How much water ရေဘယ်လောက်သောက်ရမလဲ

၁။ ဆရာဝန်က ရင်သားကင်ဆာကုသနေသူကို ရေများများသောက်ခိုင်းတာ ဘယ်လောက်ထိသောက်ရင် ကောင်းတာလဲ။ တန်ဆေး လွန်ဘေးဖြစ်မှာ စိုးလို့ သိတဲ့ ဆရာ၊ ဆရာမများ ဖြေပေးကြပါအုန်း

၂။ လူတယောက် ရေတနေ့ ဘယ်လောက်သောက်သင့်လဲဆရာ။ အများကြီးသောက်ရင် ဘေးဖြစ်စေလားဆရာ။ ရေဖျဉ်းရော စွဲတတ်လားဆရာ။

လူတယောက် ရေတနေ့ ဘယ်လောက်သောက်သင့်လဲ တန်းပြောလို့မရပါ။ ရေဖျင်းနဲ့ ဆက်စပ်မှုမရှိတာတော့ တန်းပြောလို့ရတယ်။ ဓါတ်တူနံတူဆိုပြီး အထအနကောက်ယူတဲ့အကျင့်တွေက တကယ့်အဖြစ်အပျက်တွေ မဟုတ်ပါ။ မပြောသင့်ကြပါ။ နားမယောင်သင့်ပါ။

လူတယောက် ရေတနေ့ ဘယ်လောက်သောက်သင့်လဲ ဆရာဝန်မေးစရာမလိုဘဲ သောက်နေကြတာ ဘာမှ မဖြစ်သလောက်ပါ။ ဘယ်လောက် သောက်သင့်သလဲဆိုတာ အချက်တွေအများကြီးကို ကြည့်ရမယ်။ ရာသီဥတု၊ အရက်၊ ဖျော်ရည်၊ ရေနွေးကြမ်း၊ အစားအသောက်ထဲမှာ ဖိုက်ဘာ၊ ပရိုတင်း၊ အဆီ၊ သကြားဓါတ်၊ ဘယ်လောက်ပါသလဲ။ ရောဂါအခံ ဥပမာ ဆီးချိုရှိသလား၊ နေတဲ့အရပ်က မြင့်တဲ့အရပ်ဒေသမှာလား၊ ဘယ်လိုဆေး ဥပမာ ဆီးသွားစေတဲ့ဆေး သောက်နေသလား။ ကိုယ်လက်လှုပ်ရှားမှု၊ လုပ်ရတဲ့အလုပ်အကိုင်၊ ကိုယ်ဝန်ဆောင်၊ ကလေးနို့တိုက်၊ ကိုယ်ပူ၊ ဝမ်းလျှော၊ အန်၊ ခွဲစိတ်ကုသထား၊ သွေးထွက်-သွေးသွန်၊ အသက်။ အငန်စားသူက ရေပိုလိုတယ်။

Water Intake Calculator တွက်ချက်နည်းတွေ၊ Water Intake Formulas ဖေါ်မြူလာတွေတော့ ရှိတယ်။ အဲတာတွေ မရေးတော့ဘဲ Water Intake Recommendations အကြံပြုချက်သာရေးပါရစေ။

(၁) Replacement Approach အစားဖြည့်နည်း = လူတွေဟာ ပျမ်းမျှ တနေ့မှာ ဆီး တလီတာခွဲ (၆့၃ ခွက်) သွားတယ်။ ဝမ်းထဲ၊ ချွေးထဲနဲ့ အသက်ရှူထုတ်ရာကနေ တလီတာလောက်ကုန်ဆုံးတယ်။ စားတာတွေထဲကနေ ၂ဝ% ရေရနေတယ်။ ဒါကြောင့် တနေ့မှာ ၂ လီတာ (၈ ခွက်) သောက်နိုင်ရင် လုံလောက်တယ်။

(၂) 8×8 Rule ရှစ် ဥပဒေသ= တနေ့မှာ ၈ အောင်စသောက်ပါ။

(၃) Water Intake per Caloric Intake ကယ်လိုရီနဲ့တွက်နည်း = စားတဲ့ကယ်လိုရီကို ဝ့ဝ၃၄ နဲ့မြှောက်ပါ။

အကြံပြုချက်

ကိုယ့်ကိုယ်ခန္ဓာကိုယ်ကို သိပါ။ ရေဆာနေတာ သိပါ။ အာခေါင်ခြောက်နေတာ သိပါ။ ချွေးထွက်နေတာ သိပါ။ နေမကောင်းတာ သိပါ စသဖြင့်။ လှုပ်ရှားမှုနည်းသူဆိုရင် တနေ့မှာ ၈-၁၂ ခွက် သောက်ပါ။ ချွေးထွက်အောင် လုပ်ရသူဆိုရင် ၁၂-၁၆ ခွက်သောက်ပါ။

အသက် ၅ နှစ်မှ ၈ နှစ် = ရေ ၅ ခွက် = ၁ လီတာ။

အသက် ၉ နှစ်မှ ၁၂ နှစ် = ရေ ၇ ခွက် = ၁့၅ လီတာ။

အသက် ၁၃ နှစ်အထက် = ရေ ၈-၁ဝ ခွက် = ၂ လီတာ။

ကိုယ်ဝန်ဆောင် = ၁ဝ ခွက် = ၂့၃ လီတာ။

၁ ဂါလံ = ၃့၈ လီတာ = ၄ ကွာတ = ၁၂၈ အောင်စ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ