ခုမရှိတော့ပြီဖြစ်တဲ့ လူတန်းစားတရပ်

ရေးသူ - လူထုဒေါ်အမာ

ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင်တုန်းက ကျွန်မတို့ မန္တလေးမှာ လူ့အလွှာတလွှာ ရှိခဲ့ပါတယ်။ သူတို့က မြန်မာဘုရင်များရဲ့ အနွယ်တော် မင်းဆွေစိုးမျိုးတွေနဲ့ မင်းမှုထမ်း ၀န်ကြီး၊ မှူးကြီး၊ မတ်ကြီးများရဲ့ အဆက်အနွယ် များပါ။ ဟိုတုန်းကတော့ သူတို့က တခြားသူများနဲ့ သိပ်ရောရောနှောနှော မရှိလှဘူး။ မရှိပုံက ဒီလိုပါ။ ကျွန်မက ၁၂၇၇- ခု တန်ဆောင်မုန်းလပြည့်ကျော် (၈) ရက်မှာ မွေးသူဆိုပါတော့။ ပါတော်မူပြီး နှစ်ပေါင်း (၃၀) တိတိ အကြာမှာ မွေးတဲ့ ဆင်းရဲသား သားသမီးပါ။ ဒါပေမယ့် ကျွန်မ ကြီးပြင်းတဲ့ ခေတ်မှာတော့ ဘုရင်နဲ့၊ နန်းတော်အိမ်တော်နဲ့၊ မှူးကြီးမတ်ရာဆိုသူတွေရဲ့ မြေး၊ တတိယမျိုးဆက်လောက်နဲ့က ကျွန်မနဲ့ ကစားဖက်၊ ကျောင်းနေဖက် အရွယ်တွေပေါ့။ ဒုတိယမျိုးဆက်ကိုတော့ ကျွန်မက လူကြီးတွေအဖြစ်နဲ့ တွေ့မြင်သိမှီခဲ့သူပေါ့။

ဒီလူတွေက တတိယမျိုးဆက်လောက်အထိ ကျွန်မတို့နဲ့ တစပ်တည်း တကျုံ့တည်း မဖြစ်ပုံက ဒီလိုပါ။ သူတို့က စကားပြောရင် ညင်ညင်သာသာနဲ့ ခပ်တိုးတိုးပဲ ပြောတတ်ပါတယ်။ အော်လား ဟစ်လား မရှိဘူး။ နင်ပဲငဆ မပြောဘူး။ ဆဲရေးတိုင်းထွာ မလုပ်ဘူး။ သူတို့နဲ့ ကျွန်မတို့နဲ့ စကားပြောရင် ကျွန်တော်၊ ကျွန်မ မသုံးဘူး။ သူတို့နာမည်ပဲ ထည့်ပြောတယ်။ ကျွန်မတို့က 'အမေသွားရင် ကျွန်မတို့လည်း အမြဲလိုက်တာပေါ့' ဆိုတဲ့ စကားမျိုးကို သူတို့က ပြောရင် 'မဘုရား နောက်က ထိပ်တင်တို့ ပါမြဲပေါ့' ဆိုတာမျိုး ပြောတတ်တယ်။ 'မယ်မယ်က ဘယ့်နှယ်၊ ခေါင်ခေါင်က ဘယ်သို့' ဆိုတာမျိုးဟာ သူတို့ အသုံးအနှုန်းပါ။

သူတို့ကို အင်္ဂလိပ်အစိုးရက တော်တော်ရင်းချာသေးတဲ့ ဆွေတော် မျိုးတော်ဆိုရင်၊ ပင်စင်ဆိုတဲ့ ရိက္ခာ၊ လစာပေးပါတယ်။ ကျွန်မသိသလောက် အိမ်ရှေ့ကိုယ်တော်ကြီး (ကနောင်မင်းသား)ရဲ့ သားတော် ထန်းတပင် မင်းသား၊ ထန်းတပင်မင်းသားရဲ့ မြေးတော် ကျွန်မသူငယ်ချင်း ထိပ်တင်မျိုးတို့၊ ထိပ်တင်တိုးတို့ ညီအမ ပင်စင်လစာ တလ ၁၅ိ/- ရပါတယ်။ ဒီ ၁၅ိ/- က ကျောင်းထားတော့ ကျောင်းလခနှုတ်တဲ့အခါ (၉ိ/-) ပဲ ကျန်ပါတယ်။ အဲဒါဟာ ထမင်းဖိုးမှ အနိုင်နိုင်ပါ။ အ၀တ်အစားဖိုး မကျန်ပါဘူး။ အဓိပ္ပါယ်က မသေရုံတော့ ကျွေးထားတယ် ဆိုတဲ့ သဘောပါပဲ။

ဒါပေမယ့် အဲဒီ မင်းမျိုး စိုးမျိုးတွေက ၀င်ငွေနည်းလှပါသကောလို့ တခြားအလုပ်လည်း ဘာအလုပ်မှ လုပ်မစားကြပါဘူး။ (၁၀ိ/-) နဲ့ ၀ယ်ပြီး (၁၀ိ/-၈ဲ) နဲ့ ရောင်းတယ်။ (၁၁ိ/-၈ဲ) နဲ့ ရောင်းတယ်။ (၁၀ိ/-) ရင်းတော့ ငါးမူးမြတ်တယ်၊ တကျပ်မြတ်တယ် ဆိုတဲ့ အရောင်းအ၀ယ်မျိုးလည်း သူတို့ လုပ်မစားတတ်ဘူး။ သူများဆီမှာ လခစားဆိုတဲ့ အလုပ်မျိုးကိုလည်း သူတို့က ဘယ်တော့မှ မလုပ်ဘူး။ မစားလောက်ရင် ရှိတာလေးတွေ ရောင်းချ၊ ပေါင်နှံပြီး ခြိုးခြိုးခြံခြံ ချွေချွေတာတာ သုံးစွဲစားသောက်ပြီး အသက်ရှင်ကြတာပဲ။ သူတို့ သူများဆီမှာ မျက်နှာ အောက်ကျခံပြီး ချေးပါ၊ ငှားပါ၊ ပေးပါ၊ ကယ်ပါ လို့လည်း လျှာမြက်ပေါက်ပါစေ၊ ဘယ်တော့မှ မပြောပါဘူး။ ဒီလိုနဲ့ ပိန်လိန်ပြီး နေကြတာပါ။

သူတို့အပေါ် တကယ်သစ္စာရှိတဲ့၊ တကယ်မြတ်နိုးတဲ့ သူတို့ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတချို့က သူတို့ နန်းတော် အိမ်တော်ထဲမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းပစ္စယလေးမျိုးများကို လက်နဲ့လုပ်ကိုင်ရောင်းချပြီး လုပ်ကျွေးပါ တယ်။ ဒါကလည်း ဘယ်လောက်ရအောင် ရှာနိုင်မှာလဲ။ 

ဥပမာ ကျွန်မသိသလောက် ရေးပြပါမယ်။ ဖော့ကို ရေစိမ်ပြီးတော့ ဓားနဲ့လှီး၊ အဖတ်ကလေးတွေ ဆေးဆိုးပြီး ဖော့ပန်းကလေးတွေ လုပ်ရောင်းတယ်။ မန္တလေးက မျက်နှာကြီး အလှူမင်္ဂလာဆောင်တွေမှာ ဖလားစုံ ကွမ်းအစ်များ တည်တဲ့အခါ ကွမ်းအစ်ထဲ အလှထည့်တဲ့ လေးညှင်းပွင့် နာနတ်သီး လုပ်ရောင်းပါတယ်။ လုပ်ပုံက ဖော့ကလေးကို နာနတ်သီးပုံလှီးပြီး အသီးရဲ့ မျက်ကွင်းအနေနဲ့ လေးညှင်းပွင့်ကလေးတွေ ထိုးထည့်ထားတာပါ။ ပြီးတော့ ရောင်ပြားကလေးနဲ့ နာနတ်သီးအရွက်နဲ့ အရိုးကို အထက်အောက်မှာ စိုက်ပေးပါတယ်။ ဆေးကပ်လုပ်ရောင်းပါတယ်။ ကွမ်းဝါးဆေး၊ ဆေးရွက်ကြီးကို အခေါက်ခေါက်ထပ်ပြီးတော့ အဲဒီ အထပ်ကို ရောင်ပြားစက္ကူနဲ့ ကပ်ညှပ်ပြီး အပ်နဲ့ချုပ်နှောင်ပါတယ်။ ပြီးတော့ ဆေးထပ်ကို ဝိုင်းသွားအောင် ကိုက်ပြီး အထက်မှာ ရောင်ပြားလိပ်ပြာကလေး၊ ငွေချည်နှုတ်ခမ်းမွေးကလေးနဲ့တကောင် ဆေးထပ်ပေါ်နားနေဟန် လုပ်ထားပါတယ်။ ကွမ်းတအစ်ကို တခု ထည့်ဖို့ပါ။ အဲဒါမျိုး အလှူမင်္ဂလာတွေက မှာကြားရင် (၁၀၀၊ ၂၀၀) လုပ်ရောင်းပါတယ်။ ကျွန်မတို့ ငယ်ငယ်က အလှူကြီးတွေ လိုက်ရရင် ကွမ်းအစ်ထဲက လေညှင်းပွင့် နာနတ်သီးတို့၊ ဆေး လိပ်ပြာကပ်တို့ကို နှိုက်ယူလာခဲ့ကြတာပါ။

အလှူ၊ မင်္ဂလာ လက်ဖက်ပွဲမှာ ထည့်ဖို့ ကြက်သွန်ဖြူကြော်များ ကြော်ပေးပါတယ်။ သူတို့ ကြက်သွန်ဖြူကြော်က ဥတလုံး ဒေါင်းသိုး ကြက်သွန်ဖြူ အမြစ်ရှည်ရှည်ကလေးကို ပိုးတီလှီးထားပြီး ပိုးတီကို ဆန့်ကြော်ပါတယ်။ ဥက အမြိတ်ကလေးက ပိုးတီရဲ့ ခေါင်းလေးလို နေတာမို့ ခေါင်းပိုင်မှာ မျက်စိနှစ်ပေါက် ဆေးနက်ကလေးနဲ့ ထည့်ပေးပါတယ်။ ဒါကြောင့် ကြက်သွန်ပိုးတီကြော်က ပိုးကောင်ကလေးနဲ့ တူနေပြီး လှလည်းလှ ဆန်းလည်း ဆန်းကြယ်ပါတယ်။ အဲဒီကြက်သွန်ကြော် (၁၀၀၊ ၂၀၀) စသဖြင့် ရာနဲ့ချီမှာပြီး ၀ယ်ရ ပါတယ်။ ဒီလိုဟာတွေက ရှေးကတော့ နန်းတော်အိမ်တော်ထဲမှာ အားနေတဲ့ ခြွေရံသင်းပင်းက စိတ်ကူးရတာကို အဆန်းအပြား အလှအပ လုပ်ပြီး၊ ဆက်သတာများ ဖြစ်ပါလိမ့်မယ်။ ကျွန်မတို့ သိမီတဲ့ခေတ်မှာ သူတို့ အရှင်သခင်များ ခရမ်းသီးပိန်၊ ဓားတုံးဘ၀မှာ မဝရေစာ ပင်စင်နဲ့ မတ်တတ်ခြောက်နေတော့ မကြည့်ရက်လို့ တပည့်တပန်းများက တတ်တဲ့ပညာနဲ့ ရှာဖွေကျွေးတဲ့ ပုံစံပါ။ ဒီပုံစံက ဘယ်လောက်များ ၀လင်နိုင်ပါ့မလဲ။

မန္တလေးမြို့မှာ ပုရစ်ပေါ်တဲ့ အခါမှာတော့ အဲဒီအိမ်တော်တွေမှာ ဥပြောင်းကြော် ဆိုတာမျိုး စားကြပါသတဲ့။ ဥပြောင်းကြော်ဆိုတာက ပုရစ်တို့ထုံးစံ အမက ဥတွဲတွေနဲ့မို့ ဆိမ့်တယ်။ အဖိုက ဥမပါဘူး။ ဒါပေမယ့် ချိုတယ်။ အဲဒါ ချိုတဲ့ ပုရစ်အဖိုရဲ့ ကိုယ်ထဲကို ဆိမ့်လှတဲ့ ပုရစ်အမက ဥတွေကို ဖောက်ညှစ်ထည့်ရပါတယ်။ ထည့်တာက ဖင်က ထည့်တာပါ။ ပြီးရင် ဒီဥတွေ ပြန်ထွက်မကျအောင် ကြက်သွန်ဖြူဥကလေးနဲ့ ဖြစ်စေ၊ ၀က်သားတုံး သေးသေးလေးနဲ့ ဖြစ်စေ၊ ပိတ်ဆို့ပေးရပါတယ်။ ပြီးမှ ဥပြောင်းပုရစ်ကို ကြော်တာပါ။ ချိုပြီး ဆိမ့်နေမှာပေါ့။ ကျွန်မတို့က ကြားသာ ကြားဖူးပါတယ်။ မစားဖူးပါဘူး။ လုပ်လည်း မလုပ်အားကြပါဘူး။ အိမ်မှာ ပုရစ်ကြော်တယ်ဆိုရင် ချေးမှ အနိုင်နိုင်ထုတ်ပြီး ကြော်နိုင်တာပါ။

ကျွန်မတို့က သူတို့လက်ရာကလေးတွေကို ၀ယ်ယူသုံးစွဲ စားသောက်ရတယ်ဆိုရင် ရင်ထုမနာ ရှိပါတယ်။ သူတို့ကို သနားတာကိုး။ သူတို့က အရှင်သခင်မရှိတော့တဲ့ခေတ်မှာ သူတို့ အဲဒီလိုပဲ အသက်ရှင်နေတာကို ကျွန်မတို့က ၀မ်းနည်းပြီး သနားနေကြတာပါ။

အလှူမင်္ဂလာပွဲ ပွဲနေပွဲထိုင်ရှိလို့ ကျွန်မတို့က သူတို့ကို ဖိတ်တယ်၊ ကြားတယ်ဆိုရင်လည်း လာပါတယ်။ လာတဲ့အခါ သူတို့ ဖီးလိမ်း၀တ်စားလာပုံက ဆံပင်ကို ဆီလိမ်းပြီး သပ်သပ်ရပ်ရပ် နှစ်ပတ်ရစ်ထုံးနှောင်ပါတယ်။ ရှေ့မှာ လိပ်ခွံဘီးအဝိုင်းကို စိုက်ထားပါတယ်။

တရုတ်အင်္ကျီရင်ဖုံးနဲ့ ကွင်းထဘီကို ခပ်ရှည်ရှည် ဒရင့်တိုက်နီးပါး ၀တ်ပါတယ်။ ပြီးတော့ ငါးတောင်ပုဝါကို စုံချပြီး ဒေဝီခြုံဖြန့် ခြုံထားပါတယ်။ ဘာတွေ ၀တ်ခဲ့ ၀တ်ခဲ့ သူတို့ အ၀တ်အစားကတော့ သစ်လွင်တောက်ပြောင်မှု မရှိတော့ပါဘူး။

ပရိသတ်တွေနဲ့ တွေ့တော့လည်း ဖော်ရွေစွာ ပြုံးရွှင်မှုပြပေမယ့် ပရိသတ်ထဲမှာ ဖောင်လောက်အောင် စကားပြောနေတဲ့ လူရယ်လို့ မရှိသလောက်ပါ။ ကျွန်မတို့ ဘေးလူက သူတို့ကိုကြည့်ပြီး ရင်ထဲ ခံစားရပုံကတော့ သူတို့ဘ၀ဟာ မှေးမှိန်လိုက်တာလို့ပဲ ခံစားရပါတယ်။

ဒီလူမျိုးတွေ ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့ နောက်မှာတော့ မရှိတော့ပါဘူး။ ဆွေတော်မျိုးတော် ပင်စင်ဆိုတာလည်း ဗြိတိသျှအစိုးရမှ မရှိတော့ဘဲ။ ပေးတဲ့လူ မရှိတော့ဘူးပေါ့။ ပြီးတော့ တချို့က အိုမင်းရင့်ရော်လို့ သေဆုံးကုန်ကြတယ်။ ငယ်ရွယ်သူတွေကလည်း သာမန် ဆင်းရဲသားများနဲ့ ရောနှောကုန် ကြတယ် ထင်ပါရဲ့။ မင်းဆွေ မင်းမျိုးဆိုလို့ အလွန်ကို နည်းပါးသွားပါတော့တယ်။

ကျွန်မတို့ အခုတွေ့နေရသေးတဲ့ စတုတ္ထသမီးတော်ရဲ့ သားသမီးတွေ ဆိုတာကလည်း ကျွန်မတို့ သိတဲ့ တော်ဘုရားကလေးတို့ဆိုရင် နိုင်ငံရေးနယ်ပယ်ထဲ ရောက်လာပြီး လူဆင်းရဲတွေနဲ့ တသားတည်းဖြစ်အောင် ဘယ်လိုနေပါတယ် ဆိုဆို သူတို့ကို ဗြိတိသျှတွေက ပြည်သူနဲ့ ရောနှောမှုမရှိအောင် ဘိုကျောင်းတွေမှာ ထားပြီး ငယ်ငယ်လေးကတည်းက ပညာသင်စေခဲ့တာမို့ ထမင်းစားရင် လက်နဲ့ မစားတတ်ဘူး။ ဇွန်းခက်ရင်းနဲ့ စားချင်တယ်။ မြန်မာစကားကို ရေရေလည်လည် မပြောတတ်ပေမယ့် အင်္ဂလိပ်လို ပြောရမယ်ဆိုရင်၊ ကျကျနန ပြောဆို ရေးသားတတ်တယ်။ သူတို့ ခမျာ မြန်မာဖြစ်အောင်မနည်းကြိုးစား သင်ကြားနေကြရပါတယ်။

ခုဆိုရင် ဘုရင်မရှိတော့တာ နှစ်ပေါင်း (၁၁၆) နှစ် ရှိပြီ မဟုတ်လား။ အဲဒီတော့လည်း လူမျိုးဆက် (၄-၅) ဆက် ကြာလေပြီမို့ အဲဒီလူစားတွေ ရောနှောပျောက်ကွယ် သွားကြပြီဆိုရင် မဆန်းတော့ဘူးပေါ့။ (လူထုဒေါ်အမာ)

ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၁၄၆၊ ဇန်နဝါရီ ၂၀၀၂။ မန္တလေးအနှစ်၁၅၀ပြည့် မဂ္ဂဇင်း၊ ၂၀၀၉ မေလ၊ ပထမအကြိမ် မှ ကူးယူဖော်ပြပါတယ်။

လူထုဒေါ်အမာရေးတဲ့စာကို မူရင်းသတ်ပုံအတိုင်းတင်ထားတာတခု ထူးထူးဆန်းဆန်း တအံ့တသြတွေ့ရ လို့ အလွတ်တရာ ဝမ်းမြောက်မိတယ်။ တခြားတင်သူတွေကတော့ ပေါ်လစီသတ်ပုံနဲ့သာ တင်နေကြတယ်။ မန္တလေးလူထုခေတ်ကို ပြန်ရောက်ပါစေသတည်း။

၁၉၁၀ ပြည့်နှစ်ဝန်းကျင်က လင်းပင်မင်းသားနှင့် သူ၏မိသားစုကို အလာလာဘတ်ရှိ လင်းပင်အိမ်တော်တွင် တွေ့ရစဉ်

Sai Min Thant🇲🇲 ရှေးခေတ်မြန်မာပုံရိပ်များ ကျေးဇူး။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Hair Loss (1) ဆံပင်ကျွတ်ခြင်း (၁)

Omicron Positive အိုမီခရွန် ကူးစက်ခံရလျှင်

Ringworm ပွေး