နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း

ညသည်

အလှလျှို့ဝှက်၊ အရှက်ကြီးစွာ

ကြာပန်းနှင့်ကွယ်၊ တိတ်ခိုးရယ်သော

မိန်းမငယ်ကဲ့သို့။

ညပျိုခင်သည်

ကြယ်စင်တစု၊ အလင်္ကာပြုလျက်

ခရုပတ်လမ်း၊ လူ့စခန်း၌

ဖြတ်သန်းသွားစဉ်။

ခြေကျင်းတခတ်၊ လျှပ်စစ်တသံ

ကာရန်တကျော့၊ ခြေတဖော့နှင့်

ဝန်းကော့နက်ရှိုင်း၊ သက်တန့်ကိုင်းက

စက်ဝိုင်းခြမ်းပုံ ပေါ်လာ၏။

အလင်းရောင်တန်း၊ ခပ်လှမ်းလှမ်း၌

စမ်းဝါးစမ်းဝါး၊ လမ်းသလားစဉ်

ညကား အဓိပ္ပါယ်လောင်းဖြည့်လျက်။

မှောင်အားကကြီး၊ လင်းအားနည်းဟု

ညည်းရှိုက်သံများ၊ လေမှာတွားလျက်

ဝါးပင်ရုံထက်၊ ငှက်တို့အနီး

ဆီးပွင့်သင်းသင်း၊ တောတွင်းအနှ့ံ

သတင်းဖြန့်လျှင်

အလန့်တကြား၊ တတန့်နားရ။

ညများဖြစ်ပေါ်၊ မှောင်ပါသော်လည်း

ဘော်ရောင်တစ၊ မိုးကမ်းစ၌

တွန့်ရွကွေးကွေး၊ အနားရေးတည့်။

ငှက်ကလေးထောင်သောင်း၊ ဤသစ်ခေါင်း၌

အောင်းကြရံခါ၊ ပျော်စရာပင်

ယာစပ်လယ်စပ်၊ ဆူးချုံစပ်၌

ငှက်တပ်ကျက်စား၊ တလွှားလွှားတို့

နားလိုနေလို၊ အမှောင်လို၏

ညကို ကျေးဇူးတင်ဦးအံ့။

ဆရာတင်မိုးရဲ့ဒီကဗျာက အတော်ရှည်ပါတယ်။ ၁ ကနေ ၁၅ အထိ။ မူရင်းသတ်ပုံမှန်အတိုင်းတင်ထားတာကနေ ကူးယူတာပါ။ ကျေးဇူး။ ရောင်းတန်းစာအုပ်တွေနဲ့ တချို့အွန်လိုင်းမှာတင်ထားတာတွေက ပေါ်လစီသတ်ပုံတွေနဲ့။ ဖတ်မကောင်းတော့ပါ။ ဆရာတင်မိုးကို နည်းနည်းလောက်တော့ အားနာကြဘို့ကောင်းပါတယ်။ 

ဒေါက်တာတင့်ဆွေ

၂၈-၂-၂၀၁၉

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ