Fasting အစာမစားဘဲနေခြင်း

မြန်မာပြည်မှာ
တနေ့နေ့ (၃၆) နာရီ အစာဖြတ်ကြည့်ဦးမယ်။ အခုတလော အရမ်း နာမည်ကြီးနေတဲ့ ဘလာဘလာဘလာ။
ဆရာ လုပ်သင့် မလုပ်သင့်ပြောပြပေးပါအုန်း ခင်ဗျ
ဒီဟာကို မကြာခဏ ဖြေနေရတယ်။ မဟုတ်တာ၊ မမှန်တာ၊ လိမ်ညာတာနဲ့ ဆေးအတုတွေဆို တယောက်ပြီး ဆယ်ယောက်က တင်ကြတယ်။ တယောက်ပြီး နှစ်ယောက်က မေးကြတယ်။ ဘယ်မှာဝယ်ရမလဲ။ ဘယ်လောက်ပေးရသလဲ။ အမေ့ကောက်ပြီး လာဦးမယ်။ တင်ကြဦးမယ်။ မေးကြဦးမယ်။ 
ရေကို ထိုင်မသောက်ရ၊ ရပ်မသောက်ရ။ ခေါင်းလျှော်ရင် ဘာဖြစ်ညာဖြစ်။ စာလုံးပေါင်း မှန်အောင်မရေးတတ်တဲ့ အပွင့်၊ အဆန်းအမည်ပါ အပင်၊ ဖတ်တာနဲ့ အော့နှလုံးနာစရာကောင်းတဲ့ အသီး။ ရေသန့်ကိုကြိုမသောက်ရ။ ရေနွေးညသိပ် အဆိပ်။ ရေးတဲ့သူနေရာမှာ ဆရာတော်ဘယ်သူ၊ ဦးဘယ်ဝါ၊ ဒေါက်တာဘာညာ။
မှားတာကို ဝါသနာပါသူ၊ အလွဲကို စိတ်ပါဝင်စားသူ၊ မမှန်တာကို စွဲလမ်းသူတွေဟာ အတည့်အမှန် အစစ်နဲ့ ရေစက် မဆုံတတ်ကြပါ။ သူတို့က အဲလိုအလွဲတွေကို ဂရုတစိုက် စစ်စစ်ပေါက်ပေါက် လိုက်ရှာနေကြတာ။ တင်နေ ရှယ်နေ မေးနေကြတာ။ မြန်မာပြည်မှာ။
အခြေခံကို မှတ်ပါ။ လူတိုင်းလိုလိုက တသက်လုံးလိုလို တိုင်းပြည်တိုင်းလိုလိုမှာ စားသောက် သုံးစွဲ၊ လုပ်ဆောင်နေတာ မှန်သမျှဟာ ရောဂါတွေကိုလည်း မဖြစ်စေပါ။ မပျောက်စေနိုင်ပါ။ မကာကွယ်နိုင်ပါ။ ဒုက္ခမပေးပါ။ နဖူး ထူးပြီး ချိုမပေါက်စေပါ။
အမေ့ကောက်ပြီး လာဦးမယ်။ တင်ကြဦးမယ်။ မေးကြဦးမယ်။ 
Fasting အစာမစားဘဲနေခြင်း
ခုတလော အရမ်းနာမည်ကြီးနေတဲ့ ၃၆နာရီအစာဖြတ်ခြင်း အကျိုးကျေးဇူးများဆိုတာကို တယောက်ပြီးတယောက်က တင်နေကြတယ်။ အဲဒီစာက ခုတလောဆိုပေမဲ့ ခဏခဏခုတလောနေတာ။ တွေ့ထာတာကဖြင့် ကြာပြီ။ အခုမှ ဖတ်ရသူအတွက်ကတော့ ယနေ့၊ ယခုဖြစ်မယ်။ စာရေးတာမှာ ခုတလောနာမည်ကြီးနေတဲ့၊ နာမည်ကြီးနေတဲ့၊ လူကြိုက်များနေတဲ့ အသုံးပါလာရင် မှားဘို့ရာ ၈၀% သေချာပြီ။ တွဲတင်တဲ့ပုံတွေကလည်း အမျိုးမျိုး။ ဘီကီနီဝတ်ထားတဲ့ အမျိုးသမီးပုံလည်းပါရဲ့။ အဲလိုပုံမျိုးက ဟိုစာမှာလည်းတွဲခံရ၊ ဒီစာမှာလည်းတွဲခံရတာမျိုး။
အစာမစားဘဲနေခြင်း၏ ကျန်းမာရေးကောင်းကျိုးများကို အင်္ဂလိပ်လိုရေးတာတွေ အများကြီးရှိပါတယ်။ အစာမစားဘဲနေခြင်းက ကျန်းမာရေး(မကောင်းချက်တွေ) လည်း ရှိတယ်။ ဘယ်အရာမဆို ဒေါင့်စုံအောင် ကြည့်ရမယ်။
အစာကို စားလိုက် မစားလိုက်နေခြင်းသည် 
•  သင့်အား နေမကောင်းထိုင်မသာဖြစ်စေ၏။ အချိန် ဘယ်လောက်ကြာ အစာမစားဘဲနေသလဲ အပေါ်မူတည်ပြီး မစားဘဲနေသူသည် ခေါင်းကိုက်လာမည်။ မလှုပ်ချင်မကိုင်ချင်ဖြစ်လာမည်။ ဝမ်းချုပ်မည်။ စိတ်တိုသလို၊ အိပ်ရေးမဝသူတွေ ခံစားရသလို ဖြစ်လာမည်။
အစာမစားဘဲနေခြင်းနှင့် ကျောက်ကပ်
•  Hyperuricemia ယူရစ်အက်စစ် များလာမယ်။ ကျောက်ကပ်အလုပ် အနည်းငယ် နှေးလာမည်။ ပြန်စားချိန်မှာ ပုံမှန်ပြန်ဖြစ်လာမယ်။
တနေ့မှာ ၁၂ နာရီထက်ပိုပြီး အစာမစားဘဲ မနေသင့်
•  အစာမစားဘဲ ၁၀ နာရီကနေ ၁၆ နာရီကြာလာချိန်မှာ သိုမှီးထားတဲ့ အဆီတွေကို (အင်နာဂျီ) ရနိုင်အောင် ပြောင်းလဲမှု လုပ်ပါမယ်။ Ketones (ကီတုန်း) ဓါတ်တွေ သွေးထဲမှာ ပိုများလာမယ်။ 
အစာမစားဘဲနေခြင်းနှင့် နှလုံး
•  အနည်းငယ် ကောင်းစေနိုင်တာတွေ့ရတယ်။ ကိုလက်စထောနဲ့ သကြားဓါတ် နည်းစေလို့ဖြစ်တယ်။
အစာမစားဘဲနေခြင်းနှင့် ဦးနှောက်
•  အသိရရှိမှု အနည်းငယ် တိုးစေနိုင်တယ်။ အာရုံကြောတွေ အသက်ကြောင့် အရည်အသွေး ကျလာတာကိုလည်း အနည်းငယ်ကောင်းစေနိုင်တယ်။
အစာမစားဘဲနေခြင်းနှင့် အသည်း 
•  အသည်းဟာ ခန္ဓာကိုယ်ရဲ့ အထိန်းစက်နဲ့တူတယ်။ metabolic homeostasis ခေါ်တဲ့ ထိန်းညှိမှုတွေကို လုပ်ပေးတယ်။ glucose ဂလူးကိုစ်ကိုရယူပြီး glycogen ဂလိုင်ကိုဂျင်နဲ့ triglycerides ထရိုင်ဂလစ်စရိုက် ဓါတ်တွေ ပြောင်းပေးတယ်။ အစာဝင်လာတာနဲ့ ဂလူးကို့စ်တွေထွက်လာစေမယ်။ glycogenolysis or gluconeogenesis ခေါ်တာကနေ ketogenesis ကိုဖြစ်စေတယ်။ အစာစားလိုက် မစားဘဲနေလိုက်ဆိုရင် အသည်းအတွက် ကောင်းကျိုးအနည်းငယ်ရစေနိုင်တယ်။ ကိုယ်အလေးချိန်လည်း ကျစေနိုင်တယ်။
ဘယ်လိုလူမျိုးတွေ အစာမစားဘဲ မနေသင့်သလဲ
•  ကလေးများ။ လူပျိုပေါက် အပျိုပေါက်အရွယ်များ။ ကိုယ်ဝန်ဆောင်များ။ နို့တိုက်မိခင်များ။ အသက်ကြီးသူများ။ နာတာရှည်ရောဂါတခုခုရှိသူများ။
လူတိုင်းဟာ 
•  အစားအစာနဲ့ပတ်သက်ရင် ကိုယ်အကျင့်နဲ့ကိုယ် ပုံသွင်းထာသလိုဖြစ်နေကြတယ်။ တနေ့မှာ ၂ နပ်၊ ၃ နပ်၊ ၄ နပ်စားသူ။ ထမင်းစားသူ။ ပေါင်မုံ့စားသူ။ ခေါက်ဆွဲစားသူ။ သက်သတ်လွတ်စားသူ။ အစုံစားသူ။ မနက်ထ ကော်ဖီ၊ လက်ဖက်ရည်သာသောက်သူ။ ထမင်းကြော်စားသူ။ မုံ့ဟင်းခါးစားသူ။ များများစားသူ။ 
•  ကိုယ့်အကျင့်အရ စားရမဲ့အချိန်ကျတာနဲ့ အစာအိမ်ကနေ အစာခြေအရည်တွေ ထွက်တယ်။ အစာ ရောက်မလာရင် ဗိုက်ကမြည်လာက အကြောင်းမဟုတ်။ အစာခြေအရည်တွေက ဒုက္ခပေးမယ်။
•  အစာအိမ်အနာရှိသူတွေကို သီးခြားစဉ်းစားရမယ်။ အစာမစားဘဲနေလို့ အကျိုးရှိစေတာလည်း တွေ့ရတယ်။
•  အစာမစားဘဲနေလို့ Gastritis အစာအိမ်ရောင်တာကို တိုက်ရိုက် မဖြစ်စေနိုင်ပါ။
•  အစာအိမ်အဆက်နေရာ duodenum ထဲမှာ gastric acid အက်စစ်ဓါတ်ကို အစာထဲမှာပါတဲ့ Bicarbonate ကနေ ခြေဖျက်ပေးမယ်။ သဘာဝအားဖြင်း ဘိုင်ကာဗွန်နိတ်ကို သရက်ရွက်ကနေ ထုတ်ပေးတယ်။ လိုတဲ့သူတွေက အဲဒီဆေး သောက်ရတယ်။ 
တယောက်နဲ့တယောက် အသက်အရွယ်၊ ခန္ဓာကိုယ်၊ အလေ့အကျင့်နဲ့ ရောဂါခံတွေက မတူကြပါ။ နေ့လွဲညစာ မစားတဲ့ ဘုန်းတော်ကြီးတွေမှာတော့ အကျင့်ရနေကြပါတယ်။ အကျင့်တချို့က လုပ်ယူ၊ ကျင့်ယူလို့ရနိုင်တယ်။ အစမှ ခက်မယ်။ နာမည်ကြီးနေတဲ့ ဆိုတာတိုင်းကို မယုံပါနဲ့။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ