Flux for hot water ရေနွေးညသိပ်မြွေအဆိပ်တဲ့ မှား၏
မမှန်တာ မဟုတ်တာ အတုဆိုရင် အတော်မေးကြတယ်။ ကြိမ်ဖန်များစွာ မေးကြတယ်။
၁။ မင်္ဂလာပါဆရာ ညသိပ်ရေနွေးကြမ်းဟာ ပြင်းထန်တဲ့အဆိပ်ဖြစ်လို့ ညကျန်သောရေနွေးကြမ်းကို မသောက်သင့်ဘူးဆိုတာ ဟုတ်ပါသလား ဆရာခင်မျ ရိုသေစွာဖြင့် ဂါရဝပြုပါ၏။
၂။ ဆရာရှင် မသိလို ့ မေးပါရစေ။ တခါက စာထဲမှာ ဘတ်မိဘူးတယ်။ မည်သူ့အဆိုလဲတော့ မမှတ်မိတော့ပါ။ ညက လက်ဖက်ရေကြမ်းကို မသောက်သင့်ဘူးတဲ့။ မြွေဆိပ်လောက် အဆိပ်ရှိတယ်လို့တင်စား ဆိုမိန့်ထားတယ်။ နောက်ပြီး ညက ဓါတ်ဗူးထဲက ရေနွေးကိုလည်း မသုံးတင့်တော့ဘူးလဲ။ ကြးသိရတယ် အဲဒါဟုတ်ရဲ့လား။ ကျွန်မက ရေနွေးကြမ်း အမြဲသောက်တဲ့သူတယောက်ဖြစ်လို့ မှန် မမှန် သိချင်ပါတယ်။ ကျေးဇူး အထူးတင်။
၃။ ညသိပ်ရေနွေးကြမ်းသောက်ရင် အဆိပ်သောက်နေသလိုပဲတဲ့ ဖက် (ဖတ်) ဖူးတာပါ။
၄။ လက်ဖက်ရေကြမ်းက ၆ နာရီကျော်ကြာရင်အဆိပ်ဖြစ်တယ်လို့သတင်းစာမှာ ဖတ်ဖူးတယ်ဆရာ။ ညသိပ်ရေနွေးကို မသောက်သင့်ဘူးလို့ပြောပါတယ်ဆရာ။ ဟုတ်ပါသလားဆရာ။
၅။ ညသိပ်ရေနွေးအဆိပ်ပြင်းသည်လို့ ကြားဘူးပါသည်ဆရာ။
အဲလိုသာဆို ကျွန်တော့်ကိုယ်ထဲမှာ အဆိပ်တပီပါ (တပေပါ) လောက် ရှိနေလောက်ပြီ။ ပီပါဆိုတာ ဟင်ဒီစကားဖြစ်တယ်။ ပီပါ ကိုင်းတပ်သောက်လို့ ပြောကြတယ်။
ညသိပ်ရေးနွေး ဆေးသုတေသန မတွေ့သေးပါ။ ကျွန်တော့်ကိုသာကြည့်ပါ။ အိန္ဒိယကမထွက်ခင် တကိုယ်လုံး ဆေးစစ်ရတယ်။ ယူအက်စ်ရောက်တော့လည်း ခြေစခေါင်းဆုံးဆေးစစ်တယ်။ အဆိပ်ဆိုတာ ခုထိတော့ မတွေ့သေးပါ။ ကျွန်တော်တို့လူမျိုးတွေက မပျောက်နိုင်တာတွေကို ၉၆ ပါးပျောက်သတဲ့။ ဘာမှ မဖြစ်နိုင်တာကို အဆိပ်တဲ့။
မနက်ထတော့ ညကကျန်သေးတဲ့ရေနွေးကြမ်းကိုသောက်ပါတယ်။ ကုန်တော့ အသစ်ခပ်တယ်။ တနေ့ ၃ လီတာ နီးပါးကုန်တယ်။ အဲတာနေ့တိုင်းပါ။ ဆေးထပ်စစ်ရမလားမသိ။ မမှန်တာ မဟုတ်တာ အတုဆိုရင် အတော်မေးကြတယ်။ ကြိမ်ဖန်များစွာမေးကြတယ်။ ထပ်မေးကြဦးမှာသေချာတယ်။
ရေနွေးညသိပ် မြွေအဆိပ်တဲ့ အောက်မှာ ကွန်မင့်တွေ အမျိုးမျိုးရေးလာကြတယ်။
၆။ ဆူပြီးသားရေနွေး ပြန်ကြိုတာနှင့် ရေသန့်ကိုကြိုတာ မကောင်းဘူးဆိုတာ ဟုတ်ပါသလားခင်ဗျာ
• ဘယ်သုတေသနကို ကိုးကားထားပါလဲ။
• အိုဇုန်းလွှာကိုဖြတ်ထားပြီးသားရေသန့်ကို ရေနွေးပြန်မကြိုရဘူးလို့ ဖတ်ဘူးလို့ပါဆရာ။
• ကမ္ဘာဂြိုဟ်ပေါ်မှာ အိုဇုန်းနဲ ့လွတ်တာ မရှိပါ။ ရေသန့်ဆိုတာ အဲတာကိုပြောတာမဟုတ်။
• မကောင်းဘူးလေ အရသာလေ အရသာပဲ မကောင်းတာ
• ရေနွေးကြမ်းအရသာဆိုတာ လက်ဖက်ခြောက်အမျိုးအစားနဲ့ ရေအပေါ်မူတည်တယ်။ မသန့်လို့ပြောနိုင်တဲ့ မြစ်ရေဟာ ရေနွေးတည်သောက်ရင် အရသာကောင်းတယ်။ မိုးရေလည်းကောင်းတယ်။
• တိုင်းရင်းဆေးဆရာများသာသိနိုင်ပါတယ် ရေအမျိုးမျိုးမှာဂုဏ်သတ္တိတွေရှိပါတယ်
• တိုင်းရင်းဆေးဆရာမဟုတ်တဲ့ ဆရာဝန်တွေက သောက်ရေသုံးရေအကြောင်း လူတွေအတွက် ကောင်းမကောင်းသိကြတယ်။ ရေအမျိုးမျိုးအကြောင်း အများကြီးရေးထားတယ်။
• အစာအိမ်ထဲမှာ အဆိပ်ဖြစ်ပြီး အော့အန်ခြင်း ဖြစ်စေနိုင်ပါတယ်။
• ကျွန်တော်တော့ ရေနွေးကြမ်းသောက်တာ နှစ်မနည်းတော့ပါ။ ရေနွေးကြမ်းသောက်ပြီးအန်တာ မဖြစ်ဖူးသေးပါ။
• ဓါတ်ဘူးထဲမှာ သုတ်လိမ်းထားတဲ့ ပြဒါးတွေဟာ ကြာရင် ပျက်ပြီး ကွက်မည်းလာတာ တွေ့ရပါတယ်။
• ဓါတ်ဗူးဆိုတာ တခြားအရာတွေလိုပဲ အိုမင်းပျက်စီးခြင်းရှိတယ်။ အသုံးများခြင်းကြောင့် ပြဒါးသာမက အရာရာ ပျက်လာကြတယ်။ ပြဒါးဆိပ်သင့်ခြင်းစာ ရေးထားတယ်။ အဲတာက ရေနွေးကြမ်းနဲ့မဆိုင်ပါ။
ပြဒါးဆိပ်သင့်သူတွေမှာ အာရုံခံမှုအားနည်းလာမယ်။ အမြင်-အကြားနဲ့ စကားပြောတာတွေဖြစ်တယ်။ ထိန်းညှိပြီး လုပ်ရတာတွေမှာလည်း အားနည်းလာမယ်။ ထုံကျင်တာ၊ ယားယံတာ၊ ပူလောင်တာ၊ နာတာ၊ အင်းဆက်ကောင် ကိုက်ခံရသလိုနေတာတွေဖြစ်မယ်။ အရေပြားအရောင်ပြောင်းမယ်။ ပါးတွေ၊ လက်ထိပ်-ခြေထိပ်တွေ ပန်းရောင်သန်းလာမယ်။ ရောင်နေမယ်။ တံတွေးများမယ်။ ချွေးများမယ်။ သွေးတက်မယ်။ နှလုံးခုန်မြန်မယ်။ ကလေးတွေမှာဖြစ်ရင် ကျောက်ကပ်ထိခိုက်မယ်။ အိပ်မရဖြစ်မယ်။ စိတ်လှုတ်ရှားမှုထိခိုက်မယ်။
ရေနွေး ရေးရတာ တော်လောက်ပြီထင်တယ်။ တချို့ကွန်မင့်တွေက ပြန်ပြောရမှာ အားနာနေရတယ်။
စာရေးဆရာတယောက်ရေးတာတဲ့။ ဆရာတော်တပါးရေးတာတဲ့။
လူဦးရေ သန်း ၅ဝ ကျော်ထဲက တယောက်ပြောရင် မှန်ရောလား။
ညသိပ်ဆိုတာဘာလဲ မေးရဦးမယ်။ မအိပ်မီနဲ့ အိပ်ရာထတာ ဘယ်လောက်ကြာသလဲ။ ကျွန်တော်ဆို တခါတလေ ည ၂ နာရီလောက်မှသာ အိပ်ပြီး၊ မနက် ၈ နာရီ၊ ၉ နာရီ၊ ၁ဝ နာရီလောက်ထတယ်။ တအိမ်တည်းနေသူတွေ အိပ်ချိန် ထချိန် မတူကြပါ။ လူကြီးမင်းကိုတော့ မသိ။
ဓါတ်ဗူးထဲကရေနွေး မအေးသေးရင် သောက်လို့ရပါသလားတဲ့။
ဓါတ်ဗူးက အစကတည်း မသန့်တာ မဟုတ်ရင်၊ သောက်မဲ့သူက အဲဒီလောက်အပူခံနိုင်ရင်၊ ဆရာဝန်က ရေမသောက်နဲ့လို့ တားခံထားရသူမဟုတ်ရင် -
တော်လောက်ပြီထင်တယ်။ တကယ်နေမကောင်းလို့မေးတာတွေ ဖြေရဦးမယ်။ အရေးပါတယ်ထင်တာလေးတွေ ရေးရဦးမယ်။ ရေနွေးကြမ်း ဒုတိယဓါတ်ဗူးကုန်ပြီ။ တတိယကိုတော့ ကနေ့ည မကုန်လောက်။ နောက်နေ့မနက် ဆက်သောက်မယ်။ ရေနှမြောလို့။ ကျွန်တော်က စာအုပ်ဟောင်းတွေ၊ ယဉ်ကျေးမှုဟောင်းတွေလည်း တန်ဖိုးထားတယ်။ သိုးတယ်မရှိ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment