Ajinomoto ဂျပန်ကစတဲ့ ဟင်းချိုမှုန့်

စောစောက CNN မှာတက်လာတဲ့ သတင်းတင်လိုက်တယ်။ တရုပ်အစာလို့ရေးတယ်။ မှားတယ်။ Aji-no-moto အာဂျီနိုမိုတိုကို ၁၉ဝ၉ ခုနှစ်ကတည်းက ဂျပန် Suzuki ဆူဇူးကီး ညီအကိုကနေ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ တရုပ် တယောက်မှ မပါခဲ့ပါ။

Ajinomoto ဟာ ဂျပန်နိုင်ငံက အစားအသောက်နဲ့ ဓါတုပစ္စည်းတွေ ထုတ်လုပ်တဲ့ ကော်ပိုရေးရှင်းရဲ့ နာမည်ဖြစ်ပါတယ်။ Aspartame အက်စ်ပါတိမ်း ခေါ်တဲ့ အချိုအတုထုတ်လုပ်တဲ့ ၉ ဘီလျန်တန် ကမ္ဘာ့အကြီးဆုံး လုပ်ငန်းဖြစ်တယ်။ တနှစ်မှာ ဒေါ်လာ ၆၇ သန်းဘိုး ရောင်းနေရတယ်။

၁၉ဝ၈ မှာ တိုကျိုဘုရင့်တက္ကသိုလ်ပါမောက္ခ Kikunae Ikeda ကနေ Glutamic acid ဂလူတားမစ်အက်စစ်ကို အရသာထူးစေတဲ့ဓါတ်အဖြစ် ပင်လယ်မှော်ထဲကနေ စတင်ဖေါ်ထုတ်ခဲ့တယ်။ ချိုတာလဲမဟုတ်၊ ငန်တာလဲမဟုတ်၊ ချဉ်တာလဲမဟုတ်၊ ခါးတာလဲမဟုတ်တဲ့ အရသာကိုပေးတယ်။ ဆူဇူကီးညီအစ်ကိုတွေကနေ ၁၉ဝ၉ ကတည်းက Aji-no-moto ဆိုပြီး ရောင်းတယ်။ အရသာရဲ့ အသဲနှလုံးလို့ အဓိပ္ပါယ်ရတယ်။

MSG ကို သုံးနေကြတာ နှစ်ပေါင်း ၁ဝဝ ကျော်ပါပြီ။ ဒါကြောင့် စိတ်ချနိုင်တယ်လို့ပြောလဲ မမှားပါ။ ၁၉ရဝ မှာ အမေရိကန် FDA က အသိအမှတ်ပြုပေးခဲ့တယ်။ ဒီကာလအတွင်းမှာ လေ့လာမှုတွေ အများကြီးသုတေသနလုပ်ခဲ့ပါတယ်။ နိုင်ငံတကာရော ဂျပန်က လေ့လာမှုတွေအရ ယေဘုယျပြောရင် စိတ်ချရတယ်လို့ ဆိုနိုင်တယ်။

MSG သက်သက်က အရသာ မထူးစေပါ။ တခုခုနဲ့ရောရတယ်။ အသားနဲ့၊ ငါးနဲ့၊ အသီးအရွက်နဲ့ ရောတာမျိုး လုပ်ရတယ်။ မြန်မာတွေကတော့ လက်ဖက်ထဲ၊ အသုတ်မှန်သမျှထဲ ထည့်ကြတယ်။ ဘယ်ဟင်းထဲမှာ ဘယ်လောက်ရောရမယ် ဆိုတာတော့ မတူဘူး။ အချိုမှုန့်က များသွားပြန်ရင်လဲ အရသာပျက်တယ်။ MSG 1 gm/100 ml ထက်ကျော်တာနဲ့ စားလို့ မကောင်းတော့ဘူး။

လူ့ကိုယ်ကနေ Glutamate ဂလူတားမိတ်ကို ကျေချက်နိုင်ပါတယ်။ အဆိပ်ဖြစ်မှု အလွန်မတန်နည်းတယ်။ ကြွက်တွေကို စမ်းတော့ 15 to 18 g/kg ပေးရင် သေစေနိုင်တာ တွေ့ရတယ်။ ဆားကို 3 g/kg ပေးရင် သေစေနိုင်တာမို့ ၅ ဆ နည်းတယ်။ MSG ကို ဝိုင်၊ ဗနီဂါ၊ ချောကလက်တွေကိုလုပ်သလို ဗက်တီးရီးယားတွေသုံးပြီး ကစော်ဖေါက်သလို လုပ်ရတယ်။ နောက်တဆင့်မှာ ဆားရောထည့်ရတယ်။ Soy sauce ပဲငန်ပြာရည် လုပ်တာနဲ့လဲ တူတယ်။

MSG ဟင်းချိုမှုန့်နဲ့ Sodium chloride ဆားဟာ အပြန်အလှန်ဓါတ်ပြုမှုရှိကြတယ်။ ဒါကြောင့် ဟင်းချိုမှုန့်ခပ်ရင် ဆား လျှော့ခပ်ရတယ်။ နှလုံးရောဂါ၊ သွေးတိုးရောဂါရှိသူတွေနဲ့ မသင့်ဘူး။ ရင်ပတ်နာ၊ ခေါင်းကိုက်၊ မျက်နှာနီမြန်း၊ ချွေးထွက်၊ မျက်နှာထုံကျင်၊ ပျို့အန်ချင်၊ အားယုတ်၊ နှလုံးခုန်မြန်တာတွေလို့ ဆိုပါတယ်။

Chinese Restaurant Syndrome တရုတ်စားသောက်ဆိုင်ဆင်ဒရုမ်းလို့ ၁၉၆၈ ကတည်းကခေါ်တယ်။ ဆေးပညာအရ MSG symptom complex လို့ ခေါ်တယ်။ တရုတ်စားသောက်ဆိုင်ဆင်ဒရုမ်းရဲ့ အကြောင်းတရားဟာ MSG လို့ ၁၉၆၈ အစီရင်ခံစာက ဆိုပါတယ်။ အဲဒီကတည်းကနေ သုတေသနတွေလုပ်ကြပေမဲ့ ဟင်းချိုမှုန့်နဲ့ ရောဂါလက္ခဏာတွေ ဆက်စပ်မှုကိုတော့ သက်သေမပြနိုင်သေးပါ။ ခေါင်းကိုက်မယ်၊ ပျို့ချင်မယ်၊ နှလုံးတုန်မယ်။

တရုတ်စားသောက်ဆိုင်တိုင်းက ဟင်းချိုမှုန့်မသုံးလို့ အဲလိုခေါ်တာ မမှန်နိုင်ဘူး။ အမေရိကန် အစားအသောက် ဆင်ဒရုမ်းလို့ ခေါ်လိုက်တယ်။ သူတို့ဆီမှာ တရားခံဟာ ကေအက်ဖ်စီကြက်ကြော် နဲ့ ဘာဂါဖြစ်တယ်လို့ ထောက်ပြထားတယ်။ သူ့ကြောင့် ခေါင်းကိုက်တာကို ဟော့ဒေါ့ခေါင်းကိုက်လို့ခေါ်တယ်။

အမေရိကန်တွေကို တဖြေးဖြေးအဆိပ်သင့်နေပြီဆိုတဲ့ စာအုပ်က အမေရိကန်တွေ အလွန်ဝစေတဲ့ တရားခံလို့ ဆိုထားတယ်။ စွဲစေတယ်။ အစားအသောက် စွဲလမ်းမှုတွေထဲမှာ အရက်၊ ဝိုင်၊ ဆား နဲ့ ဟင်းချိုမှုန့်တွေ ထည့်ပြီး ချက်ပြုတ်ကြော်လှော်တာတွေ ပါတယ်။ သေစေတဲ့အရသာဆိုတဲ့ စာအုပ်ကတော့ MSG ကနေ ကလေးတွေရဲ့ ဦးနှောက်ကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

သေချာတာက သွေးဖိအားကို တက်စေနိုင်တယ်။ အမျိုးသမီးတွေ (Amlodipine, Sustained release Nifedipine, Felodipine, Nisoldipine) သွေးကျဆေး သောက်နေရင်း တက်တာတွေ့ရတယ်လို့ သုတေသနတခုကဆိုပါတယ်။ အမျိုးသမီးတွေ calcium channel blockers သွေးကျဆေးသောက်နေရင်း တက်တာတွေ့ရတယ်။

သဘာဝအရာမဟုတ်သမျှ စိတ်မချရဆိုတဲ့ အယူအဆကို ကျွန်တော်ကတော့ သဘောကျတယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ