တခု တကောင် တယောက်
တစ်ခု တစ်ကောင် တစ်ယောက်
“ ဦးနေဝင်းရဲ့နောက်မြီးဆွဲ မလုပ်ချင်ကြနဲ့တော့လို့ ပြောလိုက်တဲ့ ဆရာမောင်သင်းခိုင်၊ ဆရာမောင်ကြူးရင့်တို့နှင့် စာပေစကားဝိုင်း”
ပျဉ်းမနားကဗျာဆရာများ တွေ့ဆုံလေ့ရှိရာ ကိုမိုးကြီး(ကဗျာဆရာမိုးကျော်အောင်)ရဲ့ Rain ကဖီးကို ကျွန်တော်ရောက်တော့ ဆရာမောင်သင်းခိုင်က ရောက်နှင့်ပြီ။
“မင်္ဂလာပါဆရာ”
“မင်္ဂလာပါ ကိုမိုးသစ်ဝေရေ၊ ထိုင်ကွာ၊ ဗိုလ်ကြူးလည်း ခဏနေရင် ရောက်လာလိမ့်မယ်”
ကျွန်တော်လည်း ခုံတလုံးမှာ ဝင်ထိုင်လိုက်ရင်း လက်ဖက်ရည်တခွက် မှာလိုက်ပါတယ်။
“ဆရာရေ ဒီနေ့တော့ ကျွန်တော် ဆရာတို့နဲ့ အင်တာဗျူးစရာလေးတွေ ရှိတယ်။ ဒီကိစ္စက ကျွန်တော်လည်း သိမီသလောက်တော့ သိမီခဲ့တယ်ပေါ့လေ။ ဒါပေမယ့် ဆရာတို့ပြောတာ ကြားရရင် ပိုပြီး ပြည့်စုံမယ် ထင်လို့ပါ”
“ဘာကိစ္စများလဲ ဆိုပါဦး”
“တစ်ခု၊ တစ်ကောင်၊ တစ်ယောက်ဆိုတဲ့ အရေးအသား အမှားကိစ္စပါဆရာ”
“သိပ်ကောင်းတယ်ဟေ့၊ ဒီကိစ္စကို အမှန်အတိုင်းဖြစ်အောင် ပြန်ဖော်ထုတ်သင့်တာကြာနေပြီ။ ဟော .. အတော်ပဲ။ ဗိုလ်ကြူးလည်း ရောက်လာပြီ။ စကားဝိုင်းလေး ပိုပြီး စိုပြည်သွားတာပေါ့ကွာ”
ဗိုလ်ကြူးလို့ ကျွန်တော်တို့က ချစ်စနိုးခေါ်တဲ့ ကဗျာဆရာမောင်ကြူးရင့် စားပွဲမှာဝင်ထိုင်လိုက်ပြီးနောက် ကျွန်တော်တို့စကားဝိုင်းလေး စပြီး အသက်ဝင်သွားပါတော့တယ်။
သင်း။ ။ ဗိုလ်ကြူးရေ၊ ငါတို့ အခုပြောနေတာက တစ်ခု တစ်ကောင် တစ်ယောက် ဆိုတဲ့ အရေးအသား အမှားကိစ္စကွာ။ တချို့တွေလည်း တခု တကောင် ဆိုပြီး ပြန်ပြင်ရေး ဖို့ ကြိုးစားနေကြပါပြီ။ ဒါပေမယ့် တွင်တွင်ကျယ်ကျယ်တော့ ဖြစ်မလာ သေးဘူး။ ဒီတော့ ဒီကိစ္စကို အများပြည်သူလည်း ပြန်သတိရလာအောင် အမှန် အတိုင်း ပြန်ရေး လာကြအောင် ဘယ်လိုလုပ်သင့်ကြသလဲ ဆွေးနွေးကြရင် မကောင်းဘူးလား။
ကြူး။ ။ သိပ်ကောင်းတာပေါ့ ဗိုလ်ကြီးရာ၊ ကိုယ်ကတော့ ကဗျာတပုဒ်ထဲမှာတောင် ထည့်ရေးခဲ့ပြီးပါပြီ။ ကဗျာဆိုတော့ ဖတ်တဲ့လူနည်းတော့ သိပ်ပြီး မပျံ့နှံ့ခဲ့ဘူးပေါ့။ ဒီအကြောင်းကို ၀ိုင်းဆွေးနွေးကြပြီး ဆောင်းပါးရေး၊ ဂျာနယ်မှာထည့်ခိုင်းရင် ပိုကောင်းမယ်ထင်တယ်။
မိုး။ ။ ဒီနေ့ပြောသမျှကို မှတ်သားပြီး ကျွန်တော် ပြန်ရေးပေးပါ့မယ်။ ကဲ ကျွန်တော် စပြီး မေးချင်ပါတယ်။ အဲဒီလို တဝမ်းပူစသတ် တစ် လို့ အရင်ရှေးထုံးမရှိပဲ အမှားကြီး စရေးခဲ့တာ ဦးနေဝင်းလို့ ကျွန်တော်ကြားဖူးပါတယ်။ အဲဒီအကြောင်း ဆရာတို့ ပြောပြပေးပါဦး။
သင်း။ ။ သိပ်ဟုတ်တာပေါ့ကွာ။ ပြန်ပြောရရင်တော့ တရုတ်ပြည်က တိန့်ယင်ရှောင် အလည်လာတုန်းကပေါ့။ တခါမှ စာတပုဒ်ကို ဖြစ်ဖြစ်မြောက်မြောက်မရေးဖူးတဲ့ ဦးနေဝင်းက ကိုယ်တိုင် ဆောင်းပါးတပုဒ်ရေးပြီး သတင်းစာထဲမှာ ထည့်ခိုင်းတယ် ကွာ။ သတင်းစာ အယ်ဒီတာတွေလည်း တော်တော် ခေါင်းခြောက်ခဲ့ရတယ်တဲ့။ ဘာလို့လဲဆိုတော့ သူ့ဆောင်းပါးထဲမှာ တခါမှ သုံးလေ့သုံးထမရှိတဲ့ အသုံးအနှုန်း အမှားတွေ ပါနေလို့ပဲ။ 'အဆွေတော်နှင့် ကျွန်ုပ်တို့ တစ်ဦးနှင့် တစ်ဦး၊ တစ်ပြည်ထောင်နဲ့ တစ်ပြည်ထောင်' စသဖြင့် ပေါ့ကွာ။ ရေးထုံးအမှားကို အမှန်လို့ မှတ်လာခဲ့ရတဲ့ အခုခေတ် လူငယ်တယောက် ဖတ်ကြည့်ရင်တော့ ဘာမှားလို့လဲပေါ့ကွာ။ ဒါပေမယ့် အဲဒီအချိန်ကတော့ တော်တော့်ကို မျက်စိထဲမှာ ထူးဆန်းနေတဲ့ သတ်ပုံ အမှားကြီးပေါ့ကွာ။ အယ်ဒီတာတွေလည်း ဦးနေဝင်းရေးတာဆိုတော့ မပြင်ရဲဘဲ ဒီအတိုင်းပဲ သတင်းစာထဲ ထည့်ပေးလိုက်တာပေါ့။ နောက်နေ့ အဲဒီဆောင်းပါး ဖတ်ပြီးသူတွေက ပြုံးစေ့စေ့နဲ ့ပေါ့ကွာ။ နိုင်ငံ့ခေါင်းဆောင်တယောက် လုပ်နေပြီး စာလေးတပုဒ်တောင် ဖြောင့်အောင်မရေးနိုင်ဘူးဆိုပြီးတော့ပေါ့။
ကြူး။ ။ အဲဒီအမှားကို မသိလိုက်မသိဖာသာဘဲ နေလိုက်ကြရင်တော့ အဲဒီကိစ္စက အဲဒီမှာပဲ ပြီးခဲ့မှာပဲ။ ဒါပေမယ့် သူ့ရဲ့နောက်လိုက်တွေက ငါတို့ခေါင်းဆောင်ကြီး ရေးတဲ့ အတိုင်း လိုက်ရေးကြမယ်ဆိုပြီး လိုက်ရေးကြရာက အဲဒီလိုအမှားရေးတဲ့ လူတွေ အတော်လေးများလာပြီး၊ အမှားနဲ့အမှန် ရောထွေးလာတယ်။ နှစ်အတော်ကြာလာတော့ တယောက်လို့ရေးတာ အမှန်လား၊ တစ်ယောက်လို့ ရေးတာအမှန်လားဆိုတာ ပြဿနာကြီးတခု ဖြစ်လာခဲ့တော့တာပေါ့။
သင်း။ ။ အဲဒီမှာပဲ ဦးနေဝင်းက အာဏာရှင်ညာဉ်အတိုင်း သူစခဲ့တဲ့ အမှားကို အမှန်ဖြစ်လာအောင် အတင်းလုပ်ခိုင်းတော့တာပေါ့။ သတ်ပုံအမှန်ဖြစ်ရေး လုပ်ကြပါ ဆိုပြီး မြန်မာစာအဖွဲ့ကို ဖိအားပေးခဲ့တယ်လေ။ မြန်မာစာအဖွဲ့ကလည်း ဦးနေဝင်းအလိုကျ ကြိုးဆွဲရာ ကပေးခဲ့တယ်။ မြန်မာစာလုံးပေါင်းသတ်ပုံ ကျမ်းဆိုတာ ထုတ်ပြီး တစ် လို့ ရေးကြပါဆိုပြီး သတ်မှတ်ပေးလိုက်တယ်။ ဥပဒေစကားနဲ့ပြောရရင်တော့ အများပြည်သူမနှစ်သက်တဲ့ ဥပဒေတခု ပြဋ္ဌာန်းပေးလိုက်တာပေါ့။
မိုး။ ။ မြန်မာစာအဖွဲ့က သတ်ပုံကျမ်းမှာ “တစ်” လို့ရေးသင့်တယ်ဆိုတာကို ဘယ်လိုအထောက်အထား တွေများရှာပြီး အကြောင်းပြခဲ့တာလဲဆရာ။
သင်း။ ။ အထောက်အထားရှာလို့ ဘယ်လိုရမှာလဲကွာ။ ပုဂံခေတ်ကစလို့ ခေတ်အဆက်ဆက် ပညာရှင်အကုန်လုံး တခု တကောင်တယောက်လို့ပဲ ရေးခဲ့ကြတာကိုကွာ။ အနန္တသူရိယအမတ်ကြီးရဲ့မျက်ဖြေအလင်္ကာမှာပဲ ကြည့်လေကွာ။ 'သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း' တဲ့။ 'သူတည်းတစ်ယောက်' လို့ ရေးခဲ့လို့လား။ မင်းဘူးဆရာတော် ဦးသြဘာသရဲ့စာတွေထဲပဲရှာရှာ၊ ဦးပုညရဲ့စာတွေထဲပဲရှာရှာ၊ ဆရာကြီးရွှေဥဒေါင်းရဲ့ စာတွေထဲပဲ ရှာရှာ ဘယ်တွေ့လိမ့်မလဲ။ အဲဒီလိုရေးထုံးမှ မရှိခဲ့ပဲကိုး။
ဒါပေမယ့် လိုရာဆွဲပြောဖို့ ဉာဏ်နီဉာဏ်နက်ထုတ် စကားလုံးရှာတဲ့နေရာမှာတော့ မြန်မာစာအဖွဲ့က တကယ်တော်တယ်ဟေ့။ 'တ နှင့် တစ်အရေးကို စဉ်းစားသောအခါ ရေးတော့အမှန် ဖတ်တော့အသံ ဟူသည်ကို လိုက်နာမည်' တဲ့။ 'သဘာဝယုတ္တိအရ ပြုပြင်သင့်သည်ကို ပြုပြင်မည်' တဲ့။ 'နာမ်၊ မျိုးပြပစ္စည်းတို့နှင့် ယှဉ်တွဲသော တ သည် ကိန်းဂဏန်းတစ်ခုကို အရင်းခံသော ပုဒ်ဖြစ်သဖြင့် စသတ်ဖြင့်ရေးရန်' တဲ့။
ရှေးစာပေ အထောက်အထား အကိုးအကား တခုမှ မပါဘူးနော်။ ငါတို့မှာ အာဏာရှိတယ်၊ ငါတို့ရေး ခိုင်းတဲ့အတိုင်း ပြင်ရေးရမယ်ဆိုတာကို စကားလုံးလှလှလေးတွေ နဲ့ ပြောလိုက်တာပဲ။
မိုး။ ။ ရေးတော့အမှန် ဖတ်တော့အသံ ဆိုပြီး 'ဒို့' ဆိုတဲ့စကားလုံးကိုတောင် 'တို့' လို့ ပြောင်းရေးကြရမယ်ဆိုလို့ ' ဒို့ကျောင်းသား' စာစောင်ကိုတောင် 'တို့ကျောင်းသား' လို့ နာမည်ပြောင်းပေးခဲ့ရတာ ကျွန်တော်မှတ်မိသေးတယ် ဆရာ။
ကြူး။ ။ အဲဒီ မြန်မာစာအဖွဲ့ပဲလေ၊ စစ်အစိုးရတက်လာတော့ ဒို့တာဝန်အရေးသုံးပါး ဆိုတာ စာလုံးပေါင်းမှားနေတယ်။ တို့တာဝန်အရေးသုံးပါး လို့ရေးပါ ဆိုပြီး ထောက်ပြရဲခဲ့လို့လား။
မိုး။ ။ မှန်လိုက်တာ ဆရာရယ်။
သင်း။ ။ ဆက်ပြောရရင် ဦးနေဝင်းက သူ့ရေးထုံးအမှားကြီးကို အမှန်ဖြစ်အောင်လို့ မြန်မာစာအဖွဲ့ကိုအသုံးချပြီး တရားဝင်ဖြစ်အောင် ပြဋ္ဌာန်းခဲ့တယ်။ ဒါပေမယ့် လူတိုင်းက လိုက်မရေးခဲ့ကြပါဘူး။ ဒီတော့ ဘယ်သူ့ကို အသုံးချလာလဲဆိုတော့ စာပေကင်ပေတိုင်လို့ အများကခေါ်ကြတဲ့ စာပေစိစစ်ရေးအဖွဲ့လေ။ ပုံနှိပ်သမျှ စာအုပ်စာတမ်းတွေ အားလုံးကို သတ်ပုံမမှန်ရင် ထုတ်ခွင့်မပေးဘူးဆိုပြီး အတင်း ပြင်ခိုင်းတော့တာပဲ။ ဒီတော့ နောက်လူတွေလည်း တခု တကောင် ဆိုတဲ့အရေး အသားကို မမြင်ဘူး ကြတော့ပဲ၊ တစ်ခုတစ်ကောင်လို့ ရေးရတယ်လို့ပဲ အမှားကြီးကို အရိုးစွဲလာခဲ့ကြတာပေါ့။
မိုး။ ။ အဲဒီတုန်းက စာရေးဆရာတွေက မကန့်ကွက်ခဲ့ကြဘူးလား။
သင်း။ ။ အဲဒီတုန်းက အာဏာရှင်စနစ်အောက်မှာဆိုတော့ ကန့်ကွက်ကြောင်း တရားဝင်ရေးသားခွင့် မရခဲ့ဘူးလေ။ ကိုတင်မိုးကြီးကတော့ ဘီဘီစီနဲ့ အင်တာဗျူးမှာ မကြိုက်ကြောင်းပြောခဲ့တာမှတ်မိတယ်။ ဆရာမင်းသုဝဏ် ရွဲ့တည့်တည့် ပြောတာခဲ့တာလည်း မှတ်မိသေးတယ်။ ဆရာမင်းသုဝဏ်ကို ဆရာဇော်ဂျီနဲ့ တွေ့ဖြစ် လားမေးတော့ 'ကျွန်တော် တစ်ခါတစ်လေ (ရေးသည့်အတိုင်း အသံထွက်ပြီးပြော) တော့လည်း တွေ့ဖြစ်ပါတယ်' တဲ့။ အဲဒီ တစ် ဆိုတဲ့ အရေးအသားကို ဆရာမင်းသုဝဏ်လို ဆရာကြီးတွေလည်း မကြိုက်ခဲ့ကြပါဘူး။
ကြူး။ ။ ရှင်းနေတဲ့အရေးအသားကို ရှုပ်အောင် ပြောင်းရေးခိုင်းတော့ နောက်ထပ် ပြဿနာတွေကို ထပ်တွေ့ရပြန်ရော။ လူတွေလည်း ရေးကောင်းကောင်းနဲ့ တဝမ်းပူ စသတ် တစ် လိုက်ကြတာ တစ်ကျက်ကျက်တို့၊ တစ်သသတို့၊ တစ်အံ့တစ်သြတို့ တောင် ဖြစ်သွားကြပြန်ရော။ အဲဒါတွေကျတော့ စသတ် မတစ်ရပြန်ဘူး ဆိုတော့ လူတွေလည်း ဘယ်ဟာကို စသတ်နဲ့ တစ်ရမယ်၊ ဘယ်ဟာကိုတော့ စမသတ်ပဲ တ လို့ပဲ ရေးရမယ်၊ တခမ်းတနားလား တစ်ခမ်းတစ်နားလား၊ တခါတလေလား တစ်ခါတစ်လေလား တစ်ခါတလေလားဆိုတာ မှတ်ရတဲ့အပိုဒုက္ခတွေပါ တွေ့လာရတယ်။ သူတို့ရဲ့သတ်ပုံကျမ်း ဆိုတာကြီးကိုသာ မဆောင်ထားရင် ရေးတာမှားသွားဖို့များတယ်။ အယ်ဒီတာတွေလည်း သတ်ပုံကျက်ရတဲ့ဒုက္ခ၊ သတ်ပုံလိုက်ပြင်ပေးရတဲ့ဒုက္ခတွေ အများကြီး ကြုံခဲ့ကြရတာပေါ့။
သင်း။ ။ ကဲ၊ အဲဒါတွေ ထားလိုက်ပါတော့ကွာ။ အခု ဦးနေဝင်းလည်း မရှိတော့ဘူး။ အာဏာရှင်စနစ်လည်း ချုပ်ငြိမ်းသွားပြီ၊ အဲ .. ဆိုသော်ရကောင်း၏ပေါ့ကွာ။ စာပေစိစစ်ရေးလည်း မရှိတော့ဘူး၊ စာပေလွတ်လပ်ခွင့်လည်း ရလာပြီ။ ဒီလို အခွင့်အရေးရတုန်းမှာ ဦးနေဝင်းစခဲ့တဲ့ ဒီ တဝမ်းပူ စသတ် တစ် အရေးမှားကြီး ကို ပြန်ပြင်ရေးကြဖို့ ကောင်းပြီ။
မိုး။ ။ အခုဆို ကျွန်တော်လည်း စာရေးရင် တ နဲ့ပဲ ပြောင်းပြီးရေးနေတာပါပဲဆရာ။ ဒါပေမယ့် အယ်ဒီတာတွေက တစ် ဆိုပြီး ပြန်ပြန်ပြောင်းပစ်တော့ ခက်တယ်ဆရာ။
သင်း။ ။ အယ်ဒီတာတွေကိုယ်တိုင်က ဒီကိစ္စရဲ့နောက်ခံသမိုင်းကို လေးလေးနက်နက် မစဉ်းစားမိကြ လို့ အရေးကြီးတယ်လို့ မယူဆကြလို့ စာစီတဲ့ကလေးတွေ ကို သေသေချာချာ မမှာဖြစ်တာလည်း ဖြစ်နိုင်တယ်။ ဒီတော့ အခုအချိန်ကစပြီး ငါတို့ခင်တဲ့ အယ်ဒီတာတွေကို စပြီး စည်းရုံးကြမယ်ကွာ။ ကိုချစ်မောင်တို့၊ တင်တင်ဦးတို့၊ ကိုဝင်းသူရတို့၊ ကိုလေးကိုတင်တို့က စကြမယ်ကွာ။ သူတို့မဂ္ဂဇင်းတွေမှာ စပြီး ပြောင်းရေးလာကြရင် ဒီကိစ္စဟာ ဦးနေဝင်းရဲ့လက်ကျန် အမှားကြီးဆိုတဲ့ ခံယူချက်အသိ စိတ်ဓာတ်ရှိတဲ့ လူတွေ လိုက်ပြောင်းရေးလာကြမှာပဲ။
ကြူး။ ။ နောက်ပြီး ပိုပြီး တွင်တွင်ကျယ်ကျယ် လူသိလာဖို့ ၀ိုင်းဝန်းလှုပ်ရှားနိုင်ကြရင် အကောင်းဆုံးပဲ။ ကိုထက်မြက်တို့ရဲ့ စာရေးဆရာသမဂ္ဂတို့၊ မသီတာတို့ရဲ့ ရှိပြီးသားအဖွဲ့အစည်းတွေ ပူးပေါင်းလှုပ်ရှားလာကြရင် ပိုထိရောက်မယ်။
သင်း။ ။ ဒိပြင် စာဖတ်ပရိသတ်နဲ့ ထိတွေ့မှုများတာ စာပေဟောပြောပွဲတွေကွာ။ မောင်သာချိုတို့၊ ချစ်ဦးညိုတို့၊ နေဝင်းမြင့်တို့ကိုလည်း ဟောပြောပွဲတွေမှာ ဒီကိစ္စအကြောင်း ထည့်ဟောပေးဖို့ တိုက်တွန်းကြမယ်ကွာ။
မိုး။ ။ ကောင်းတယ်ဆရာ။ ကျွန်တော်တို့ ခင်တဲ့စာရေးဆရာတွေ၊ အယ်ဒီတာတွေကို တဖြည်းဖြည်း စပြီး စည်းရုံးကြတာပေါ့။ ဒီနေ့ ဆရာတို့ပြောတဲ့အကြောင်းတွေ ကို ပြန်ရေးပြီး ဆရာဦးချစ်မောင်တို့ဂျာနယ်ကို ပို့လိုက်မယ်။ ဆရာတို့အနေနဲ့ နောက်ဆုံး ဘာများပြောချင်ပါသေးလဲ။
ကြူး။ ။ ဒီကိစ္စကို ဦးနေဝင်းက စခဲ့တာဆိုပေမယ့် တိုက်ရိုက်တာဝန်ရှိခဲ့တာက မြန်မာစာအဖွဲ့ပဲ။ ဒီတော့ သူတို့လုပ်ခဲ့တဲ့အမှားကြီးကို ပြန်လည်ဝန်ချတောင်းပန်ပြီး၊ တရားဝင် ပြန်ပြင်ဆင်ပေးဖို့ မြန်မာစာအဖွဲ့အပေါ်မှာ တာဝန်ရှိတယ်လို့ ကိုယ်ပြောချင်တယ်။
သင်း။ ။ တကယ်တော့ ဒီ တဝမ်းပူ စသတ်နဲ့ တစ်နေရတဲ့ကိစ္စဟာ ဦးနေဝင်းက အာဏာသုံးပြီး အတင်းပြင်ရေးခိုင်းလို့ အောင့်သက်သက်နဲ့ လိုက်ရေးခဲ့ရတဲ့ကိစ္စပဲကွာ။ ဒီနေ့ ဒီလိုအချိန်မျိုးမှာတောင် တခု တကောင် တယောက်လို့ အမှန်အတိုင်း ပြန်မရေးကြပဲ၊ တစ်ခု တစ်ကောင် တစ်ယောက် လို့ပဲဆက်လုပ်နေတာဟာ ဦးနေဝင်း ရဲ့ နောက်မြီးဆွဲ ဆက်လုပ်နေရာကျတယ်ကွာ။ ဦးနေဝင်းရဲ့ နောက်မြီးဆွဲတော့ ဆက်မလုပ်ချင်ကြပါနဲ့တော့လို့ စာရေးဆရာ အယ်ဒီတာ စာဖတ်ပရိသတ်တွေကို တိုက်တွန်းလိုက်ချင်ပါတယ်။
မိုး။ ။ အခုလို ပြောဆိုဆွေးနွေးပေးကြတဲ့အတွက် ဆရာတို့ကို ကျေးဇူးတင်ပါတယ်။ (မိုးသစ်ဝေ)
Comments
Post a Comment