လက်ကျန်တပွင့်

သခင့်ခြံတွင်

တပွင့်ကျန်သော ပန်းကလေး။

မခူးအား၍

ဆူးကြား ကျန်ရစ်ခဲ့လေသလော။

မခူးရက်၍

ဆူးထက် ချန်ခဲ့လေသလော။

မခူးလို၍

ဆူးညိုကြားတွင်၊ သူ့ကံပင်ဟု

တမင် စွန့်ခဲ့လေသလော။

မည်သို့ဖြစ်စေ

သခင့်မြေ၌၊ ညနေရီနှင့်

လွမ်းအောင်ပွင့်သည်၊ တပွင့်ကျန်သေး

ပန်းကလေးကြောင့်

တေးသီငှက်ဆွေ၊ အဆွေးပြေသည်

နွေဦးဆန်းစမှာတကား။ ။

ဆရာတင်မိုး ၁၄-၁၀-၁၉၇၃ နေ့စွဲပါကဗျာဖြစ်ပါတယ်။ အဲဒီနှစ် ကျွန်တော် ဆရာဝန်ဖြစ်ပြီ။ ကဗျာတွေစာတွေ မဖတ်အားတော့ပါ။ ဆရာဝန်အလုပ်နဲ့ နိုင်ငံရေးအလုပ်တွေ ကျဲပါးတော့မှသာ စာတွေကို ပြန်ဖတ်ရတော့တယ်။ မြန်မာစာခြံကျယ်ကြီးထဲက သုံးပန်လှမဟုတ်ကြတဲ့ပန်းတွေ အရောင်ပြောင်းကုန်ကြတာ တွေ့ရပါတော့တယ်။ 

ဆရာမင်းသုဝဏ်ရဲ့ လယ်စောင့်တဲလေးနားက ကြာနီတွေ ကြာဖြူတွေပါ ဖြစ်ချင်ရာဖြစ် တစ်ချင်ရာတစ်ကုန်ပါရော့လား။ 

ဆရာတင်မိုးရဲ့ ကဗျာပန်းခုံကြီးပေါ်က ဒီကဗျာလေးတော့ တချို့နေရာမှာ အကောင်းပတိရှိသေးတယ်။ နဂိုအဆင်းနဲ့ အရင်ကမွှေးရန့ံအတိုင်း ရှိတဲ့ပန်းဆိုတာ တပွင့်တလေသာ ကျန်ရှာတော့ပါလား။ 

တပွင့်ကျန်သေး ပန်းကလေးကြောင့်၊ တေးသီငှက်ဆွေ၊ အဆွေးပြေသည် နွေဦးဆန်းစမှာတကား။

ဒေါက်တာတင့်ဆွေ

၁-၃-၂၀၁၉

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ