The Rainwater မိုးရေ

မင်္ဂလာပါ ဆရာ၊ Comment ပိတ်ခံထားရလို့ပါဆရာ၊ မေးစရာလေးရှိလို့ပါဆရာ၊ ဆီးကျောက်တည်တာ မိုးရေနဲ့တည့်လားဆရာ ၊ရှိတဲ့ရေကထုံးဓာတ်များလို့ မိုးရေသောက်နေရလို့ပါဆရာ၊ အချိန်ရလျင်ဖြေပေးပါဦး ဆရာ၊ ကျန်းမာ သက်ရှည်ပါစေ ဆရာ။

ကျွန်တော် မြို့သာမှာ တိုက်နယ်ဆရာဝန်လုပ်ခဲ့စဉ်ကာလမှာ ငါန်းဇွန်သား လမ်းဆိုးမတွေ့၊ မြို့သာသား ရေဆိုးမတွေ့လို့ ပြောစမှရှိခဲ့တယ်။ အခုတော့ အဆင်ပြေနေကြပြီတဲ့။ ၁၉၈၀ မတိုင်ခင်က မြို့သာမှာ သွပ်ပရပ်ကနေ မိုးရေခံထားကြရတယ်။ နှစ်ပေါက်စာလောက်ငအောင် ကွန်ကရစ်ကန်ကြီးကြီးလိုတယ်။ မိုးရေကို သောက်ရတယ်။ ရေနွေးတည်ရတယ်။ ခေါင်းလျှော်ရတယ်။ မိုးရေကို သန့်ရှင်းအောင်ထားရင် သောက်လို့ရပါတယ်။ အကာမပါတာကို ဝဲ သို့မဟုတ် ပရပ်လို့ ခေါ်တယ်။ နောက်ဘက်မှာလည်း ဇောင်း။

သိပ္ပံသုတေသနတွေအရလည်း မိုးရေကသန့်ရင် သောက်နိုင်တယ်လလို့ ရေးထားတယ်။ ကျွန်တော် ၆ နှစ်သောက်ခဲ့တယ်။ ကျေးဇူး။ 

Drinking water and kidney stone disease သောက်ရေနှင့် ကျောက်ကပ်ကျောက်ရောဂါဆက်စပ်မှု
အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်မှာ လေ့လာမှုဆေးသုနေသနတခု လုပ်ထဲ့တယ်။ ရလဒ်ကို ၂၄-၄-၂၀၁၈ နေ့က ထုတ်ပြန်ထားတယ်။ အနောက်ဘင်္ဂလားပြည်နယ်နေရာအမျိုးမျိုးမှာ သောက်ရေတွေက သောက်သုံးရန် သင့်တော်တယ်။ ကျောက်ကပ်ကျောက်ဖြစ်ခြင်းနဲ့ ရေရဲ့အရည်အသွေး ဆက်စပ်မှု မရှိတာတွေ့ရတယ်။

Safety of drinking rainwater မိုးရေကို သောက်လို့ရသလား
ဆရာရှင့် ကျွန်မရိုးရိုးမွေးထားတာ ၂၁ရက်ရှိပါပြီ။ မွေးပြီး ၅ရက်နေ့မှာ မိုးရေနဲ့ရေချိုးလိုက်မိပါတယ်။ ကလေးကိုလဲချက်ကြွေပြီးတာနဲ့မိုးရေနဲ့ပဲချိုးပေးလိုက်မိပါတယ်ရှင့်။ နောက်နေ့တွေမှာလဲ မိုးရေနဲ့ပဲချိုးမိနေပါတယ်ဆရာရှင့်။ မိုးရေနဲ့ရေချိုးခြင်းရဲ့ ဆိုးကျိုးတွေကိုလဲမသိပါဘူးဆရာရှင့်။ ဘာဆိုးကျိုးတွေဖြစ်လာနိုင်ပါသလဲရှင့်။ ကျေးဇူးပြု၍ဆရာဖြေကြားပေးပါရှင့်။

မိုးရေနဲ့ မြေအောက်ရေ မတူပါ။ မိုးရေဟာ သစ်ပင်တွေအတွက် အကောင်းဆုံးဖြစ်တယ်။ ၁ဝဝ% ရေချိုဖြစ်တယ်။ ဆားမပါ၊ ဓါတုပစ္စည်းတွေမပါ။ မိုးရေက နည်းနည်းအက်စစ်ဓါတ်ကဲတယ်။ သစ်ပင်တွေက pH 5.5 နဲ့ 6.5 ကြားရှိတာကို အကြိုက်ဆုံး ဖြစ်တယ်။ နိုက်ထရိုဂျင်ဟာ သစ်ပင်အတွက်အလွန်အရေးကြီးတယ်။ အမိုးနီးယားနဲ့ နိုက်ထရိတ် ဓါတ်ပေါင်းတွေအနေနဲ့ အသုံးဝင်တယ်။ လေထဲမှာ အဲတာတွေပါနေရင်မိုးရေနဲ့ပေါင်းစပ်နိုင်တယ်။ လျှပ်စီးလက်မှသာ နိုက်ထရိတ်ရတယ်။ မိုးရေလုံလောက်အောင်ရရင် မြေသြဇာမလိုပါ။ နိုက်ထရိုဂျင်လိုတာထက်ပိုရင်တော့ မကောင်းပါ။

ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာက မိုးရေကိုသောက်ကြတယ်။ ယေဘုယျပြောရရင် စိတ်ချရပါတယ်။ လူတွေ ရေစသောက်ကတည်းက မိုးရေကိုသာသောက်သုံးခဲ့ရတယ်။ ဆေးသိပ္ပံပညာထွန်းကားလာတော့ သတိထားစရာတွေ သိလာပါတယ်။ မြူနီစပယ်ရေလို့ခေါ်တဲ့ ရေပေးစနစ်ကရေထဲမှာပါတဲ့ ကလိုရင်းနဲ့ ဖလိုရိုက်တွေ မိုးရေထဲမှာမပါပါ။ အဲဒီဓါတ်တွေပါတာမှာ ကောင်းကျိုးအပြင် ဆိုးကျိုးတွေရှိတယ်။ ကောင်းချက်တခုက မိုးရေက ပိုက်ဆံမကုန်ဘူး။

သတိထားရမှာက မိုးရေဆိုတာ နေရာတိုင်းမှာ မတူပါ။ ပတ်ဝန်းကျင်သန့်မှ မိုးရေလည်းသန့်မယ်။ မြို့တွေအနီးအနား၊ စက်ရုံတွေရှိရာမှာ မိုးရေမသန့်ပါ။ မိုးရေထဲမှာ မလိုလားအပ်တာတွေပါနေနိုင်တယ်။ မြေဆီ၊ အပင်ငယ်၊ အကောင်ငယ်၊ ဗက်တီးရီးယား၊ အယ်လ်ဂျေးတွေနဲ့ တခါတလေ ရေဒီယိုဓါတ်ကြွပစ္စည်းပါနေတတ်တယ်။ မိုင်အဝေးကြီးမှာရှိတဲ့ မလိုတာတွေက ခပ်မြန်မြန်ကူးစက်လာနိုင်လို့ စစ်ဆေးတာကို နေ့တိုင်လိုလုပ်သင့်တယ်။

မိုးရေကရေချိုဖြစ်လို့ ကိုယ်ခန္ဓာထဲမှာ ရေငန်တာထက် အောက်စီဂျင်နဲ့ပေါင်းတာမှာ ပိုလွယ်ယူလို့ကောင်းတယ်။ မိုးရေနဲ့ အဝတ်လျှော်ရင် ဆပ်ပြာကုန် သက်သာတယ်။ မိုးရေနဲ့ ကားဆေးလို့ကောင်းတယ်။ ဘာမဆိုဆေးနိုင်တယ်။

ခက်တာက မိုးရွာမှ မိုးရေရတယ်။ မိုးရေခံစရာနဲ့ စနစ်တကျသိုလှောင်စရာရှိမှ။ မိုးရေကို အိမ်မိုးကနေခံယူရင် အမိုးသန့်မှ။ ပဌမမိုးရေကို အမိုးဆေးသလိုသဘောထားရတယ်။ ရေတံလျှောက်လည်း အတူတူပဲ။ သစ်ရွက်ခြောက်တွေ၊ ငှက်အညစ်အကြေးတွေကို ပဌမမိုးရေနဲ့ ဆေးစေရတယ်။ နယူးဇီလန်မှာသုတေသနတခုလုပ်တော့ အိမ်မိုးကနေ ခံထားတဲ့ မိုးရေနမူနာ (၅၆ဝ) ထဲမှာ ၃ဝ% ကမသန့်လို့တွေရတယ်။ ငှက်တွေရဲ့ အညစ်အကြေးတွေ ပါနေတယ်။ သူတို့ဆီမှာ လူဦးရေ ၄ သန်းကမိုးရေသောက်ရတယ်။

ကျွန်တော် တိုက်နယ်ဆရာဝန်လုပ်ခဲတဲ့ မြို့သာမှာ သွပ်မိုးအိမ်နဲ့ မိုးရေကန်ရှိမှသာ အဆင်ပြေကြတယ်။ ကွန်ကရစ်ကန်ကို မြေထဲတဝက် မြေပေါ်တဝက်လုပ်ထားရတယ်။ မိုးဦးကျရင် ရေကန်ထဲဆင်းပြီး ကန်ဆေးကြရတယ်။ တနှစ်လုံးသုံးရတယ်။ အခုထိ အမှတ်ရနေတယ်။

မိုးရေက မြစ်ရေနဲ့ မြေအောက်ရေတွေထက် အက်စစ်ဓါတ်ပိုကဲတယ်။ ရေထဲမှာ မင်နရယ်လ်ဓါတ်ဆားများရင် အက်စစ်ဓါတ်နည်းပြီး၊ အယ်လ်ကာလိုင်းဓါတ်ဖြစ်မယ်။ အဲတာမျိုးက လူနဲ့ပိုသင့်တယ်။ မိုးရေကြာကြာသောက်တဲ့သူဟာ unrefined natural sea salt (Celtic sea salt) ပင်လယ်ဆားနည်းနည်းစားဘို့လိုမယ်။ မိုးရေရတဲ့ လက်ဖက်ပင်က လက်ဖက်ခြောက်က ပိုပြီးသောက်ကောင်းတယ်။ ရေနွေးကြမ်းမှာ မိုးရေထက်ကောင်းတာမရှိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ