အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ဟာ အရင်အမျိုးအစားတွေထက် ကူးစက်မြန်တာမို့ ဘာတွေသတိထားကြမလဲ

(အင်တာဗျူး)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဒဏ်ထိ အလူးအလဲခံရပြီးပြီဖြစ်ပါတယ်။တချို့ကူးစက်ခံရပြီးပေမယ့် အမှတ်မရှိကြသလို တချို့က ပေါ့လျော့နေဆဲဖြစ်ပါတယ်။ ခုတခါ ကိုဗစ်၁၉ရဲ့ ဗီဇပြောင်း Omicron ဆိုတာ တချို့နိုင်ငံတွေမှာ စတင်တွေ့ရှိနေတာကြောင့် နိုင်ငံတကာမှာ ဘယ်လိုတွေကာကွယ် ကုသနေကြသလဲဆိုတာသိနိုင်ဖို့ အမေရိကန်နိုင်ငံမှာနေထိုင်ပြီး ကျန်းမာရေးပညာပေးဆောင်းပါးတွေရေးသားနေတဲ့ ဒေါက်တာတင့်ဆွေကို VOM က ဆက်သွယ်မေးမြန်းတင်ပြလိုက်ပါတယ်။

VOM။  ။ အခု နောက်ဆုံး၊ ပေါ်လာတဲ့ Omicron variant နဲ့ ပတ်သက်ပြီး ကူးစက်ခံရမှု လက္ခဏာတွေ၊ ကာကွယ်မှု ကုသမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကျန်းမာရေး အသိုင်းအဝိုင်းက လုပ်ကိုင်နေတဲ့ အခြေအနေလေးတွေ အကြောင်း ဆရာသိသလောက် ဝေမျှပေးပါဆရာ။ မြန်မာနိုင်ငံမှာ ကူးစက်မှု ဖြစ်မလာအောင်၊ ဖြစ်လာခဲ့ရင်ရော ဘယ်လို ပြုမူနေထိုင်ကြရမလဲ ဆိုတာလေးပါ ပြောပြပေးပါဆရာ။

Dr Tint Swe- အွန်မီခရွန်ဟာ ကိုဗစ်ဗိုင်းရပ်စ် မျိုးကွဲသစ်ဖြစ်တယ်။ ၂၆-၁၁-၂၀၂၁ နေ့က တောင်အာဖရိကမှာ စတွေ့ပြီး တရက်ထက်တရက်တိုး ပြီး တခြားနိုင်ငံတွေကိုပါ ရောက်နေပြီ။ မြန်မာနိုင်ငံကိုရောက်တဲ့သတင်း အခုထိတော့ မတွေ့သေးပါ။ ဟောင်ကောင်ကို ရောက်နေပြီဖြစ်လို့ သတိထားရမယ်။

ဒီမျိုးကွဲသစ်ဟာ အရင်အမျိုးအစားတွေထက် ကူးစက်မြန်တယ်။ ဒါပေမဲ့ ရောဂါလက္ခဏာတွေက မဆိုးလှပါ။

ဗိုင်းရပ်စ်ဆိုတာ အစဉ်သဖြင့် မျိုးကွဲတွေ ဆက်ပေါ်နေတဲ့ပိုးဖြစ်တယ်။ ဥပမာ ရာသီတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ တနှစ်တခါဆိုသလို အသစ်ဖြစ်လာလို့ တိုပ်ကွေးကာကွယ်ဆေးကို တနှစ်တခါ ဆေးသစ် ထုတ်ရတယ်။

ကိုဗစ်-၁၉ မျိုးသစ်တွေပေါ်ပေမဲ့ ကာကွယ်နည်းကတော့ အခုထိ မပြောင်းသေးပါ။

၁။ အတတ်နိုင်ဆုံး လူစုလူဝေးနေရာတွေကို ရှောင်ပါ။

၂။ အပြင်ထွက်ရတိုင်း နှာခေါင်းစည်း သုံးပါ။

၃။ လူတယောက်နဲ့တယောက် ၆ ပေအကွာနေရတဲ့ စည်းကမ်းလိုက်နာပါ။

၄။ နေအိမ်၊ ရုံး၊ ကျောင်း၊ စျေး စတာတွေမှာရှိတဲ့ မျက်နှာပြင်တွေကို ပိုးသန့်ပေးပါ။ လိုက်ဇောရည် ကောင်းတယ်။

၅။ ဘယ်မှာရောက်နေနေ လက်ဆေးပါ။ ခဏခဏဆေးပါ။ ရိုးရိုးဆပ်ပြာနဲ့ ရေ အကောင်းဆုံး။ အရေးပေါ်အတွက် ဆင်နတိုက်ဇာ ခေါ် လက်ဆေးရေသုံးပါ။

၆။ ကိုဗစ်ကာကွယ်ဆေး ထိုးပါ။

၇။ သက်ဆိုင်ရာ ကျန်းမာရေးဌာနက ထုတ်ပြန်ချက်တွေကို လိုက်တာပါ။

၈။ လူအများရှိရာအတွင်းထဲမှာလည်း နှာခေါင်းစည်းတပ်ပါ။

VOM ။  ။ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးသွားပေမယ့် ကာကွယ်မှု အပြည့်အဝ ရအောင်ဆိုပြီး booster dose တွေ ထိုးကြရတာမှာ၊ ဆရာ လက်ရှိနေထိုင်နေတဲ့ အမေရိကန် နိုင်ငံနဲ့ အခြားနိုင်ငံတွေရဲ့ လုပ်ဆောင်မှုလေးတွေ အကြောင်း မျှဝေ ပေးပါဆရာ။

Dr Tint Swe -အများဆုံးသုံးတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ၂ ကြိမ်ထိုးရတယ်။ ယူအက်အေမှာသာထိုးတဲ့ ဂျွန်ဆင်-အင်-ဂျွန်ဆင် ကိုသာ တကြိမ်တည်းထိုးရတယ်။ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးလည်း ခုခံမှု ၁၀၀% မရသေးပါ။ သုတေသနတွေ ဆက်လုပ်နေတယ်။ ယေဘုယျ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးနောက် ၆ လဆိုရင် ဘူစတာဒို့စ် ခေါ် အားဖြည့်ဆေး ထပ်ထိုးရမယ်။

တတိယဆေးထိုးတာနဲ့ ဘူစတာ မတူပါ။ ခုခံအားနည်းနေသူတွေကို ယူအက်စ်အေမှာ တတိယအလုံး ထိုးပေးတယ်။ ဘူစတာဆေးကို ဆေးတဝက်သာထိုးတယ်။

ကာကွယ်ဆေးအမျိုးအမည်အလိုက် သတ်မှတ်ချက်တွေ နည်းနည်းစီ မတူပါ။ အသက်၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်မိခင်၊ ဘူစတာ မတူပါ။

VOM။  ။ မြန်မာနိုင်ငံမှာတော့ booster dose ကတော့ မထိုးရသေးဘူးပေါ့နော်။ ကာကွယ်ဆေး ၂ ကြိမ် ပြည့်မီအောင်တော့ ထိုးနေကြတာ ရှိပါတယ်။ တချို့တွေက ကာကွယ်ဆေး ထိုးပြီးပြီဆိုပြီး mask မတပ်ကြတော့တာတွေ၊ လူစုလူဝေး ပွဲလမ်းတွေ သွားလာတာတွေ၊ ရှိလာပါတယ်။ ဒီအပေါ် ဘယ်လိုများ အကြံပေးချင်ပါလဲ ဆရာ။

Dr Tint Swe -ကာကွယ်ဆး ၂ ကြိမ်ထိုးထားသူတွေလည်း ကာကွယ်နည်း ၁ ကနေ ၈ အထိ လိုက်နာရမယ်။ ဘူစတာ ထိုးပြီးသူတွေလည်း အတူတူလိုက်နာရမယ်။ တကမ္ဘာလုံးက လိုက်နာဆောင်ရွက်သင့်တယ်။ တိုင်းပြည်တခုရဲ့ လူဦးရေ အနည်းဆုံး ၇၀% က ကာကွယ်ဆေး အပြည့်ထိုးထားနိုင်ချိန်မှာ ဆေးပညာလို ဟဒ်အင်မြူနတီ ခေါ် လူများစုကာကွယ်မှုအဆင့်ကိုရောက်မ ယ်။ တရုပ်ပြည်မှာ ၈၀% အထိရည်မှန်းထားတယ်။

Omicron variant ကိုဗစ် အိုမီခရွန် မျိုးသစ်

၁။ ယူကေနိုင်ငံမှာ အသက် ၁၈ နှစ်အထက်တိုင်းကို ဘူစတာဒို့စ် ခေါ် ကိုဗစ်ကာကွယ်ဆေး တတိယအလုံး ထိုးဘို့ တိုက်တွန်းလိုက်တယ်။

၂။ ယူအက်စ်အေမှ သမတ ဘိုင်ဒင်ကလည်း ဘူစထာထိုးကြပါ။ စောင့်မနေပါနဲ့တဲ့။ ဒါ့ပြင် လူအများ အတူရှိနေတဲ့ အခန်းတွင်းထဲမှာပါ နှာခေါင်းစည်း တပ်ကြပါတဲ့။

VOM။ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှုန်းက ပြည်တွင်းမှာက လျော့လာတယ် ဆိုပေမယ့် ပိုးကူးစက်ခံရသူတွေ၊ သေဆုံးသူတွေ ရှိနေတုန်းပါပဲ။ အခြေအနေ အရပ်ရပ်အရ၊ ရောဂါပိုး ကူးစက်ခံရသူတွေထဲက တချို့အတွက် ဆေးရုံ၊ ဆေးခန်းတွေဆီသွားပြီး ကုသနိုင်ဖို့ အခြေနေ မပေးပါဘူး။ ကိုယ့်အိမ်မှာပဲ အဆင်ပြေသလို ကုသကြရတဲ့  ဒီလိုအခြေအနေတွေမှာ ရောဂါပိုး ကူးစက်ခံရသူတွေ အနေနဲ့ ရော၊ သူတို့ မိသားစုဝင်တွေ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်း အနေနဲ့ရော ကူညီပေးနိုင်မယ့် နည်းလမ်းလေးတွေ၊ ပြုစုစောင့်ရှောက်မှု နည်းလမ်းလေးတွေ ဝေမျှပေးပါဆရာ။

Dr Tint Swe -ကိုဗစ်-၁၉ လို့ အမည်မပေးရခင်က ကိုရိုနာဗိုင်းရပ်စ် လို့သာ ခေါ်သေးတယ်။ အစောဆုံးကာလဖြစ်တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်္ဘလာနောက်ဆုံးပတ်မှာ တရုပ်ပြည် ဝူဟန်ဒေသကစတယ်။ ဖျားတာနဲ့ ချောင်းဆိုးတာတွေ ခံစားရလို့ ဝူဟန်နူမိုးနီးယားလို့ စတင်ခေါ်ဝေါ်ခဲ့ပါတယ်။ ကျွန်တော်က ၄-၁-၂၀၂၀ နေ့မှာ သတင်းကို မြန်မာလို တင်ပြတယ်။ မကြာခင် မြန်မာပြည်ကို ကူးစက်လာတယ်။ ဆိုးသည်ထက် ဆိုးဆိုးလာတယ်။

အဲဒီအချိန်မှာ လူတွေ မျက်လုံးပြူး အထိတ်တန့်ဖြစ်ကြတယ်။ ရောဂါအကြောင်း တယောက်တမျိုး ပြောကြတယ်။ ကာကွယ်နည်းအမှားတွေ လူအများကြီးက ပြောဆိုကြတယ်။ ကုသနည်းအမှားတွေ လိုက်လာတယ်။ ဆေးရောင်း စျေးရောင်သူတွေက တမျိုး။ အဲတော့ ဆိုးသင့်တာထက် ပိုဆိုးခဲ့ပါတယ်။ အောက်စီဂျင်အရေးကိစ္စမှာလည်း လိုတာထက်လွန်ကဲတာတွေ၊ မလိုအပ်တာတွေ လုပ်ကြတာ တတိုင်းတပြည်လုံး။

အလေးအနက် အကြံပြုလိုတာတာ မမှန်တာတွေ မပြောပါနဲ့။ မမှန်တာတွေ မဖြန့်ပါနဲ့။ မမှန်တာတွေ လိုက်မလုပ်ပါနဲ့။

VOM ။ ။ကိုဗစ် တတိယလှိုင်း ဖြစ်ချိန်မှာ အွန်လိုင်းပေါ်ကနေ ကိုဗစ်ပျောက်တယ်၊ သက်သာတယ်ဆိုတဲ့ ဆေးမြီးတိုတွေ မျှဝေကြတာမျိုး ရှိခဲ့ပါတယ်။ ဒီ ဆေးမြီးတိုတွေက အလုပ်ဖြစ်မဖြစ်၊ ဆေးပညာအရကရော ဘယ်လိုသဘောတရားတွေ ရှိလဲဆိုတာ ပြောပြပေးပါဆရာ။

Dr Tint Swe -ဆေးမြီးတိုက အတော်ဒုက္ခပေးတယ်။ တခြားတိုင်းပြည်တွေမှာလည်း ရှိတော့ရှိတယ်။ ကျွန်တော်တို့တိုင်ပြည်က မဟုတ်ကဟုတ်က ဆေးနည်းတွေ တန်းစီပြီး တင်ပြခဲ့ပါတယ်။ ချက်ချင်း လိုက်နာခြင်း မရှိပဲ တလ နှစ်လ နေမှ လက်ခံလာကြတယ်။ ကြားထဲမှာ ကူးစက်ခံရသူတွေ၊ ဆေးရုံတက်ရသူတွေ၊ ကွယ်လွန်သူတွေ အရေအတွက် ဖြစ်သင့်တာထက် ပိုများခဲ့ပါတယ်။ တမာရွက်ပြုတ်၊ အရက်၊ နေရောင်ကနေ ငှက်သိုက်။ အခုတော့ ပြောခဲ့ ရောင်းခဲ့ ဝယ်သုံးခဲ့သူတွေက သူတို့ မဟုတ်ကြသလိုဘဲ။

VOM ။  ။အခုဆို ကိုရိုနာဗိုင်းရပ်စ်ပိုးက မျိုးဗီဇတွေ ပြောင်းပြီးတော့ Omicron ဆိုပြီး ဖြစ်လာတယ်။ ဒီ ကူးစက်ရောဂါဟာ အနည်းဆုံး ၃ နှစ်တော့ ကမ္ဘာမှာ ကိုဗစ်က ရှိနေဦးမယ်၊ ကိုဗစ်နဲ့အတူ ယှဉ်တွဲ နေထိုင်ဖို့ ပြင်ဆင်ရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ဆိုထားတော့၊ ပြည်သူပြည်သားတွေ အနေနဲ့က ကိုဗစ်ရောဂါ ကင်းစင်ရေး၊ ကူးစက်နှုန်းလျှော့ချရေးတွေ အတွက် ဘာတွေကို ဘယ်အတိုင်းအတာအထိ လုပ်သွားဖို့ လိုအပ်ပါမလဲဆရာ။

Dr Tint Swe -ကိုဗစ်-၁၉ ရောဂါဟာ အသစ်ဖြစ်တယ်။ တကမ္ဘာလုံးက ဆေးနဲ့ ကျန်းမာရေးပညာရှင်တွေ နေ့ညမပြတ် သုနေသနပြုနေကြတယ်။ လေ့လာနေကြတယ်။ ဘယ်သူမှ ဒီကပ်ရောအကြောင်း အကုန် မသိနိုင်ကြသေးပါ။ လွန်ခဲ့တဲ့ တပတ်ကထိ အခုမျိုးသစ်အကြောင်း ဘယ်ကမှ ကြိုတင်ခန့်မှန်းနိုင်ခဲ့ခြင်းမရှိပါ။

ရောဂါအကြောင်းကို WHO နဲ့ အမေရိကန် CDC တို့ ထုတ်ပြန်ထားတာတွေကိုသာ အမှန်အတည် ယူရမယ်။ သူတို့ဝဘ်ဆိုက်မှာ အတိအကျ ရေးတင်ထားတယ်။ လူမှုကွန်ယက်တွေကို ရှောင်သင့်တယ်။ ချဲ့ကား၊ လျှော့ပေါ့ရေးတဲ့ မီဒီယာတွေကို ရှောင်သင့်တယ်။

ဒီကပ်ရောဂါကြီးကို နိုင်ငံရေးလုပ်ကြတယ်။ ဥပမာ တရုပ်နဲ့ ယူအက်စ်အေ။ ရောဂါအစကို ရှာမရအောင် တရုပ်အာဏာပိုင်တွေက ဖုံးကွယ်တယ်။ အမေရိကန် အရင်သမတ ဒေါ်နယ်ထရမ့်က ငှက်ဖျားဆေးကို ညွှန်းခဲ့တယ်။ ဥရောပမှာ လက်ျာစွန်းတွေက ကာကွယ်ဆေးမထိုးရေး အော်ကြတယ်။

ကာကွယ်ဆေးတွေထွက်လာတော့ တရုပ်က သူ့ဆေးသုံးအောင် နည်းမျိုးစုံနဲ့ဆွဲဆောင်သိမ်းသွင်းတယ်။ အမေရိကန်က တခြားနိုင်ငံတွေကို ကာကွယ်ဆေးပေးတာ နှေးတယ်။ နည်းတယ်။ စျေးကြီးတယ်။

နိုင်ငံရေးဒဏ်ကို မြန်မာပြည်က လိမ့်နေအောင်ခံရတယ်။ ပဌမဆုံး ကာကွယ်ဆေးက ရွေးကောက် တင်မြှောက်ခံအစိုးရ လက်ထက်မှာ အိန္ဒိယကနေ လာတယ်။ ကံဆိုးချင်တော့ စစ်အာဏာသိမ်းခံရချိန်မှာ အိန္ဒိယမှာ သူ့လူဦးရေအတွက်တောင် မလောက်လို့ မြန်မာပြည်ကို မပို့နိုင်။ တရုက်ကဆေးသာ သုံးရတယ်။ ကြားထဲမှာ ရုရှားဆေးလည်းလာသေးတော့ လူတွေက ဆေးတမျိုးထိုးပြီး နောက်တမျိုးထိုးရမလား မေးကြတယ်။ ကာကွယ်ဆေးထိုးကြောင်း ထောက်ခံစာ အရေးကြီးတယ်။ တချို့နေရာတွေ့က ထုတ်မပေးဘူးတဲ့။ မြန်မာပြည်မှာက နေရာတကာ အတုတွေကပေါတယ်။ ကျန်းမာရေးအတွက် အတုက ဘေးဖြစ်စေတယ်။ ကိုဗစ်မှာ လူတယောက်တည်းအတွက်သာ ဆိုးစေတာ မဟုတ်ပါ။

ကပ်ရောဂါကို အခွင့်ကောင်းယူပြီး (အတု မယဉ်ကျေးမှု) ကိုပါ ဖျောက်သင့်ကြပါတယ်။

နိုင်ငံတကာလေ့လာစောင့်ကြည့်တဲ့ စာရင်းတွေထဲမှာ မြန်မာပြည်က ကိုဗစ်ကိန်းဂဏန်းတွေကို တကယ့်အဖြစ်နဲ့ တူ မတူ မသိနိုင်ပါ။ ၂၀၂၁ ဖေဖေါ်ဝါရီလကနေ ၃-၄ လကြာ လူတွေ သောင်းနဲ့ သိန်းနဲ့ စုဝေးဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်တယ်။ ကိုဗစ်ကူးချင်စရာ အလွန်ကောင်းတယ်။ တကယ်မကူးခဲ့တာလား၊ ကူးပြီး မသိတာလား မပြောနိုင်။ WHO က ဆေးသုတေသနလေ့လာမှု လုပ်သင့်တယ်။ တခြားတိုင်ပြည်တခုတလေမှာ အဲလိုမဖြစ်ခဲ့ပါ။

လူထုရဲ့ ကျန်းမာရေးအတွက် အလိမ်အညာကင်းတဲ့ အုပ်ချုပ်ရေးစနစ်ထူထောင်ရမယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ