Emergency Disinfection of Drinking Water အရေးပေါ်ရေသန့်နည်း
၂။ ရေသန့်စေဖို့သုံးလို့ရတာလေးတွေ တင်ပေးပါဦး။ ဒီမှာ PSI က ရေသန့်ကလိုရင်းမှုန့်ကိုပဲသိပြီး ဝယ်လှူနေကြတာ ပစ္စည်းမလောက်ဘူးဖြစ်နေလို့ပါ။
မုန်တိုင်း၊ ဟာရီကိန်း၊ ရေကြီး၊ ရေပိုက်ပေါက်တာတွေမှာ ပေးဝေနေတဲ့ရေမရနိုင်ပါ။ အရေးပေါ်အခြေအနေဖြစ်တယ်။ အာဏာပိုင်တွေအနေနဲ့ သောက်ရေသန့်ဗူးတွေသုံးကြဖို့၊ ရေကိုပွက်အောင်လုပ်သောက်ဖို့ကိုသာ အကြံပြုတယ်။ ဖြစ်နိုင်ရင်ရေကိုပေါင်းခံပါ။
အဓိကက ရေထဲမှာပါနေနိုင်တဲ့ပိုးမွှားတွေကိုသေအောင်လုပ်ရတာဖြစ်တယ်။ ဒါပေမယ့် ရေကိုကျိုလိုက်ပေမယ့် မပါသင့်တာတွေကိုတော့ အကုန်ရှင်းလင်းမသွားစေနိုင်ပါ။ ဓါတ်ဆားတွေကျန်မယ်။ လေးလံတဲ့သတ္တုတွေကျန်နေမယ်။ ဓါတုပစ္စည်းတွေကျန်နေမယ်။ အမှန်က စနစ်တကျသန့်ထားတဲ့ရေကိုသာသုံးရမယ်။ အဲလိုရေနဲ့သာ ဆေးကြော ချက်ပြုတ်ရပါမယ်။
Boil water (WHO, 2015) ရေကိုပွက်အောင်ကျိုရင် ရေထဲက ဗက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ပိုးမွှားတွေကို သေစေမယ်။ ရေကကြည်လင်မနေရင် ရေစစ်သုံးပါ၊ အနယ်ထိုင်အောင်စောင့်ပါ။ ဆေးကြောသန့်ရှင်းရာမှာသုံးနိုင်တယ်။ အဝတ်စရေစစ်နဲ့ ကော်ဖီစစ်စက္ကူတွေကိုသုံးနိုင်တယ်။ ရေဆူမှတ် (၁ဝဝ ဆယ်လ်စိယပ်စ် = ၂၁၂ ဖါရင်ဟိုက်) အထိ ပွက်စေရမယ်။ ပေ ၅ဝဝဝ ကျော်တဲ့အရပ်မှာ ရေကို ၃ မိနစ်ကြာပွက်ထားစေရမယ်။ ပွက်ပြီးသားရေကို အအေးခံပြီးမှ သန့်တဲ့ထည့်စရာထဲပြောင်းထည့်ပါ။ အဖုံးနဲ့ထားသိုပါ။ ရေအရသာကောင်းစေဖို့ ရေထဲမှာ ဆားနည်းနည်းလေး ထည့်ရတယ်။ ဒါမှမဟုတ် သန့်တဲ့ထည့်စရာခွက်တခုကနေ တခုကို ကြိမ်ဖန်များစွာပြောင်းထည့်ပေးရတယ်။ လက်ဖက်ရည်ဆိုင်ကလူတွေက လက်ဖက်ရည်အိုးနဲ့ ခွက်ထဲအပြန်အလှန် မဖိတ်မစင်ထည့်နည်း ကျွမ်းကျင်မှုပညာ ပြသလိုပေါ့။
ချွတ်ဆေး Bleach ကိုရေပွက်အောင်မလုပ်နိုင်ရင်သုံးနိုင်တယ်။ Regular, unscented chlorine bleach products ရိုးရိုးချွတ်ဆေးကိုသာသုံးပါ။ ရေဘယ်လောက်ကို ဘယ်လောက်ကြာထားရတယ်ဆိုတဲ့ အညွှန်းစာပါမယ်။ အမွှေးနံ့ ထည့်ထားတာမျိုး၊ အရောင်ပါတာမျိုးကို မသုံးပါနဲ့။ ချွတ်ဆေးက အများဆုံးတနှစ်သာအထားခံတယ်။ အခန်းတွင်း အပူချိန်မှာ ထားသိုရတယ်။ 8.25% of sodium hypochlorite လို့စာတမ်းပါမယ်။
ရေတဂါလံထဲကို ချွတ်ဆေးရည် ၆ စက် (သန့်တဲ့ Dropper ဆေးစက်ချပိုက်ငယ်သုံးပါ)။ ရေကပိုနောက်နေရင် ဆေး ၂ ဆ အထိသုံးပါ။ ရေသိပ်အေးနေရင်၊ ရေမှာအရောင်ထွက်နေရင်လည်း ဆေး ၂ ဆလိုမယ်။ မိနစ် ၃ဝ ကြာမွှေပေးပါ။ ရေမှာ ကလိုရင်းအနံ့လေးရနေတာပုံမှန်ဖြစ်တယ်။ အနံ့မခံနိုင်သူတိုရင် စောစောကပြောသလို ခွက်ပြောင်းထည့်နည်းလုပ်ပါ။
ရေ ၁ လီတာ = ၂ စက်
၂ ဂါလံ = ၁၂ စက် (လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ)
၄ ဂါလံ = လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
၈ ဂါလံ = လက်ဖက်ရည်ဇွန်း ၂ ပုံ ၁ ပုံ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment