Neonatal jaundice မွေးစကလေး အသားဝါခြင်း

အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်လည်းရပါတယ်။ ဆောရီး။

၁။ ဆရာရှင့် မင်္ဂလာပါရှင် မွေးကင်းစ ရက်သားကလေးမှာ အသားဝါ ဘာကြောင့် ဖြစ်တတ်သလဲ စိုးရိမ်ရလား ကာကွယ်လို့ရလား ဘယ်လို ကာကွယ်ရမလဲ သိချင်ပါတယ်ရှင်
၂။ ဆရာရှင့် သမီးအစ်မက ၂ဝ ရက်နေ့က မန္တလေးဆေးရုံမှာ ယောက်ျားလေး မွေးခဲ့ပါတယ်ရှင့်။ ဘေးအခန်းနဲ့ မျက်နှာချင်းဆိုင်အခန်းက ကလေးတွေက အသားဝါလို့ ဓါတ်ကင်တာကို တွေ့ရပါတယ်။ အစ်မရဲ့ ကလေးကတော့ ၃ ရက်နေမှ သွေးဖောက်ကြည့်တော့ အသားဝါပါလို့ သွေးလဲရပါတယ်ရှင့်။ အဲဒါဟာ ဘာကြောင့်ပါလဲရှင့်။ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ စားသောက်နေထိုင်မှုနဲ့ ဆိုင်ပါသလားရှင့်။ ဒါမှမဟုတ် ကူးစက်မှုတစ်ခုလား။ မွေးလာမယ့်ကလေးမှာ အသားဝါ မပါအောင် ဘယ်လိုလုပ်သင့်ပါသလဲရှင့်။
၃။ မင်္ဂလာပါဆရာ။ ကလေးအသားဝါတာနဲ့ပတ်သတ်ပြီးသိချင်လို့ပါရှင်။ သမီး ၁၄ ရက်နေ့က သမီးလေးကို ရိုးရိုးမွေးခဲ့ပါတယ်။  သမီးကော အမျိုးသားပါ အိုသွေးပါ။ အိုသွေးသမားတွေက ကလေးမှာပိုပြီး အသားဝါကြတယ်လို့ ပြောကြပါတယ်ဆရာ။ မနေ့က သွေးစစ်တော့ အသားဝါအဆင့်က ၁၃  ပဲရှိပါတယ်ဆရာ။ ဒီနေ့တော့ ၂၃ ဖြစ်သွားလို့ ၆ နာရီကို မီးပြပြီး မသက်ရင်သွေးတွေလဲထုတ်ပစ်ကမယ်လို့ပြောပါတယ်ဆရာ။ ဘာကြောင့်အသားဝါတဲ့အဆင့်က ပိုတိုးလာတာရယ်။ သွေးလဲလိုက်ရင် ပိုကောင်းလာမလားဆိုတာရယ် ဖြေကြားပေးစေချင်ပါတယ်ဆရာ။ သမီးလေးကို ၈ ပေါင် ၅ အောင်စကို လေစုပ်စက်ကူပြီးမွေးခဲ့ပါတယ်ဆရာ။  အခုသမီးဆေးရုံမှာပါဆရာ ရိုသေလေးစားစွာဖြင့်။
၄။ လေးစားရပါသောဆရာရှင့်။ ကျမအသက် ၃၄ နှစ်ပါ။ သားဦးသားလေး ခွဲမွေးထားတာ တလပြည့်ပါပြီ၊၊ ၃ ရက်သားလေး တုန်းက အသားဝါချင်လို့  ၂ ရက် မီးပြရပါတယ်၊၊ ခုကျန်းကျန်းမာမာနဲ့အိမ်ပြန်ရောက်ပါပြီ။ သားလေးမျက်နှာမှာ နည်းနည်း ဝါသလိုအရောင်လေးထွက်နေတယ် ပြီးတော့ မျက်လုံးကလဲ ဖြူဖြူ ကြည်ကြည်လေး မဖြစ်ဘဲ ဝါနောက်နောက်လေး ဖြစ်နေတယ်။ ကလေးဆရာဝန်နဲ့ပြတော့ ကိစ္စမရှိပါဘူး လို့ပြောတယ်။ ကလေးမျက်လုံးက အဲလိုဘဲလား၊ ဒါမှ မဟုတ် မီးပြလိုက်လို့ဖြစ်တာလား။ တကယ်ဘဲစိုးရိမ်စရာမလိုဘူးလားသိချင်တယ်ဆရာ။ ပြီးတော့ အဝါရောင်တွေကျန်နေတာ သဘာဝဘဲလားဆရာ။
၅။ ဆရာဆွေရှင့် မွေးကင်းစကလေး အသားဝါခြင်း လက္ခဏာတွေအကြောင်း ပြောပြပေးပါနော်။ သမီးကလေးက မွေးပြီးမှာ မျက်လုံးမျက်သားက အဖြူမဟုတ်ပဲ ဝါနေပါတယ်။ ဆေးရုံကပြောတာကတော့ အသားဝါတာ မရှိဘူးလို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ စိုးရိမ်လို့ပါရှင်။ ပြီးတော့ ကလေးတွေက မွေးစမှစပြီး မည်သည့်ကာကွယ်ဆေးတွေ ထိုးရတယ်ဆိုတာကိုလည်း ပြောပြပေးပါဦးနော်။
အသားဝါကို ခေါ်တဲ့ Jaundice (ဂျွန်းဒစ်) ဆိုတာ ပြင်သစ်စကားကနေလာတယ်။ ကလေးအရေပြားမှာ Bilirubin (ဘီလီရူဘင်) ခေါ်တဲ့ အရောင်ရှိဓါတ်တွေ များနေလို့ဖြစ်တယ်။ လူတိုင်းမှာရှိတာပါဘဲ၊ ကလေးမှာများနေလို့။ ကလေးတိုင်း ၅ဝ-၆ဝ% က မွေးပြီး တပါတ်အတွင်းမှာ အသားဝါကြတယ်။ မွေးစကလေး အသားဝါတာကို ဆေးစာနဲ့ Neonatal jaundice ခေါ်တယ်။ သွေးစစ်ကြည့်ရင် Bilirubin level က 85 umol/l (5 mg/dL) ထက် များနေတာ ဖြစ်တယ်။ လူကြီးတွေမှာတော့ 34 umol/l (2 mg/dL) ဆိုရင် အသားဝါနေတယ်လို့ ပြောတယ်။
ဖြစ်စေတဲ့ အကြောင်းတွေက -
1. Increase bilirubin load on liver cells: အသည်း (ဆဲလ်) တွေမှာ (ဘီလီရူဘင်) များလာလို့၊
2. Defective hepatic uptake of bilirubin from blood plasma: သွေးထဲက (ဘီလီရူဘင်) တွေကို အသည်းကနေ လုံလောက်အောင် မယူနိုင်လို့၊
3. Defective billirubin conjugation: (ဘီလီရူဘင်) ကို အသည်းကနေ ပေါင်းစပ်ပေးမှုမှာ ချို့ယွင်းလို့၊
4. Defective bilirubin excretion (ဘီလီရူဘင်) တွေကို စွန့်ထုတ်ပြစ်တာ မနိုင်လို့ ဆိုတဲ့အကြောင်းတရားတွေကြောင့် အသားဝါရတယ်။
မွေးစကလေး အသားဝါတာ (၄) မျိုးရှိတယ်။
(၁) Physiological jaundice ဇီဝကမ္မဖြစ်စဉ်အရ ဖြစ်လာတာမျိုး၊ ဆေးကုစရာ မလိုပါ။ သန္ဓေသားဘဝက သွေးတွေကို အသစ်လဲရာကနေ သွေးနီဥတွေ ပျက်စီးတဲ့အခါ (ဟီမိုဂလိုဘင်) ထဲက (ဘီလီရူဘင်) တွေထွက်လာပြီး၊ သွေးထဲရောက်မယ်။ အသည်းမှာ ပြောင်းလဲမှုတွေလုပ်တယ်။ မလိုတာတွေ ဝမ်းထဲကနေ စွန့်ထုတ်တယ်။ အသည်းကနေ (ဘီလီရူဘင်) ကို နိုင်အောင် မရှင်းနိုင်သေးလို့ ၂-၃ ရက်ဆို ဝါလာမယ်။ ၁-၂ ပါတ်နေရင် ကောင်းသွားမယ်။
(၂) Blood group incompatibility (Rh or ABO problems) သွေးအုပ်စုမတည့်လို့ဖြစ်တာ၊ မိခင်သွေးက မတူရင် ကလေးရဲ့သွေးနီဥတွေကို ဖျက်ဆီးတာမျိုးဖြစ်စေတယ်။ အဲလိုဖြစ်ရင် ကလေးသွေးထဲမှာ (ဘီလီရူဘင်) တွေ များလာတယ်။ ဆိုးတယ်။ ၂၄ နာရီအတွင်းမှာ သိသာလာမယ်။ Rh ကြောင့်ဖြစ်တာအတွက် အခုခေတ်မှာ မိခင်ကို ကလေးမွေးပြီး ၇၂ နာရီအတွင်း RhoGAM ထိုးပေးတယ်။ နောက်ကလေးတွေအတွက် ကာကွယ်ပြီးသား ဖြစ်သွားမယ်။
(၃) Breast-feeding jaundice နို့ဗူးတိုက်လို့ဖြစ်တဲ့ အသားဝါ၊ ကလေးကို နို့လိုသလောက် မတိုက်ရင်ဖြစ်မယ်။ အဲဒါမျိုးက ၅-၁ဝ% ရှိတယ်။ မွေးကာစကလေးတွေမှာ လူကြီးတွေလို အူထဲမှာ (ဗက်တီးရီးယား) မရှိသေးဘူး။ လူကြီးတွေဆိုရင် ပိုးတွေကနေ Conjugated bilirubin ဆိုတာကို Stercobilinogen အဖြစ်ပြောင်းပေးမယ်။ နောက်ဆုံး Stercobilin အနေနဲ့ ဝမ်းထဲမှာ ပါသွားတယ်။ ကလေးငယ်လေးတွေမှာ အဲလိုဖြစ်မလာနိုင်သေးဘူး။
(၄) Breast-milk jaundice မိခင်နို့တိုက်ရာကနေဖြစ်တာ ၁-၂% ရှိတယ်။ ၄-၇ ရက်မှာပြတယ်။ ၃-၁ဝ ပါတ်အထိ ကြာတယ်။ အန္တရာယ် မရှိပါ။ တချို့ မိခင်တွေရဲ့နို့ထဲမှာ Progesterone (ပရိုဂျက်စတီရုန်း) ဟော်မုန်းနဲ့ဆိုင်တာ ပါနေတယ်။ ကလေးအူကနေ (ဘီလီရူဘင်) တွေကို ပြန်စုပ်ယူစေလို့ ဖြစ်ရတယ်။ နောက်ပြီး နို့ထဲမှာ Lipoprotein lipase ခေါ်တဲ့ (အင်ဇိုင်းမ်) ပါနေတယ်။ ဒါကနေ Bilirubin ဖြစ်စဉ်ကို ထိခိုက်စေတယ်။ ကလေးဝမ်းချုပ်ရင်လဲ ရှင်းထုတ်တာ နှေးလို့ ဖြစ်နိုင်တယ်။ ဗိုက်ထဲတုံးကတော့ အချင်းကတဆင့် စွန့်ထုတ်တာ လုပ်ပေးတယ်။
လမစေ့ဘဲမွေးတာနဲ့ ကိုယ်အလေးချိန် မပြည်တဲ့ကလေးတွေမှာ ပိုဖြစ်ကြရှာတယ်။ ကလေးအသားဝါရင် သွေးကို အချိန်တန်တိုင်း Bilirubin levels စစ်နေရမယ်။ သွေးထဲမှာ Unconjugated bilirubin ဆိုတဲ့ အသည်းကနေ ပေါင်းစပ်ပေးတာ မလုပ်ရသေးတဲ့ (ဘီလီရူဘင်) အမျိုးအစားတွေ များနေမယ်။ မွေးကာစကလေးတိုင်း ပဌမပါတ်မှာ 30 µmol/L (1.8 mg/dL) မက ရှိကြတယ်။ များနေတာကို Hyperbilirubinemia ခေါ်တယ်။ ကလေးကို ထိခိုက်စေနိုင်တယ်။ ဆေးကုဘို့လို-မလို ကလေးအထူးကု ဆရာဝန်ကနေ ဆုံးဖြတ်ပါမယ်။
Pathological jaundice ဆေးကုစရာလိုတဲ့ အသားဝါဆိုတာ ၂၄-၄၈ နာရီအတွင်း တွေ့ရမယ်။ သွေးဆက်စစ်နေတဲ့အခါ -
- Total bilirubin က တနာရီမှာ 8.5 umol/l (0.5 mg/dL) ထက်များနေတာ၊
- Total bilirubin က ၂၄ နာရီမှာ (85 umol/l) 5 mg/dL ရှိနေတာ၊
- Total bilirubin 331.5 umol/l (19.5 mg/dL) မကရှိနေတာ၊
- Direct bilirubin 34 umol/l (2.0 mg/dL) မကရှိနေတာတွေဆိုရင် ဆေးကုရမယ်။
တခြားဖြစ်နိုင်ခြေတွေလဲ ထည့်တွက်ရမယ်။
- ဗိုက်ထဲမှာ ကလေးက ချို့ယွင်းချက် တခုခုရှိတာ။ ရောဂါပိုးဝင်တာ၊ Biliary atresia, PFIC, Bile duct paucity, Alagille's syndrome, Alpha 1 နဲ့ Cystic fibrosis or hepatitis အသည်းရောဂါရှိနေရင်၊
- Hemolytic anemia, polycythemia သွေးအားနည်းရောဂါတွေနဲ့ သွေးရောဂါတွေ၊ Abnormal RBC သွေးနီဥ ပုံစံမမှန်ရင်၊
- Cephalohematoma မွေးတုံးက ခက်ခဲလို့ ခေါင်းထဲမှာ သွေးခဲတာ ဖြစ်နေရင်၊
- Rubella ဂျာမန် ဝက်သက်၊ Syphilis (ဆစ်ဖလစ်) စတဲ့ကူးစက်ရောဂါတွေ၊
- မိသားစုထဲမှာလဲ အဲလိုမျိုးရှိဘူးတာ၊ မအေမှာ ဆီးချိုရှိနေရင်၊ (ဆာလ်ဖါ) ဆေး၊ ငှက်ဖျားဆေး၊ လိင်ဟော်မုန်းတွေနဲ့ စိတ်ရောဂါဆေးတွေ၊ (ကလေး ၂ လအောက်ကို (ဆာလ်ဖါ) ပါတဲ့ဆေး မပေးရပါ။)
ဆေးစစ်ရင်
- Complete blood count
- Coomb's test
- Reticulocyte count တွေကို စစ်ဆေးနိုင်တယ်။
မွေးစကလေးတွေမှာ အသားဝါတိုင်း စိုးရိမ်စရာမလိုပါ။ ဆေးကုစရာမလိုတာ များတယ်။ ၃ ရက်နေရင် စသိသာပြီး ၁၄-၁၅ ရက်နေရင် ပျောက်သွားတာတယ်။ မျက်နှာကစ သိသာတယ်။ နောက် ရင်ပတ်၊ ဗိုက်၊ ခြေ-လက်၊ အကုန်ပါဘဲ။ မျက်လုံးကို ကြည့်ရင် သိမယ်။ လက်နဲ့အသာလေးဖိပြီး စစ်ဆေးရင် ဝါတာကို ပိုမြင်သာတယ်။ ရေတိုက်တာနဲ့ နေရာင် ပြပေးတာနဲ့ လုံလောက်ကြတာ များတယ်။ ၂-၃ နာရီတခါ၊ တနေ့မှာ ၁၂ ကြိမ် နို့တိုက်ပါ။ တချို့အခြေအနေမှာ မိခင်နို့ကို အတိုက်မခိုင်းဘူး။ ရေခဏခဏတိုက်ပေးပါ။ ဝမ်းသွားများတာ ကောင်းတယ်။ လိုအပ်ရင် ဝမ်းခြူပေးပါ။
Phototherapy အလင်းရောင်ပေး ကုသနည်းကို အင်္ဂလန် Rochford Hospital ဆေးရုံကနေ စသုံးခဲ့တယ်။ လမစေ့မွေးတဲ့ ကလေးတွေကို ပြုစုပေးတဲ့ သူနာပြုဆရာမကြီးကနေ စတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အရောင်ပါတဲ့ မီးချောင်းတွေ သုံးလာတယ်။ အပြာရောင်ကို အသုံးအများဆုံးဘဲ။ ကလေးမျက်စိကို ဖုံးထားရမယ်။ တနေ့မှာ ၁ဝ-၁၂ ကြိမ်၊ တခါလုပ်ရင် ၂-၃ နာရီကြာတယ်။ အလင်းရောင်ပေးကုသနေတုံးလဲ နို့တိုက်နိုင်တယ်။ တချို့ဆေးရုံတွေက ဒီအချိန်မှာ သွေးကြောထဲကနေ အဟာရဖြည့်တာသာ လုပ်ပေးတယ်။
သိပ်မဆိုးရင် အိမ်မှာတင် Biliblanket ကိုသုံးနိုင်တယ်။ Fiber optics နဲ့လုပ်ထားတယ်။ သဘာဝ နေရောင်ထဲက Ultraviolet light therapy ခရမ်းလွန်ရောင်ခြည်ကနေ မှဲ့ပေါက်မလား စိုးရိမ်ရတယ်။ Total serum bilirubin 428 umol/l (25 mg/dL) ထက် များတဲ့ကလေးကို Exchange transfusions သွေးလဲ ကုသပေးရတယ်။
ကလေးမှာ အသားဝါတာ သိပ်ကြာနေရင် Kernicterus ဦးနှောက်ထိခိုက်တဲ့ရောဂါ ဖြစ်နိုင်တယ်။ အမေရိကားမှာ ကလေး နှစ်သိန်းရှိရင် Kernicterus ဖြစ်တဲ့ကလေး ၃ ယောက်ရှိတယ်။ ယောက်ျားလေးတွေမှာ ပိုဖြစ်တယ်။ ကိုယ်ပူမယ်၊ တက်နိုင်တယ်။ ကလေးက တအားငိုမယ်။ အသည်းနဲ့ ဘေလုံးကြီးနေမယ်၊ သွေးခြည်ဥလေးတွေ တွေ့မယ်၊ ခေါင်း (ဦးနှောက်) ငယ်နေမယ်။ တချို့လေးတွေမှာ Cerebral palsy မျက်နှာလေဖြတ်တာ နဲ့ Deafness နားမကြားတာလဲ ဖြစ်နိုင်တယ်။
မွေးလာမယ့်ကလေး ဆေးကုရမဲ့ အသားဝါ မဖြစ်အောင် ကိုယ်ဝန်ဆောင်တိုင်း သွေးအုပ်စု နဲ့ Unusual antibodies တွေ့နေကျ မဟုတ်တဲ့ (အင်တီဘော်ဒီ) တွေ ရှိ-မရှိ စစ်ထားသင့်တယ်။ သွေးအုပ်စုက O+ ဖြစ်နေတာလဲ သတိထားရတယ်။ Rh negative ဖြစ်နေရင် ကလေးချက်ကြိုးကနေစစ်တာ လုပ်သင့်တယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ