနိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ပြုပြင်နိုင်ရင် ကောင်းတယ်။
Cold sore ခေါ် Aphthous ulcer ပါးစပ်နာနဲ့ Angular stomatitis ကျီးကန်းပါးစပ်နာနဲ့ မှားတတ်တယ်။ နှုတ်ခမ်းရေယုံဖြစ်နေချိန်မှာ လင်မယားချင်း ကူးတတ်တာ သတိထားရမယ်။ လိင်လမ်းရေယုံမဖြစ်အောင် အထူးသတိထားရမယ်။
ဗိုင်းရပ်စ်ကနေဖြစ်တဲ့ရောဂါ အတော်များများဟာ အလိုလိုပျောက်ပါတယ်။ ဘာဆေးနည်းလုပ်လုပ် တည့်သွားတယ်လို့ပြောရင် မမှားပါ။ အဲဒီဆေးကြောင့် ဗိုင်းရပ်စ်တွေ သေသွားတာတော့မဟုတ်ပါ။ ဗိုင်းရပ်စ်ကိုသေစေတဲ့ဆေး မပေါ်သေးပါ။ ဗိုင်းရပ်စ်ကနေ ဖြစ်တဲ့ HIV ရောဂါနဲ့ အသည်းရောင်ရောဂါတွေအတွက် ရောဂါဆက်မတိုးအောင်လုပ်တဲ့ဆေးသာရှိတယ်။ ဗိုင်းရပ်စ်ကနေ ဖြစ်တဲ့ ခွေးရူးဆိုရင် တန့်နေအောင်တောင်မှ လုပ်မရသေးပါ။ အရပ်နည်းတွေက တိုက်ဆိုင်လို့ ပျောက်သွားတာရှိသလို ပိုဆိုးစေတာလည်း ရှိတတ်တာကို သတိပြုစေလိုပါတယ်။
ရေယုံက ဗိုင်းရပ်စ်ကနေဖြစ်တယ်။ အလိုလိုလည်း ပျောက်တယ်။ ပြန်ဖြစ်ရင်တော့ ဆေးသောက်ရမယ်။ ရေယုံဆိုတာ ဗိုင်းရပ်စ် ကနေဖြစ်တယ်။ ပြန်ပြန်ဖြစ်တတ်တယ်။ နေရာအတော်များများမှာဖြစ်တယ်။ ပါးစပ်၊ နှုတ်ခမ်း၊ အရေပြား၊ မျက်စိ၊ လိင်လမ်းကြောင်းတွေမှာဖြစ်တယ်။ Cold sores လို့လည်းခေါ်တယ်။ အနာနဲ့ဖြစ်ဖြစ် အနာမဟုတ်တဲ့နေရာဖြစ်ဖြစ်နဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကူးစက်တယ်။ အနာက မီးလောင်ဖုလေးတွေလို နေမယ်။ ကိုယ်ပူတာ၊ နေထိုင်မကောင်းတာတွေပါ ခံစားရတတ်တယ်။ ဗိုင်းရပ်စ်ကနေဖြစ်တာမို့ နိုင်တဲ့ဆေးဆိုတာ မရှိပါ။ သက်သာစေမဲ့ ဆေးတွေသာ ရှိတယ်။
ရေယုံဗိုင်းရပ်စ် Herpes simplex virus (HSV) အမျိုးအစား ၂ မျိုးရှိတယ်။ HSV-1 နဲ့ HSV-2 ဖြစ်ကြတယ်။ HSV-1 ဗိုင်းရပ်စ်ကနေ Herpes labialis ပါးစပ်၊ နှုတ်ခမ်း၊ Herpes simplex အရေပြားနဲ့ Herpes keratitis မျက်ကြည်လွှာတွေမှာ ဖြစ်စေတယ်။ HSV-2 အမျိုးအစားဟာ လိင်လမ်းကြောင်းမှာ ဖြစ်စေတယ်။ ဒါပေမဲ့ အဲလို အတိအကျတော့ ကံသေကမ္မ ပြောမရဘူး။ မီးလောင်ဖုလိုအနာပျောက်ပေမဲ့ ဗိုင်းရပ်စ်က Nerve cells (Ganglia) အာရုံကြောထဲမှာ ကျန်နေသေးမယ်။ ဒါ့ကြောင့် ပြန်ပြန်ဖြစ်စေတယ်။ အရေပြားနဲ့ အရေပြားနုလွှာထဲမှာလည်း ပိုးကကျန်နေနိုင်တယ်။ အကြောင်းတခုခုကြောင့် ကိုယ်ပူချိန်၊ ရာသီလာချိန်၊ စိတ်ဖိအားများချိန်၊ ကိုယ်ခံအား ကျနေချိန်တွေမှာ ရောဂါပြန်ပေါ်တတ်တယ်။
ပါးစပ်မှာဖြစ်တာကို ဆေးစာနဲ့ Herpetic gingivostomatitis ခေါ်တယ်။ ပါးစပ်နှုတ်ခမ်းမှာပေါက်တာကို Herpes labialis (Cold sores) လို့ခေါ်တယ်။ Genital Infection လိင်လမ်းမှာဖြစ်တာ ပိုဆိုးနိုင်တယ်။ တချို့မှာ သိပ်မခံစားရဘူး။ ဗက်တီးရီးယားပါ ထပ်ဆင့်ဝင်နိုင်တယ် အနံ့ဆိုးတဲ့အရည် ထွက်မယ်။ ကိုယ်ခံအား နည်းနေသူတွေမှာ ဖြစ်ရင် အနာက ပိုပိုကြီးလာမယ်။ ပျောက်ဘို့ ကြာတယ်။ ကိုယ်ထဲအထိ ရောဂါရောက်နိုင်တယ်။ အစာမြိုပြွန် နဲ့ အဆုပ်၊ အူမကြီးအထိ ရောက်နိုင်တယ်။
HSV-1 ပိုးကနေ မျက်ကြည်လွှာမှာဖြစ်ရင် မျက်စိနာမယ်။ Herpes simplex keratitis ခေါ်တယ်။ အမြင်ထိခိုက်စေမယ်။ အလင်းရောင်ကိုမကြည့်နိုင်ဘူး။ ဆေးမကုဘဲထားရင် အပြင်တိမ်ဖြစ်ပြီး မျက်ကြည်လွှာလည်းတာ လုပ်ရမယ်။ HSV ပိုးကြောင့် ဦးနှောက်မှာဖြစ်ရင် Herpes encephalitis ခေါ်တယ်။ ကိုယ်ပူမယ်၊ စိတ်မကြည်မလင်ဖြစ်မယ်၊ တက်မယ်၊ သေနိုင်တယ်။
ကိုယ်ဝန်ဆောင် မိခင်လောင်းကနေ သူ့ကလေးကို ကူးစေနိုင်တယ်။ မွေးလမ်းကြောင်းအနားမှာ ရေယုံဖြစ်နေရင် မွေးဖွါးနေစဉ်မှာ ကူးစေတာဖြစ်တယ်။ မမွေးခင်ကလေးဆီကူးတယ်ဆိုတာ အလွန်ရှားတယ်။
ရောဂါသက်သာအောင်
- Antiviral Drugs ဗိုင်းရပ်စ်သေဆေးဆိုတာမရှိသေးပါ။ ပြန်ဖြစ်နေသူတွေကိုတော့ Acyclovir, Valacyclovir, Famciclovir စားဆေးတွေက သက်သာရာရစေနိုင်တယ်။ စောစောဆေးပေးတာ ပိုသက်သာစေတယ်။
- Penciclovir cream လိမ်းဆေးကို နေ့ခင်းမှာ ၂ နာရီတခါ လိမ်းသင့်တယ်။
- Docosanol ဆေးပါတဲ့လိမ်းဆေးကို တနေ့ ၅ ခါလိမ်းတာလည်း သက်သာစေမယ်။
ဆိုးဝါးတဲ့ Herpes encephalitis ဦးနှောက် နဲ့ မွေးစကလေးတွေအတွက် Acyclovir ဆေးကို IV သွေးပြန်ကြောထဲ ထိုးပေးရမယ်။
- Herpes simplex keratitis မျက်စိဖြစ်တာဆိုရင် Trifluridine eye drops မျက်စဉ်းခတ်ရမယ်။ ဆေးတွေအပြင် အနာနေရာကို သန့်ရှင်းစေတာ လုပ်ရမယ်။ နာတာအတွက် ရေခဲတင်နိုင်တယ်။
- Topical anesthetics (Tetracaine cream or Benzocaine ointment) နာတာသက်သာစေတဲ ထုံဆေးလည်း သုံးနိုင်တယ်။ ပါးစပ်မှာ ဖြစ်တဲ့အနာ နာရင် Lidocaine သုံးနိုင်တယ်။ မျိုမချရဘူး။
- Pain relievers နာတာသက်သာစေတဲ့ စားဆေးတွေလည်း သုံးနိုင်တယ်။
Acyclovir အက်စီကလိုဗာဆေး
ဗိုင်းရပ်စ်ကို မသေစေပါ။ ဒါပေမဲ့ တိုးပွါးလာမှာကိုတားပေးပါမယ်။ ရောဂါလက္ခဏာကိုလည်း သက်သာစေမယ်။ Genital herpes လိင်လမ်းရေယုံ၊ Cold sores နှုတ်ခမ်းရေယုံ၊ Shingles ရှင်ဂဲလ် နဲ့ Chicken pox ရေကျောက်ရောဂါတွေကို ပေးတယ်။
ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အအေးမိတာနဲ့ တုပ်ကွေးကိုတော့ မပေးပါ။ ရောဂါလက္ခဏာတွေဖြစ်တဲ့ နာတာ၊ ပူလောင်တာ၊ ကျင်တာနဲ့ အပူဖူးပေါက်တာတွေ စဖြစ်ကတည်းက ဆေးစသောက်ရမယ်။ ဆေးသောက်နေချိန်မှာလည်း သူများကို ကူးစက်နိုင်တာသတိထားပါ။ အနာနေရာကို မထိစေပါနဲ့။ မျက်စိနဲ့မထိပါစေနဲ့။ လက်ကိုမကြာခဏဆေးကြောပါ။
ဆေးဘယ်လိုပေးမလဲ
• Herpes Simplex ရိုးရိုးရေယုံ = Acyclovir 200 mg တနေ့ ၅ ကြိမ်၊ ၅-၁ဝ ရက်။ ပြန်ဖြစ်ရင် 400mg တနေ့ ၃ ကြိမ်၊ ၇-၁ဝ ရက်။ ပိုးကိုနှိမ်ထားဘို့အတွက် Acyclovir 200 mg တနေ့ ၁-၂ ကြိမ်၊ ရက်အကြာကြီးသောက်ပါ။
• Shingles (Herpes Zoster) အပူလောင်သလိုအဖုတွေအများကြီး ကိုယ်ခန္ဓာမှာဖြစ်တာ = Acyclovir 800mg တနေ့ ၅ ကြိမ်၊ ၇-၁ဝ ရက်။
• Chickenpox (Varicella Zoster) ရေကျောက် = Acyclovir 800 mg တနေ့ ၄ ကြိမ်၊ ၅ ရက်။ ဒီဆေးကို ကိုယ်ဝန်အတွက် FDA pregnancy category B လို့သတ်မှတ်ထားလို့ အကျိုးကပိုတာဆိုရင် ပေးနိုင်တယ်။ ဆေးကို အစာနဲ့နီးရင်ပိုသင့်တယ်။ အစာမရှိလည်း သောက်နိုင်ပါတယ်။ အနာနေရာကို ခြောက်သွေ့နေစေပါ။ အဝတ်အစား တင်းကျပ်မနေစေပါနဲ့။ လိင်လမ်းရေယုံဖြစ်နေချိန်မှာ အတူမနေပါနဲ့။ (ကွန်ဒွမ်) သုံးလို့တော့ ရပါတယ်။ ဆီးနည်းလာရင် သတိထားပါ။ ရေသောက်မနည်းစေပါနဲ့။ ဆေးသောက်နေချိန်မှာ သွေးထွက် လွယ်တတ်တယ်။ အားယုတ်တာ ခံစားရနိုင်တယ်။ တချို့မှာ ပျို့-အန်တတ်တယ်။ ဝမ်းလျောနိုင်တယ်။ အစားပျက်၊ ဗိုက်အောင့်တတ်တယ်။ ခေါင်းကိုက်၊ ခြေလက်ရောင်နိုင်တယ်။ နောက်ထပ် မဖြစ်အောင် ရေယုံဖြစ်စေတယ်လို့ ထင်တဲ့ အလေ့အထနဲ့ အစားအသောက် ရှောင်သင့်တယ်။ နှုတ်ခမ်း အနာရှိသူနဲ့ ပါးစပ်သုံး နမ်းတာ မလုပ်ရ၊ လိင်လမ်းဖြစ်သူနဲ့ ဆက်ဆံတာ ရှောင်ပါ။ လက်ပွန်းတတည်း မနေပါနဲ့။
Herpes Simplex ရိုးရိုး ရေယုံ
ဆရာရှင့် ကျမအဲ့လိုပေါက်နေတာ ဘာလို့ခေါ်လဲရှင့် နာတယ် စပ်တယ် ရေနွေးပူလောင်သလိုစပ်နေပါတယ်ရှင့် အဲ့ဒါလိမ်းတယ် အဆင်မပြေသလိုပဲ ဘာလိမ်းရမလဲရှင့် ဆေးထိုးကြောက်လို့ပါ ပွားလဲပွားပါတယ်
ပုံအရတော့ ရေယုံနဲ့တူတယ်။
ရေယုံက ၄-၅ မျိုးရှိတယ်။
အများဆုံးဖြစ်လေ့ရှိတဲ့ ရိုးရိုးရေယုံက မီးလောင်ဖုသေးသေးလေးတွေလို တကိုယ်လုံးမှာ ဖြစ်နိုင်တယ်။ နာတယ်။ ပူလောင်တယ်။ ပွားတယ်။ ကိုယ်ပူနိုင်တယ်။ ဆိုင်ရာနေရာက တက်စေ့ ခေါ် လင့်ဖ်နုတ်တွေ ရောင်မယ်။ သူ့ရာသီနဲ့သူ အဖြစ်များလေ့ရှိတယ်။
မေးတဲ့သူ အသက် မသိ။ ရှင်းဂဲလ် ဆိုတာက အသက်ကြီးသူတွေမှာ ပိုဆိုးတယ်။ အလွန်နာမယ်။
ရေယုံအတွက် ထိုးဆေးမလို။ အလိုလိုပျောက်တယ်။ စားဆေးနဲ့ လိမ်းဆေးရှိတယ်။ ရှင်းဂဲလ် ကာကွယ်ဆေးသာရှိတယ်။Herpes Simplex ရိုးရိုး ရေယုံ https://dr-tint-swe.blogspot.com/2021/01/herpes-simplex.html
Herpes labialis နှုတ်ခမ်းရေယုံ https://dr-tint-swe.blogspot.com/2020/12/herpes-labialis.html
Genital Herpes လိင်လမ်း ရေယုံ https://dr-tint-swe.blogspot.com/2021/01/genital-herpes_30.html
Shingles ရှင်းဂဲလ် ခေါ် ဆင်ဖြူတော်ရေယုံ https://dr-tint-swe.blogspot.com/2021/05/shingles.html
Eye herpes မျက်စိ ရေယုံ https://dr-tint-swe.blogspot.com/2021/01/eye-herpes.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment