ပျံသာပျံပါ ကျီးညိုပြာ
အာကာတခွင်၊ ဝဲပျံရွှင်၍
လေယာဉ်စီးကာ၊ နေချိန်မှာတည့်။
မိုးကအုန်းအင်း၊ လေရုန်းရင်းနှင့်
မာန်တင်းနေကြ၊ သောကာလဝယ်
ကျီးမြပြာညို၊ ဘယ်မှာခိုပါ့။
အတောင်စိုစို၊ ရွှေကျီးညိုလည်း
မိုးခိုစရာ၊ မမြင်ပါခဲ့။
မိုးလေပြင်း၍
သီချင်းကြည်မြ၊ အ-အာ-အ ဟု
နှုတ်မှမြိုင်မြိုင်၊ မဆိုနိုင်ခဲ့။
အုန်းပင်တန်းလည်း
လှုပ်ယမ်းသည်မှာ၊ သွက်သွက်ခါပေါ့
ဘယ်မှာခိုနား၊ ဖြစ်နိုင်ငြားအံ့။
တန်ဆောင်းအိုတွင်
မိုးခိုနိုင်ရန်၊ လေညာဆန်၍
တောင်ပံလှုပ်ခတ်၊ ပျံခဲ့လတ်လည်း
ကျိုးပြတ်ပျက်စီး၊ တန်ဆောင်းကြီးမှာ
ပြိုပြီးလျက်သာ၊ မြင်ရပါ၏။
ကောင်းကင်လမ်းကြောင်း၊ အတောင်ညောင်းမျှ
ခိုအောင်းစရာ၊ တရှာရှာနှင့်
ညိုပြာမည်းနက်၊ အိုကျီးငှက်
ဆက်၍လေဆန်၊ ပျံသာပျံလော့
အတောင်ပံကျိုး၊ အသေဆိုးနှင့်
မြေထိုးစိုက်၍ ကျပါစေ။
သင်မရှိလည်း
သင်၏ ဂီတ၊ အ-အာ-အ သည်
ချိုမြနှုတ်ကြွယ်၊ သနားဖွယ်ဟု
သို့နှယ် ကျန်ရစ်ကြလိမ့် တကား။ (တင်မိုး)
ကျီးမည်းညိုပြာ (တစ်)အာအာ မဟုတ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment