တံခါးမခေါက် မိုးမသောက်
တိတ်တိတ်ခိုး၍
ရွှေကြိုးလွင်လွင်၊ ရွှေမျှင်ညက်ညက်
နေလက်လက်သည်
နံနက်ခင်းတွင်၊ ငါ့ကုတင်သို့
ညင်ညင်သာသာ ဝင်ခဲ့ပြီ။
ငါ့ပါးပြင်ကို
ရွှေစင်ဝင်းပြက်၊ သူ၏လက်ဖြင့်
အိပ်စက်ရာမှ၊ အမောင်ထ,ဟု
မွှေးမြချိုသာ၊ သူနှိုးလာသည်
နေဝါပြုံးပြုံး ငါပြုံးပြုံး။
အပြုံးဆင်သ၊ နှလုံးလှနှင့်
နိုးထချမ်းသာ၊ ဟူသည်မှာကား
ကဗျာထဲတွင်၊ စိတ်ကူးယဉ်တည့်။
ပန်းပင်မရှိ၊ နေမရှိသည့်
မိမိနေရာ၊ တကယ့်ရွာကား
ချမ်းသာနိုးထ၊ ဘယ်မှာရလိမ့်။
ဘဝအိပ်မက်၊ အခန်းဆက်ကား
ညဉ့်နက်ထဲတွင်၊ ဆုံးမမြင်၍
စင်စင်လင်းမှ၊ တွေ့ထိရသည့်
ဝင်းပပိုးသား၊ နေခြည်များက
တံခါးမခေါက်၊ မိုးမသောက်သေး
ကြောက်ဖွယ်သဲသဲ၊ ညငရဲကား
မက်ဆဲအိပ်မက်များ ပေတကား။ ။
တင်မိုး
သရုပ်ဖော် - ဗဂျီအောင်စိုး
မူရင်းသတ်ပုံမှန်အတိုင်း တင်ပေးထားသူ ကျေးဇူး။ ခုခေတ်ကဗျာဆရာတွေကတော့ (တစ်)ကယ့်ရွာ တဲ့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment