Online Dream လွန်ခဲ့တဲ့ ၈ နှစ်တိတိက ပျက်သွားသော ကျွန်ုပ်၏အိပ်မက်
ကျွန်တော် ရွေ့လျားဆေးခန်းအိပ်မက် မက်ခဲ့ဘူးတယ်။ Yamuna Online Mobile Clinic လို့ နာမည်ပေးထားခဲ့တယ်။ မမွေးသေခင် ကလေးနာမည် ရွေးထားသလိုပေါ့။ နယူးဒေလီမှာ အခမဲ့ယမုန်နာဆေးခန်းလေး ၁၂ နှစ်တိတိဖွင့်ခဲ့တယ်။ မွေးလူနာလက်ခံတာ ၈ နှစ်။ အွန်လိုင်းကနေ ကျန်းမာရေးနဲ့ ဆေးပညာစာတွေ ရေးနေတာ ၇ နှစ်။ မေးသမျှ အွန်လိုင်းကနေ ဖြေပေးနေတာ ၅ နှစ်ကြာပြီ။ နောက်တဆင့် တက်ချင်လာတယ်။ အိပ်မက်ထဲမှာ မြန်မာပြည်တလွှား အရှေ့-အနောက်-တောင်-မြောက် မြို့မရွေး-ရွာမရွေး ရွေ့လျားပြီး၊ ဆေးကုပေးနေတယ်။ ကျန်းမာရေး-ဆေးပညာ သင်တန်းလဲပေးတယ်၊ မေးတာတွေလဲဖြေနေတယ်။ လောဘကြီးတယ်။
ကားကြီးကြီးလိုမယ်။ အသေအချာတပ်ဆင်၊ ပြင်ဆင်ထားတဲ့ ကားခေါင်မိုးမှာ ဆိုလာပြားကြီးရှိမယ်။ ဆေးသိုလှောင်စရာ ရေခဲသေတ္တာကြီးကြီးပါမယ်။ မီးဖို၊ ရေအိမ်သာစတာတွေ။ ဆေးတွေကလဲ Generic ဆေးတွေ ဖြစ်စေရမယ်။ ဘယ်ကနေ ဘယ်လိုဝယ်မလဲ စဉ်းစားနေတယ်။ စောင့်ထိန်းလိုက်နာစရာ စည်းကမ်းကျင့်ဝတ်တွေ။ ငွေရေးကြေးရေးပွင့်လင်းမှု လိုမယ်။ စာရင်းကိုင်၊ စာရင်းစစ်တွေ အကူအညီတောင်းရမယ်။ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းလိုမယ်။ မှတ်ပုံတင်တာ၊ ခွင့်ပြုချက် ယူတာတွေ လိုမယ်။ ကိုယ့်မှာတော့ ဆမ အသိမ်းခံထားရတယ်။
ဓါတ်ခွဲခန်းသေးသေးပါ ကားကြီးပေါ်မှာပါချင်တာ။ HIV အမြန်စစ်ပေးတာ၊ ဓါတ်မှန်၊ အာလ်ထွာဆောင်းလည်း ပါချင်တယ်။ ပညာရှင်တွေ ရပါ့မလား။ ကိုယ်ကကော သူတို့ကို ကျွေးမွေးထားနိုင်ပါ့မလား။ ကာကွယ်ဆေးတွေ။ အကျင့်ပါနေလို့ ခွဲတာစိတ်တာ၊ မွေးဖွါးပေးတာမျိုးပါ လုပ်ချင်သေးတယ်။ မေ့ဆေး၊ ပိုးသန့်ရှင်းမှု၊ ခွဲပြီးလူနာကို ဘယ်လိုဆက်စောင့်ရှောက်မလဲ။ ခွဲစိတ်ခန်းကော ကားထဲမှာဆန့်မလားမသိဘူး။ ပုံတွေရှောက်ကြည့်ထားတယ်။ ရမှာပါ။
သဘာဝပတ်ဝန်းကျင်ဆိုတာ လိုက်နာရမယ်။ စွန့်ပြစ်ပစ္စည်းတွေ၊ တခါသုံးပစ္စည်းတွေ စနစ်တကျလုပ်ချင်တယ်။ အင်ဂျင်နီယာလိုလာမယ်။ သွားလေရာတိုင်းမှာ သုတေသနလုပ်ချင်တယ်။ ဘယ်လိုနေထိုင်စားသောက်ကြသလဲ။ ဆီက ဘယ်လို၊ ဟင်းသီးဟင်းရွက်တွေမှာ ဘယ်လိုသတိထားစရာတွေ ပါနေလဲ။ သောက်ရေ-သုံးရေစတာတွေ။ သုတေသနပညာရှင် လိုမယ်။ ကိုယ်ကမတတ်။ သဘာဝနဲ့ ကျန်းမာရေးနဲ့ ညီမျှအောင် ဘယ်လိုအကြံကောင်းတွေ ပေးနိုင်လာမလဲ။
ကူမယ့်သူတွေကို လုပ်အားပေးဆိုတဲ့ အသုံးအနှုန်းကိုမကြိုက်ပါ။ ခေတ်က ဗော်လန်တီယာဖြစ်လာပြီ။ ဒါလည်း ဘိုဆန်လို့ အာမတွေ့လှဘူး။ သူတို့က ဘယ်လို ခေါ်စေချင်သလဲ၊ သူတို့သဘောပဲပေါ့။ စည်းကမ်းတော့ထားမယ်။ လူမျိုးဘာသာမရွေးလက်ခံမယ်။ အခြေခံပညာလောက်သာရှိသူတွေကို သင်ပေးတဲ့အတွေ့အကြုံ ရှိထားပါပြီ။ စေတနာနဲ့အချိန် ပေးနိုင်ရင်လက်ခံမယ်။ အင်္ဂလိပ်စာ အခြေခံလောက်တော့ တတ်ခဲ့စေချင်တယ်။ ကနေ့လူငယ်တွေကို အားရတယ်။ နိုင်ငံရေးအသိ ဖြည့်ပေးချင်တယ်။ သူတို့ဆီကနေလဲ နားထောင်ချင်တယ်။
၂၄ နာရီ အွန်လိုင်းရှိအောင် ကြိုးစားရမယ်။ နည်းပညာရှင်လိုမယ်။ Real time တင်ပေး၊ ဖြေပေးနေမယ်။ ကွန်ပြူတာ ၃-၄ လုံးလိုမယ်။ အင်တာနက်မြန်တာကို ဘယ်လိုရအောင်လုပ်မလဲ။ လူငယ်တွေကို အားကိုးရမယ်။ ကွန်ယက်ထားမယ်။ သူငယ်ချင်းအထူးကုဆရာဝန်တွေကို ပြောထားမယ်။ ချက်ချင်းလှမ်းပြီး အတိုင်ပင်ခံလုပ်ပေးဘို့။ အိုင်တီနည်းပညာနဲ့ ရောဂါရှာဖွေအဖြေတွေ သူတို့ဆီကို အင်တာနက်ကနေ ပို့ပေးမယ်။ အကူအညီတောင်းမယ်။ သူတို့ပါကုသိုလ်ရတာပေါ့။ ရန်ကုန်၊ မန္တလေးမှာသာမကပါ၊ လန်ဒန်၊ အယ်လ်အေ၊ ဆစ်ဒနီ စတာတွေမှာ ကိုယ့်လူတွေရှိတယ်။
အကြီးအကျယ် တွေးတာဖြစ်ပေမဲ့ တကယ့်အလုပ်မှာကျန်းမာရေးလုပ်သားတို့၊ အရံသားဖွါးဆရာမတို့လို မြေပြင်မှာ အိမ်တိုင်ယာရောက် သေးသေးဖွဲဖွဲလေးမျိုးတွေကိုသာ လုပ်ရမှာဖြစ်တယ်။ နော်မန်ဗက်သွန်းခေတ် မဟုတ်တော့ဘူး။ အခုလုပ်ချင်တာက ကိုယ့်လူမျိုးဆရာဝန်တယောက်ကနေ ကိုယ့်နိုင်ငံသားတွေကို ၂၁ ရာစု နည်းပညာအကူအညီနဲ့ တတ်နိုင်တာလေး လုပ်ပေးချင်တာဖြစ်တယ်။
အိပ်မက်ဆိုတော့ အတိုင်းအဆမရှိပေါ့။ လက်ထဲမှာတော့ တပြားမှမရှိ။ တတ်နိုင်တဲ့သူငယ်ချင်းတွေကို ဟေ့ကောင်တွေ ဘယ်လောက်စီပေးကြကွာလို့ တောင်းရမလား။ တတ်နိုင်တဲ့အမျိုးတွေကို စေတနာပေါက်အောင် ပြောရဟောရမလား။ ဘုန်းကြီးတွေဆီက အလှူခံရမလား။ အဖြူတွေဆီကတော့ တောင်းဘို့စိတ်မကူး။ ယမုန်နာဆေးခန်းလုပ်သလို သူတို့က ကူချင်ရင်တော့ လာပေါ့။ ကိုယ်ကနေတော့ လက်ဖြန့်မတောင်းခဲ့ပါ။ အိပ်မက်ကနေ နိုးလာ။ ဆက်မက်ပါအုံးမယ်။
ဒီအိပ်မက် မက်ခဲ့တာ ၇ နှစ်ခွဲရှိပြီ။ အခုတော့ အိပ်မက်ဟာ အိပ်မက်ပဲလို့ သဘောပေါက်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁-၁-၂၀၂၂
Comments
Post a Comment