ဆဒ္ဒန်ဆင်မင်းဝတ္ထု

စလေဦးပုည

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ကမလံ ကမလံ ကတ္တုံ၊

ဝနဒေါ ဝနဒေါ မ္ဗရံ။

သုဂတော သုဂတော လောကံ၊

သဟိတံ သဟိတံ ကရံ။ ။

ဟူသော အလင်္ကာပါဠိ၊ လာရှိသည်နှင့်အညီ။ နီလာ မြသား၊ ပြယား ရတနာ၊ မာလာမကုဠ၊ ဒုမ္မာရပန်းခိုင်၊ အဆိုင်အဆိုင်၊ ညှာပြိုင်ရုံးညီ၊ ကုံးသီချယ်တန့်၊ တကန့် တကန့်၊ ငှက်ခါးတောင် ဖြန့်သကဲ့သို့၊ စိမ်းဖန့်ဖန့်အလျှံ၊ ရွှေဝတ်ဆံမှ၊ ကုကုင်္မံရည်၊ ကြည်ကြည်ဧချို၊ ပန်းယက်ယိုသော၊ ကြာညိုတောတထပ်။  ။

သန္တာနှုတ်ကွေး၊ ယုန်သွေးတရှိ၊ ကောဝိဠာပွင့်၊ တျာတျာရင့်သော၊ ကြက်မင့်ဥသျှောင်၊ ပန်းရောင်လွင်လွင်၊ လောဟိတင်မဏိရတ်၊ တွတ်တွတ်နီမြန်း၊ မင်္သစန်း အသား၊ ပတ္တမြားကျောက်အမွန်၊ သိန်းတန်သပြာ၊ ကမ္ဗလာရွှန်းသစ်၊ တကျွန်းဖြစ်ဖြင့်၊ ဝန်းရစ်ပတ်ခြံ၊ ရံသကဲ့သို့၊ စက္ခုဝိညာဏ်တည်းဟူသော ဝတ်ယက်ယူသတ္တဝါ၊ ငှက်လိပ်ပြာတို့၏၊ နားရာပြီပြီ၊ ရှုစအီသော၊ ကြာနီတော တထပ်။  ။

စိနရဋ္ဌ၊ ဂန္ဓာရတိုင်း၊ ယွန်းတို့ဂိုဏ်းနှင့်၊ နက်ရှိုင်းဘူမိရဌ်၊ ၀သုဓာတ်မှ၊ လူနတ်မကျို၊ ကပ္ပါလိုဖြင့်၊ နကိုယ်ဓမ္မစစ်၊ ကတ္တားဖြစ်သော၊ ကျူနှစ်ဘော်စင်၊ ငွေကျောပင်ကဲ့သို့၊ မြူမင်မချယ်၊ တင့်တယ်သန့်ရှင်းစွာ၊ ဃာနဝိညာဏ်၊ နာမက္ခန်နှင့်တကွ၊ ပသာဒတို့နှင့်၊ အောင်ပ, ကုလား၊ ဆွေသား, မိတ်တူ၊ နံညွှန့်ကို ချူတတ်သော၊ ကြာဖြူတော တထပ်။  ။

ဒွါဒရာသီ၊ ဖြူနီနှစ်ရပ်၊ ပွင့်ချပ်ခုနစ်လွှာ၊ တရာတိုင်တိုင်၊ ဖြာဖြာမြိုင်၍၊ ကာပြိုင်ညီးလျက်၊ ရွှေထီးချက်ကဲ့သို့၊ မြရွက်မုံအာ၊ ပဒုံမာဟု၊ ထုံနံ့သာရော၊ စုံစွာနှောသော၊ တောလည်း တထပ်။  ။

သတ္တုပ္ပလ၊ ကြာကမျိုးစေ့၊ ပြကတေ့ဖြင့်၊ ရေ့အမြုတေ၊ ခရုငွေနှင့်၊ ကြွေသလင်းခဲ၊ ပုလဲပျစ်ရှက်၊ ဗိတာန်ကြက်သကဲ့သို့၊ ရေမျက်နှာတဝိုက်တွင်၊ အလိုက်စီဖြာ၊ ပေါက်ရောက်လာသော၊ ကြာပုဏ္ဍရိတ်၊ ဘိတ်ဘိတ်ရောင်ကျော၊ တောလည်း တထပ်၊ ငါးရပ်ဂနိုင်၊ ကြာတောမြိုင်သည်၊ မြစိုင်နီလာ၊ ရေသီတာကို၊ တန်ဆာဆင်ခြင်းငှာ ဖြစ်သကဲ့သို့လည်းကောင်း။  ။

ဥတုသမယ၊ ကာလမှန်စွာ၊ အခါ အခါ၊ လိုလိုရာ၌၊ ဗျာလမ္ဗုမ္ဗု၊ ပန်းစုငွေဝတ်၊ စိန်ထွတ်ပုလဲ၊ ပန်းဆိုင်းဆွဲသကဲ့သို့၊ တွဲရရွဲစီရရီ၊ တညီတညာ၊ သွန်းချရွာသော၊ စက္ကဝါမောက်ဖြိုး၊ ကပ်ပြုမိုဃ်းနှင့်၊ ကိုးလုံးဂြိုဟ်နတ်၊ နက္ခတ်ကြယ်ကြီးတို့သည်၊ ခရီးလှည့်ဝန်း၊ ကောင်းကင်နန်းဝယ်၊ အဆန်းတကြယ်၊ အဘွယ်အရာ၊ တန်ဆာဆင်ခြင်းငှာ ဖြစ်သကဲ့သို့ လည်းကောင်း။  ။

ကြာမျိုးငါးထွေ၊ မိုဃ်းရေတန္တု၊ ဥပမာန၊ ဥပမေယျ၊ သဒ္ဒအတ္ထ၊ သမ္ဗန္ဓဥပမာ၊ ညီညာမြှောက်မြင့်၊ နှိုင်းထောက်သင့်၍၊ ခြောက်ဆင့်သော စကားမျိုးတို့တွင်၊ ကြောင်းကျိုးဟုတ်မှန်၊ စကားမွန်ကို၊ မုဋ္ဌာန် ခြေးခြေး၊ ဗြဟ္မာကြွေး၏သို့၊ ရင့်လေးနာပျော်၊ အာဘော်ချိုမြ၊ ဆိုတတ်လှသော၊ သုဂတဂုဏ်ပေါင်း၊ တုန်ညောင်းဘဝဂ်၊ စက်သမ္ဘာရှိန်၊ မာရဇိန်သည်၊ ဣန္ဒြိယ-အနိန္ဒြိယ၊ လောကအလုံး၊ ပတ်ကုံးဟိန္ဒဂူ၊ သုံးဘုံလူတို့ကို၊ ညိုဖြူဝါရွှေ၊ ခြောက်ထွေလျှံပြောင်၊ ကိုယ်တော်ရောင်၊ ဉာဏ်တော်ရောင်၊ တန်ဆောင်ကျင်းပ၊ လင်းလင်းပြလျက်၊ အမတချမ်းသာ တည်းဟူသော၊ ရွှေချူငွေကြယ်၊ ပုလဲသွယ်စိန်ကုံး၊ ရွဲလုံးစီခတ်၊ နဝရတ်ကိုးဖြာ၊ ရတနာတို့ဖြင့်၊ တန်ဆာဆင်ခြင်းငှာ ဖြစ်တော်မူသော၊ လူနတ်သင်းကျစ်၊ ဓမ္မရာဇ်မင်းဖျား၊ ဘုရားမြတ်စွာသည်၊ ဒက္ခိဏာပထ၊ အဝိန္တိဒေသ၌၊ စောရလူမျိုး၊ မြေနီဆိုးသင်္ကန်းနှင့်၊ ရဟန်းသင်္ဃာ၊ ရှင်ကိုးရာတို့အား၊ ဝါသနာစရိုက်နှင့်၊ အလိုက်သင့်ရည်ရော်၍၊ ဟောတော်မူအပ်သော ဓမ္မပဒဒေသနာ၊ ပါဠိဂါထာကား၊ -

သိဥ္စဘိက္ခု ဣမံ နာဝံ၊

သိတ္တာ တေ လဟုမေဿတိ။

ဆေတွာ ရာဂဥ္စ ဒေါသဥ္စ၊

တေတာ နိဗၺာနေမဟိသိ။ ။

ပဥ္စ ဆိန္ဒေ ပဥ္စ ဇဟေ၊

ပဥ္စ စုတ္တရိ ဘာဝယေ။

ပဥ္စသိင်္ဂါတိဂေါ ဘိက္ခု၊

သြဃတိဏ္ဏောတိ ဝုစ္စတိ။ ။ အစရှိသတည်း။ -

ထိုဂါထာ၏ အဓိပ္ပါယ်သော်ကား -

ချစ်သားရဟန်းတို့၊ မိစ္ဆာဝိတက်တည်းဟူသော၊ ရေဖြင့်ပြည့်သော၊ ဤအတ္တဘောတည်းဟူသော လှေကို၊ ထိုမိစ္ဆာဝိတက်တည်းဟူသော ရေသစ်မဝင်အောင်၊ လှေပေါက်နှင့်တူသော၊ စက္ခုဒွါရ အစရှိသော အပေါက်ခြောက်ပါးတို့ကို၊ တလိန်းပွဲလျှက်နှင့်တူသော၊ ဣန္ဒြိယသံဝရ သီလဖြင့်၊ လုံစွာဖာထေး၍၊ မိစ္ဆာဝိတက် တည်းဟူသော ရေဟောင်းဝန်ကို၊ စွန့်သွန်ရသည်ဖြစ်မှ၊ ပေါ့ပါးလျင်မြန်စွာ၊ သံသရာတည်းဟူသော ပင်လယ်မြစ်၌၊ မနစ်မပျက်၊ ကမ်းတဘက်တည်းဟူသော၊ နိဗ္ဗာန်ရွှေပြည်မြတ်သို့ ရောက်ရအံ့သတည်း။

အပါယ်လေးဘုံ၌၊ အတ္တဘောကို ဖြစ်စေတတ်သော၊ သြရမ္ဘာဂိယ သံယောဇဉ် ၅-ပါး၊ သုဂတိဘုံ၌ အတ္တဘောကို ဖြစ်စေတတ်သော၊ ဥဒ္ဓံဘာဂိယ သံယောဇဉ် ၅-ပါး၊ ဤ သံယောဇဉ် ၁၀-ပါးကို၊ (ပယ်ရှား ဖြတ်တောက်နိုင်စေလော့၊ ထိုသံယောဇဉ် ၁၀-ပါးကို) ပယ်ရှား ဖြတ်တောက်နိုင်စေခြင်းငှာ၊ သဒ္ဓါအစရှိသော ဣန္ဒြေ ၅-ပါးကို ပွါးများစေလော့၊ ရာဂ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ တည်းဟူသော အတ္တဘော၏ ဖြစ်ကြောင်း၊ အကုသိုလ်တရားတို့ကို ပယ်ရှားနိုင်သော ရဟန်းကို၊ သံသရာသြဃမှ ကူးမြောက်နိုင်သောသူဟူ၍ ဆိုအပ်၏ ဟူလိုသတည်း။  ။

ဤသို့ ဘုရားမြတ်စွာ၊ ရှင်ကိုးရာတို့အား၊ သြဝါဒပေးတော်မူသည်ကို၊ အယူဖြောင့်စင်း၊ နှလုံးသွင်းလိမ်မာ၍၊ လိုက်နာကျင့်ဆောင်ကုန်သော သူတော်ကောင်း အပေါင်းတို့သည်၊ ဒါန, သီလ အစရှိသော ကုသိုလ်ဆယ်ခုကို၊ ပြုစုအားထုတ်သောအခါ၊ လူမင်း နတ်မင်း ဗြဟ္မာတို့၏ စည်းစိမ်သုခ၊ ဘုံဘဝကို တောင့်တ၍ ပြုကြလျှင်၊ ငါးထွေသော ဥဒ္ဓံဘာဂိယ သံယောဇဉ်တရားကို၊ ပွါးများအောင် ပြုသကဲ့သို့ ရှိရာချေသည်။ ။ ဘုရားဟောဒေသနာ အပေါင်းကလည်း၊ ဝဋ်ကင်းကြောင်းကိုသာ ဟောတော်မူသည်။ ခုလောက ပုထုဇ္ဇန်တို့ကလည်း၊ နိဗ္ဗာန်ကို လက်လွှတ်၍၊ ဝဋ်ကိုသာ တောင့်တကုန်သည်။ ခုလူများ လက္ခဏာ၊ ဘုရားဟော ဒေသနာနှင့်၊ စက္ကဝါဠေသု၊ ကွာဝေးသည့် အမှုကြောင့်၊ ယခုလူမြတ်၊ တရားနာ ပရိသတ်တို့သည်၊ တတ်စွမ်းပါသမျှ၊ ကုသိုလ်ကို ပြုကြလျှင်၊ ဝဋ်ဒုက္ခဧကန်၊ လူ့စည်းစိမ် နတ်ဗိမာန်ကို၊ စိတ်ဆန္ဒတဏှာဖြင့်၊ ရပါမည့်အကြောင်းနှင့်၊ ဆုတောင်းမမှားကြစေရာ၊ သမ္မာသမ္ဗုဒ္ဓ၊ ပစ္စေကဉာဏ်၊ သာဝကနိဗ္ဗာန်နှင့်၊ သုံးတန်သော ဆုကောင်းတွင်၊ တောင်းလိုရာ တရပ်ရပ်ကို၊ စွဲကပ်ဆုပန်၍၊ သံယောဇဉ်ကွင်းညွတ်၊ အတ္တဘောကင်းလွတ်အောင်၊ ဝဋ်ကျွတ်ရာ နိဗ္ဗာန်ကို၊ ဆုပန်တောင်းကြရမည်။ ။ ဒွိဟိတ် တိဟိတ် ပဋိသန္ဓေနေရသသူ၊ လူမျှမဟုတ်၊ ဒုဂ္ဂတိဘဝ၊ ဖြစ်ရှာရသော၊ ဗုဒ္ဓလောင်းလျာ၊ မဟာဆဒ္ဒန်ဆင်မင်းသည်။ တိရစ္ဆာန်ဖြစ်ပါလျက်၊ သုဘဒ္ဒါမိန်းမယုတ်ကြောင့်၊ သောနုတ္တရမုဆိုးသည်၊ အကျိုးမဲ့ နှိပ်နယ်၍၊ အစွယ်ကို ဖြတ်သည်တွင်၊ မြတ်လှသော ရွှေနှလုံးဖြင့်၊ ဘုံသုံးပါး ချမ်းသာကို၊ စိတ်တဏှာမငြိ၊ သမ္ဗောဓိသဗ္ဗညာဏ်ကို၊ သန္နိဋ္ဌာန်အာသာနှင့်၊ ပတ္ထနာရည်ရွယ်လျက်၊ အစွယ်တော် နှစ်ဆူကို၊ ငရဲသူ သောနုတ္ထိုရ်အား၊ ကြည်ညိုနှစ်ထောင်း၊ လှူဖူးကြောင်းနှင့်၊ ကျမ်းဟောင်း ရှေးဇာတ်၊ ဆဒ္ဒန်မင်း အတ္ထုပ္ပတ်ကို၊ ပရိသတ်အများ၊ သဒ္ဓါပွါးအောင်၊ တရားနတ်စည် ရွမ်းလတ္တံ့။  ။

ရှေးလွန်သောအခါ၊ ဟိမဝန္တာ၊ မဟာဂနိုင်၊ မြိုင်၏အလယ်၊ ငါးဆယ်ယူဇနာ၊ အတာကျယ်ပြော၊ တော တဆဲ့ခြောက်ရပ်၊ တောင်ထပ် ခုနစ်ဆင့်၊ နိမ့်မြင့်ရံပတ်၊ လွန်ထူးမြတ်သော၊ ဆဒ္ဒန်အိုင်ကြီး၏၊ အနောက်မျက်နှာ၊ သိင်္ဂါမင်းစံ၊ အလျှံပြဲ့ပြဲ့၊ တဆဲ့နှစ်ယူဇနာရှိသော ရွှေဂူ၌၊ ငါတို့ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းသည်။ ဆင်များအပေါင်း၊ ရှစ်သောင်းခြံရံလျက်၊ စံနေတော်မူသတည်း။ ။

ထိုဆဒ္ဒန်ဆင်မင်း၏ ကိုယ်တော်သည်ကား၊ အရပ်ရှစ်ဆဲ့ရှစ်တောင်၊ အလျား အတောင်တရာ့နှစ်ဆယ်၊ နှာမောင်းတော်အလျား ငါးဆဲ့ရှစ်တောင်၊ အစွယ်လုံးပတ် တဆဲ့ငါးတောင်၊ အစွယ်အရှည် အတောင်သုံးဆယ်ရှိ၏။ ချိပ်ရည် စွေးစွေး၊ ယုန်သွေးကမ္ဗလာ၊ သန္တာခေါင်ရန်း၊ ကသစ်ပန်းကဲ့သို့၊ နီမြန်းသောခြေဖျား၊ လက်ဖျား နှုတ်ဖျား၊ ခံတွင်းဖျားလည်းရှိ၏။ ပုလဲမူးပျံ၊ မင်းစံကျူနှစ်၊ ပွတ်သစ်ခရုသင်း၊ ငွေလမင်းကဲ့သို့၊ ဖျားရင်းပတ်ကုံး၊ ရှုမဆုံးအောင်၊ ကိုယ်လုံးလည်း ဆွတ်ဆွတ်ဖြူတော်မူ၏။ ညို ရွှေ နီ စက်၊ ပြိုးပြက်ဖြူမောင်း၊ ရောင်ပေါင်းခြောက်ဖြာ၊ ရှစ်မျက်နှာ၌၊ အဝါလျှံလက်၊ ဝင့်တိုင်းစက်သော၊ အစွယ်လည်း ရှိတော်မူ၏။ ။

မိုဃ်းခါ ရွှေဂူ၊ နွေမူ ညောင်နန်း၊ စံမြန်းလူးလာ၊ စူဠသုဘဒ္ဒါ၊ မဟာသုဘဒ္ဒါ၊ ၀ဲယာရွှေညီ၊ ဒေဝီမဟေသီ၊ နာဂီညက်စင်၊ ဆင်မိဘုရား၊ မယ်နှစ်ပါးတို့၏ အလယ်၌၊ စံပယ်မြဲ ဖြစ်သတည်း။ ။ တရံခါ၌၊ သန္တာရိုးတံ၊ မင်းစံရွှေပွင့်၊ ကိုးဆင့်နဝရတ်၊ ဘုံပြာဿဒ်ကဲ့သို့။ တမွတ်စွင့်စွင့်၊ ပင်လုံးကျွတ်ပွင့်သော၊ အင်ကြင်းပင်ပျို၊ မြရွက်ညို၌၊ ရိပ်ခိုရပ်တဲ။ ယုယနွှဲ၍၊ မြိုင်ပွဲယင်တော်မူသတည်း။ ။

ထိုအခါ၊ လကျ်ာတော်လေအောက်က၊ မဟာသုဘဒ္ဒါ မိဘုရား၊ လက်ဝဲတော် လေညာက၊ စူဠသုဘဒ္ဒါမိဘုရား၊ နာဂီမယ်နှစ်ပါးတို့လည်း၊ ခစားလျက်ပါသတည်း။ ။ အလောင်းတော် ဆင်မင်းလည်း၊ အင်ကြင်းပန်းပင်ကို၊ ငွေစင်မကိုဋ်ဦးဖြင့်၊ ဝှေ့ခိုက်၍၊ ဖြိုက်ဖြိုက်ချချွေ၊ ရွှေနီဖလံ၊ ဝတ်ဆံဝတ်မှုံ၊ အထုံအခိုး၊ ဝန်းကျင်ဖြိုးမျှ၊ ပန်းမိုဃ်းရွာစေတော်မူသတည်း။  ။ ထိုအခါ စူဠသုဘဒ္ဒါ မိဘုရား၏ ကိုယ်ထက်၌၊ သစ်ခြောက်သစ်ခက်၊ ပရွက်ခြပုပ်၊ ခါချဉ်ထုပ်တို့သည်၊ လှုပ်တိုင်းကြွေကျကုန်၏၊ မဟာသုဘဒ္ဒါမိဘုရား၏ ကိုယ်ပေါ်၌ကား၊ ပုံကြီးနံလျား၊ ရွှေမျက်ပါးကို၊ တပြားစီလွှာ၍ လေညာကလွှင့်သကဲ့သို့၊ ပန်းပွင့်ပန်းငုံ၊ ပန်းဝတ်မှုံတို့သည်၊ စုပုံကြွေကျလေသတည်း။ ။

ထိုအခြင်းအရာကို၊ စူဠသုဘဒ္ဒါမိဘုရားမြင်လျှင်၊ ဤဆင်မင်းကား၊ ချစ်ခြင်းမညီ၊ မဟေသီခံ၊ ညာရံဘဒ္ဒါ၊ သူ့သည်းချာ၌၊ မေတ္တာလုံးလုံး သက်ခဲ့ပြီ၊ ငါ့ကိုမခင်၊ မကြင်ရုံမျှ၊ မကပလေ၊ အသရေပျက်၊ သစ်ခက်သစ်ခြောက်၊ ပိုးလောက်ချွေချ၊ အရှက်ရအောင်၊ ငါ့အားသူနှိပ်စက်ခဲ့ပြီ။ သို့စင်ညစ်ကျု၊ မတော်မှုကို၊ ပြုနှင့်စေကာ၊ အနိစ္စာဝယ်၊ နိဗ္ဗာန်သာအမြဲ၊ သံသရာမှာ သည်ခန္ဓာမြဲမည်လား၊ အားခဲ၍ ကြိုးစားလျှင်၊ ဆင်မင်းသားမောင်နှံတို့၊ ခံနိုင်မည်မဟုတ်ဟု၊ မျက်ကြုတ်ကဲမိုး၊ ရှက်အားကိုးနှင့်၊ ရန်ငြိုးဘွဲ့မိမှားသတည်း။ ။

တကြိမ်မှာလည်း၊ အိုင်သာသက်ဆင်း၊ ရေသဘင်ကျင်းရာတွင်၊ ဝင်းဝင်းနီလျှပ်၊ ပွင့်ချပ်ခုနစ်လွှာ၊ ပဒုမာဇာတ်၊ သတ္တုပ္ပလ၊ ကြာမုံရွကို၊ ရသောအခါ၊ ဝတ်ညှာဝတ်ဆံကို၊ နှာတံဖြင့် သယ်ပြီးလျှင်၊ ထိပ်လယ်ဦးကင်း၌၊ လေညှင်းမှုတ်ဖျန်းလျက်၊ ကြာပန်းဖြန့်ကြဲတော်မူသတည်း။ ။

ထိုအခါ အကြွင်းဖြစ်သော ကြာပန်းရတနာတို့ကိုလည်း၊ လက်ျာတော်နေ၊ ကြင်ဆွေမဟာ၊ သုဘဒ္ဒါကိုသာ၊ မေတ္တာရှေးရှေး၊ ပေးမိတော်မူသတည်း။ ။ စူဠသုဘဒ္ဒါမိဘုရားမှာ၊ အသနားတော်မခံရ၊ ထိုကာလ၌၊လည်း၊ ဒုတိယရန်ငြိုးတချက် ဘွဲ့လေသည်။ ။

မကြည်ငြိုးထား၊ စူဠသုဘဒ္ဒါ မိဘုရားသည်၊ ငါးရာသော ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့အား၊ နတ်သုဓာနှင့်တူသော ကြာစွယ်ကြာရင်း၊ ထုံသင်းမွှေးကြည်၊ ကြာပျားရည်တို့ဖြင့်၊ ကပ်လှူဆက်သပြီးလျှင်၊ ဤသို့ဆုတောင်းလေ၏။ ။

တပည့်တော်မ၊ ယခုလှူဒါန်းပြုရသော၊ ကုသိုလ်ကံ စေတနာကြောင့်၊ ဤခန္ဓာပြောင်းကြွလျှင်၊ လူ့ဘဝ လူ့ခေတ်တွင်၊ ဧကရာဇ်မင်းဖျား၏၊ မိဘုရားကြီး၊ ချစ်မငြီးမူရာ၊ ရှုမငြီးအင်္ဂါနှင့်၊ သုဘဒ္ဒါအမည်တွင်၍၊ ညာပလ္လင်ဘုံပျံဝယ်၊ ရှစ်သောင်းရွေခြံရံ၍၊ စံရပါသည် ဖြစ်စေသော။ ။ ဇာတိဿရဉာဏ်ကိုလည်း ရပါစေသားသော။ ။ ထိုကာလ ထိုအခါ၊ ဤဆဒ္ဒန် အိုင်သာဝယ်၊ သုဘဒ္ဒါချစ်ရင်း၊ ဤဆဒ္ဒန်ဆင်မင်းကို၊ သေခြင်းဆိုးသေစေ၍၊ ရောင်ခြောက်ထွေ လျှံပတ်သည့်၊ စွယ်တော်မြတ်အစုံကို၊ စိတ်အာရုံကြံတိုင်းဖြင့်၊ ဖြတ်ပိုင်း၍ ယူနိုင်သည်ဖြစ်ပါစေသောဟု၊ ပတ္ထနာဆု၊ ပြုပြီးသောခါ၊ ရေစာမလှမ်း၊ ညှိုးနွမ်းသဖြင့်၊ မမြင့်မကြာ၊ ခန္ဓာပျက်ကြွေ၊ သေပြီးလတ်သော်၊ လူတို့စံရာ၊ မဟာမဒ္ဒရာဇ်တိုင်း၊ သမိုင်းကျော်လှစ်၊ မဒ္ဒရာဇ်မင်းကြီး၏ သမီးတော်ရတနာ၊ သုဘဒ္ဒါ နာမံနှင့်၊ စံလွန်မိန်းမမြတ် ဖြစ်လေ၏။ အရွယ်သို့ ရောက်သောအခါ၊ ဗာရာဏသီမင်း၏ မိဘုရားကြီး ဖြစ်လေလျှင်၊ အလွန်ချစ်ခင် လေးမြတ်လေသတည်း။

ထိုအခါ၊ သုဘဒ္ဒါမိဘုရားသည်၊ (ဘဝဟောင်းက၊ ဆုတောင်းခဲ့သော၊ ဇာတိဿရ၊ ဉာဏ်ကိုရ၍၊ တွေးဆ ဆင်ခြင်ခါ) ဤယခုကား၊ ငါ၏စိတ်ခံ၊ အကြံမျက်မှောက်၊ ဆုတောင်းတိုင်း ပေါက်ပေပြီဟု၊ ဝမ်းမြောက်ရွှင်လန်း လေသတည်း။ ။ တရံသောအခါ၊ သုဘဒ္ဒါမိဘုရားသည်၊ ခစားမဝင်၊ မရွှင်မပျော်၊ ပွဲတော်မသုံး၊ နှလုံးကျဉ်းမြောင်း၊ စက်လျောင်းညှိုးခွေ၊ နေသည်ကို မင်းကြီးမြင်လျှင်၊ အဘယ်မိဘုရား၊ သင်၏ ကိုယ်သည်၊ မအီမကျန်း၊ သွေးလေဖျန်း၍၊ ညှိုးမြန်းသလော၊ သို့မဟုတ်လျှင်၊ ဆန္ဒလိုအင်၊ မစုံလင်၍၊ ပင်ပန်းပါသလောဟု မေးတော်မူသည်တွင်၊ (သုဘဒ္ဒါမိဘုရားသည်၊ အားတော်နွဲ့နွဲ့၊ ကိုယ်လုံးတော်ငဲ့၍၊ ခပ်မဲ့မဲ့ သံတော်ဦးတင်သည်မှာ။ ။ ရွှေနန်းသခင်၊ အရှင်မင်းတရား၊ နှမတော်ဖျားမှာ၊ ကြံအားယုတ်စွာ၊ ခဲခက်ရာဖြင့်) အာသာငင်းငင်း၊ သေစာရင်းထင်၊ ချင်ခြင်းစွမ်းငြိ၊ တခုရှိ၍၊ နွမ်းရိညှိုးငယ်ကြောင်းကို တင်လျှင်၊ အသင်မိဘုရား၊ အလိုရှိသမျှ၊ ငါ့အားတင်လော့၊ လျင်စွာရစေအံ့ဟုဆို၏။

သုဘဒ္ဒါမိဘုရားလည်း၊ ညွတ်တွားကာ ယိမ်းယိုင်၍၊ ခပ်မှိုင်မှိုင် သံတော်ဦးတင်သည်မှာ။ ။ ရွှေနန်းသခင်၊ အရှင်မင်းတရား၊ နှမတော်ဖျား၏လိုအင်၊ နန်းကြီးရှင်ကို၊ အတင်ခက်လှပါသည်၊ သည်မိဘုရားကိုယ်၊ ကံယွင်းယို၍၊ သေလိုလျှင်လည်း၊ သေပါစေတော့၊ ရွှေနန်းကြော့ရှင်၊ ထိပ်ခေါင်တင်ကို၊ အပင်ပန်းရှာ၍၊ ပူဆာတခု၊ မပြုလိုပါပြီ ဘုရားဟု၊ စကားပိုနှင့်၊ အလိုစမ်း၍ တင်လေသည်။

ထိုအခါ၊ မင်းတရားကြီးနှလုံး၊ ကြိမ်မီးအုံးသို့၊ ယူကျုံးမရ၊ ပူပန်လှ၍၊ မရမနေ၊ မသေစေဘူး၊ စိတ်ရည်စူး၍၊ တိမ်ဦးမိုးလယ်၊ ဓူဝံကြယ်လည်း၊ ခက်ဘွယ်မမြင်၊ ငါဘုန်းရှင်ကို၊ တင်ဘို့အရေး၊ ယုယလို့မေးသည်မှာ၊ အသက်ပမာ၊ ချစ်ကြင်နာသည့်၊ နန်းညာပလ္လင်၊ ကမ္ဗုရှင်၊ လိုအင်ဆန္ဒ၊ ရှိသမျှကို၊ ကာလမရွေး၊ အရေးမထောက်၊ လျှောက်သာလျှောက်လော့၊ မိုးအောက်မြေပြင်၊ ဤလူ့ခွင်မှာ၊ လိုချင်သည့်ဝတ္ထု၊ တခုခုတရာရာ၊ ဘယ်မှာဧကန်၊ ရှိသည်ပင် မှန်ပါစေ၊ ရန်အသချေင်္၊ ခုခံ၍နေသော်လည်း၊ မသွေမရှောင်၊ နှာရောင်မတွန့်၊ သက်စွန့်လုံ့လ၊ ဥဿာဟဖြင့်၊ မရရအောင်၊ အရ-ဆောင်၍ ငါပေးမည်၊ နန်းမတောင်ညာ၊ ထိုရာရာကို၊ မညှာမထောက်၊ စိတ်ရှိတိုင်း လျှောက်လေလော့ဟု၊ ပင့်မြှောက်အားပေး၊ ချစ်ကြိုက်သွေးနှင့်၊ အရေးကုန် လွှဲလေသတည်း။

ထိုသောအခါ၊ သုဘဒ္ဒါဟု၊ လက်ယာဒေဝီ၊ မဟေသီလည်း၊ သိင်္ဂီမြသား၊ ပတ္တမြားဝန်းရှက်၊ သာလွန်ထက်မှ၊ ငဲ့လျက်ကြည်လင်၊ သံတော်ဦးတင်သည်မှာ။ ။ သောင်းခွင်စကြာ၊ မဘက်သာ၊ ရာဇာသခင်၊ နန်းကြီးရှင်၊ တင်ဘွယ်ကိစ္စ၊ မိန့်တော်မြတ်ရပေပြီ၊ တင်ရမည် ဖြစ်ပါလျှင်၊ ဤကာသိတိုင်း၌ရှိသော၊ မူဆိုးအပေါင်းတို့ကို၊ နန်းရင်ပြင်၌ စည်းဝေးပါစေလော့၊ မူဆိုးတို့ စုံခါမှ၊ ကြံပုံတော်ရှိသရွေ့ကို၊ ရေမြေ့ရှင်အား၊ သနားတော်ခံပါမည်ဟု လျှောက်လျှင်၊ ဘုရင်မင်းကြီးလည်း၊ အဝန်းယူဇနာ၊ သုံးရာရှိသော၊ ကာသိကရစ်တိုင်းကြီး၏ အတွင်း၌၊ အလွန်ကျော်စောသော မူဆိုးကြိး ခြောက်သောင်းတို့ကို၊ မင်းရင်ပြင်၌ စည်းဝေးစေ၍၊ အသင်မိဘုရား၊ တောသွားမူဆိုး၊ ကျွန်တော်မျိုးတို့၊ ရိုကျိုးစက်အောက်၊ ငါ့ထံသို့ ရောက်ကြပြီ၊ သင်လျှောက်ရင်းစကား၊ ရှိသည်များကို၊ ခြားနားစုံစေ့၊ ငါ၏ရှေ့တွင်၊ တောလေ့ပျော်ပါး၊ မူဆိုးများနှင့်၊ စကားဆက်၍၊ အမြွက်အရိပ် ပြန်တော့လောဟုဆို၏။ ။

သုဘဒ္ဒါ မိဘုရားကြီးလည်း၊ မူဆိုးများကို ကြည့်၍၊ သင်မူဆိုးတို့သည်၊ ဟေမဝန္တာ၊ သာယာဂနိုင်၊ ဆဒ္ဒန်အိုင်၌နေသော၊ ဆဒ္ဒန်မင်းကိုသတ်၍၊ စွယ်တော်မြတ်အစုံကို ဖြတ်ပြီး၊ ငါ့အား ဆက်သနိုင်မည်လော ဟုမေး၏။ မူဆိုးအပေါင်း၊ ခြောက်သောင်းတို့သည်၊ မဆက်သနိုင်ကြောင်းကိုသာ လျှောက်ကြ၏။ ။ ထိုမူဆိုးတို့၏ အလယ်၌၊ အလွန်ကြီးကျယ် မြင့်မားသော၊ သောနုတ္တရ မူဆိုးကိုမြင်လျှင်၊ မိဘုရားလည်း၊ မူဆိုးတို့၏ အနေအမူ၊ လူပုံနိမိတ်ကို၊ စိတ်တော်ထဲက၊ လူကဲ ဤသို့ခပ်လေ၏။

ဤယောက်ျားသည်၊ အများနှင့်မတူ၊ အမူကျန်းခက်၊ ကွဲအက်ညစ်တေ၊ လိပ်ကျောက်ရေနှင့်၊ ဆင်ခြေဘဝါး၊ ထန်းဘလပ်ပြားကဲ့သို့၊ ကြီးမားသော ခြေဘဝါးလည်း ရှိသည်။ မြင်းခေါင်းကောက်ကွေး၊ မွေးမင်သဲသဲ၊ ဆန်ထုပ်ဆွဲသကဲ့သို့၊ တွဲလျားကျသော သားလုံးသားလည်း ရှိသည်။ ရိုးဆက်လိမ်ကွေ့၊ မစေ့မစပ်၊ ကျင်ဖုတပ်သကဲ့သို့၊ မသပ်မသွယ်၊ ရွံဘွယ်စသီး၊ အလွန်ကြီးသော ဒူးဆစ်လည်းရှိသည်။ စရပ်ဟောင်း ကျောင်းဆိုး၊ အမိုးပျက်ပြို၊ ရနယ်အိုကဲ့သို့၊ ဖရိုဖရဲ၊ ကြီးကျဲရုန့်ရိုင်းသော၊ နံကိုင်း နံရိုးလည်း ရှိသည်။ ထန်းဆစ်ကြော ဝက်မှင်၊ မဲခင် ကြွက်သိုက်၊ တံမြက်ချေးမှိုက်ကဲ့သို့၊ ဘုတ်သိုက်ထူပျစ်၊ ကောက်ကျစ်လိမ်ရှုပ်သော၊ မုတ်ဆိတ်ပါးမုန်းလည်းရှိသည်။ တယ်လူးကောက်ကွေး၊ ပြောင်းဖူးမွေးကဲ့သို့၊ နီတွေးသော ကြင်စွယ်လည်း ရှိသည်၊ ခပ်ဝါနီကြန်၊ ကြောင်မျက်ဆန်ကဲ့သို့၊ လုံးဖန်သိမ်ဖျင်း၊ မျက်နက်ကပ်၍၊ ထုတ်ချင်းခတ် ကြောင်သော မျက်စိလည်းရှိသည်။ စာသူငယ်ကြား၊ လင်းတ နားသကဲ့သို့၊ မူဆိုးများ အလယ်တွင်၊ ကြောက်မက်ဘွယ် ကျားတား၊ ကြီးမားမြင့်မောက်သော ကိုယ်လည်းရှိသည်။ ဤသို့ လူယုတ် လူကြမ်း၊ လူသွမ်းတို့၏ လက္ခဏာနှင့် ပြည့်စုံသော၊ ဤမူဆိုးကို ခိုင်းရသော်၊ ကြံတိုင်းမြောက်ရာ၏ဟု နှလုံးသွင်း၍၊ မင်းကြီးအား ပြန်ကြားပြီးသော်၊ သောနုတ္တရမူဆိုးကို ခေါ်၍၊ အထက်နန်းပြသာဒ်ပေါ်သို့ တက်ပြီးမှ၊ ဆင်မင်းနေရာ၊ ဟေမာတကြော၊ တော၏အနေအထားကို၊ မြွက်ကြားညွှန်ပြလို၍။ ။

ဣတော ဥဇုံ ဥတ္တရာယံ ဒိသာယံ၊

အတိက္ကမ္မ သော သတ္တဂိရီ ဗြဟန္တေ။

သုဝဏ္ဏပေဿာနာမ ဂိရိဥဠာရော၊

သုပုပ္ဖိတော ကိံ ပုရိသာ နုစိဏ္ဏော။

အစရှိသော ခုနစ်ဂါထာကို ရွတ်၏။

ထိုဂါထာ၏ အနက်အဓိပ္ပါယ်ကား။ ။ ငါးစီးဆင်ပြောင်၊ အားကိုဆောင်သည်၊ အမောင် သောနုတ္တရမူဆိုး။ ။ ယခုသခင်မစံသည့်၊ ကြာရံလေသွန်၊ သလွန်နှင်းသောက်၊ ပြူတင်းပေါက်က၊ မြောက်သို့တူရူ သွားလေတော့။ လူ့ရပ်ရွာစွန်၊ လူနေကိုလွန်မိ၍၊ ဟေမဝန်စာရင်းပါ၊ ယူဇနာသုံးဆယ်လောက်၊ ခရီးရောက်လျှင်၊ ခြောက်ထပ်သော တောင်ငယ်၊ ပိတ်ကွယ်ကာဆီး၍၊ တောကြီးလည်း တဆဲ့တတန်၊ အားလုံးကို လွန်မိမှ၊ ဆဒ္ဒန်အိုင်မြတ်ကို၊ ရံပတ်ပိတ်ဖုံးသည့်၊ ခုနစ်လုံးသော တောင်ထပ်သို့၊ သင်ကပ်မိ လေအံ့သတည်း။ ။ ထိုတောင်စဉ်ခုနစ်လုံးတွင်၊ အတွင်းဆုံးအစွန်က၊ သုဝဏ္ဏပဿ၊ အမည်ရသော၊ ကဥ္စနဂိရိ ရွှေတောင်ကြီး ရှိလေ၏။ မိုးထိစွင့်စွင့်၊ အမြင့်လည်း ခုနစ်ယူဇနာ၊ တောင်ထပ်သို့ ရောက်ခါသော်၊ အောက်မျက်နှာတည့်တည့်၊ အတွင်းသို့ ကြည့်လေတော့၊ မြ၏အရောင်၊ မျက်စဉ်းတောင်ကဲ့သို့၊ တထောင်သော မြစ်ပျဉ်း၊ စပ်လျဉ်းရှက်တင်၊ လိုဏ်ဂူမင်ကဲ့သို့၊ ဝန်းကျင်သာခေါင်၊ ညို့ညို့မှောင်သည့်၊ ပညောင်ပင်ကြီး မြင်လိမ့်မည်။ ။ ထိုပညောင်ပင်ကား၊ သခင်သက်နှင်း၊ ဆဒ္ဒန်မင်းသည်၊ ပူပြင်းသောထွေ၊ ရတုနွေ၌၊ ရေမှလာသော၊ အေးစွာမွေ့ညက်၊ ပန်းယက်ရောပြွန်၊ လေညှင်းခံ၍၊ စံတော်မူရာ အရပ်တည်း။ ။ တရံတခါလည်း၊ သန္တာရိုးတံ၊ ဝတ်ဆံရွှေဆင်း၊ ထိန်ထိန်ဝင်းသော၊ အင်ကြင်းပင်ကြီး၏ အရိပ်၌၊ မဟာသုဘဒ္ဒါ၊ ကြင်ရာသက်ဝေ၊ ညာမဟေနှင့်၊ မကွေယှဉ်တွဲ၊ ပန်းဝတ်ကြဲ၍၊ ပျော်ပါဲစံတော်မူသတတ်။ မိုးသောက်သမယ၊ နံနက်ထသော်၊ သဗ္ဗသုဘဒ္ဒါ၊ သူ့ကြင်ရာကို၊ မင်္ဂလာသဘင်၊ ရှေးဖျားတင်၍၊ ဆင်ရှစ်ထောင်တပ်၊ ၀ဲယာညှပ်လျက်၊ ရေသပ္ပါယ်အံ့သောငှာ၊ အိုင်သာသို့ သက်ဆင်း၍၊ သန့်ရှင်းရေမိုး၊ ချိုးတော်မူပြီးမှ၊ ဝိသာလ မာလက အမည်ရှိသော၊ တိတိလွင်သာ၊ မွေ့ရာပန်းပြန့်၊ သန့်သောအရပ်သို့၊ ချဉ်းကပ်တော်မူပြီးလျှင်၊ ရေသီးရေပေါက်ကို၊ ခန်းခြောက်ကုန်စဲအောင်၊ နားနေမြဲ အစဉ်ဖြစ်သတည်း။ ။

ဤသို့လျှင်၊ လမ်းစဉ်ဖြောင့်မတ်၊ ကာသိရဌ်မှ၊ ဆဒ္ဒန်အိုင်ရောက်၊ တလျှောက်တောမြိုင်၊ ထုံးအိုင် ချောင်းမြောင်း၊ မြစ်ကြောင်းဘီလာ၊ လမ်းကန္တာကို၊ ငါမှာတိုင်းဖြင့်၊ မဆိုင်းစွန့်စား၊ သင်မူဆိုးသွားပါလေ။ ။ မကြာထုတ်ချောက်၊ ရောက်လျှင် ရောက်ခြင်း၊ ဆိပ်တောက်ပြည့်ဝ၊ စိန်မြားခွနှင့်၊ မိဘဒ္ဒလင်၊ ဆဒ္ဒန်ဆင်ကို၊ အရှင်လတ်လတ်၊ ခွင်းပစ်သတ်၍၊ စွယ်တော်မြတ်နှစ်ဆူကို၊ ဖြတ်ယူငါ့အား ဆက်ပါလော။ ။ စွယ်တော်ရှင်ကို၊ လိုချင်သည့်ကိစ္စမှာ၊ ပပလွှားလွှား၊ မိဘုရားတို့ ဓမ္မတာ၊ မာယာထွေပြား၊ အားတိုင်းစုန့်နဲ့၊ လင်ကိုနွဲ့၍၊ အကြောင်းမဲ့လိုချင်သည် မဟုတ်၊ နောက်အနန္တရ၊ ဘဝသန္တာန်က၊ ဤဆဒ္ဒန်ဆင်မင်းသားသည်၊ တရားချွတ်ယွင်း၊ မင်းကြီးတန်မဲ့၊ မျက်နှာငဲ့၍၊ အရွဲ့ကြံလျက်၊ သူနှိပ်စက်သည်ကို၊ အဘက်မမျှ၊ ငါခံရ၍၊ ဒုက္ခအလွန်ကြီးခဲ့သည်။ ။ သူ့ကြင်ရာတော်၊ ညာပျော်ခင်မ၊ မိဘဒ္ဒါအားရအောင်၊ ငါ့အသရေ၊ ယုတ်စေသဖြင့်၊ မတရားကျင့်ခဲ့သည်။ ။ ဆင်မင့်အမှု၊ ယနေ့ပင်ပြုသကဲ့သို့၊ ရင်ထုမနာ၊ ပူဆာညှိုးချုံး၊ ဖြေမဆုံးအောင်၊ နှလုံးခုတိုင်တုန်သေးသည်။ ။ ဤရန်ငြိုးကို၊ ထမ်းပိုးတခုလပ်၊ ရန်ကြွေးဆပ်လို၍၊ စိန်တပ်သည့်စဉ်းသွား၊ ဆိပ်လူးမြားနှင့်၊ သင့်အား အသတ်ငါစေသည်။ ။ ငါ၏ ဆုတောင်း၊ ပြည့်မြောက်ကြောင်းလည်း၊ ရှင်ကောင်း ပစ္စေကဗုဒ္ဓါ၊ ဆရာတို့ထံ၊ ဒါနကံဖြင့်၊ အကြံပြည့်မှု၊ လှူဒါန်းပြု၍၊ အောင်ဆုရပြီး ငါဖြစ်သည်။ ။ ယင်းသို့ဖြစ်၍၊ သင်မူဆိုးသည်၊ စိုးရိမ်စုမသင့်၊ အခွင့်ခပ်သိမ်း၊ ပြီးငြိမ်းပါလိမ့်မည်။ ။

ငါခိုင်းစေသည်ကို၊ မသွေမလှန်၊ အမြန်သွား၍၊ ကြိုးစားအမှုထမ်းပါလော့။ အမောင့်အားလည်း၊ စီးပွါးအသစ်၊ တနှစ်ခွန်နက်၊ တသိန်းစီ ကွမ်းဘိုးထွက်သော၊ ကျေးလက်ကြီးစွာ၊ ရွာငါးရွာကို၊ သေချာမှတ်သား၊ နိမိတ်ခြား၍၊ ပိုင်စားကံကျွေးခံစိမ့်မည်ဟူ၍၊ လူမိုက်မူဆိုးကို၊ မိုးထိအောင် မြှောက်ကော်၍၊ အမိန့်တော် ရှိသည်တွင်၊ မူဆိုးငနွား၊ ဝမ်းပန်းပါး၍၊ သွားပါမည် ဝန်ခံပြီးလျှင်၊ မိမိအိမ်သို့ ပြန်လေ၏။ ။

ခုနစ်ရက်မြောက်၊ မိုးသောက်အခါ၊ သင်္ချာပမာဏ၊ တကုမ္ဘဘွဲ့၊ နှစ်ဆယ့်ခုနစ်တင်း၊ နှစ်စိတ်ဝင်သော သားရေအိတ်ကြီးထဲသို့၊ ပဲခွပ်, ပုဆိန်၊ ကြိုး, ကြိမ်, ပေါက်တူး၊ ဆောက်, စူး, ဓားမ၊ လွှကြီး, လွှငယ်၊ မယ်န သံချိတ်၊ မြက်ရိတ် တံစဉ်ကောက်၊ ကျောက်ဆူး အတူ၊ ကက္ကူ ခက်ရင်း၊ တံသင်း လက်ရိုက်၊ မီးတိုက်ဆုံကျေ၊ သားရေလွန်ငယ်ကြီး၊ သားရေ ထီး မိုးကာ၊ ဆင်ခွါဘိနပ်၊ အရပ်ရပ်တန်ဆာ၊ စားရိက္ခာ မကြွင်း၊ ထည့်သွင်းပြီးလျှင်၊ တကုမ္ဘဝင်သော သားရေအိတ်ကြီးကို၊ အသာကောက်ယူ၍၊ ပခုံး၌ လွယ်သည်။ ကွမ်းအစ်ငယ် တလုံးဝန်မျှသာ လေးသတည်း။ ။ မိဘုရားလည်း၊ မူဆိုးသားကို၊ ရထားနှင့် တင်ပြီးလျှင်၊ မြောက်ခွင်ဒိသာ၊ ဟိမဝါနယ်စပ်၊ လူကင်းရာအရပ်သို့၊ တပ်တာခင်း၍၊ ချက်ခြင်းပို့လိုက်လေသတည်း။ ။

ငဒုဿီအို၊ သောနုတ္တိရ်လည်း၊ ပိုလ်တထောင်နိုင်၊ မာခိုင်ကျန်းခက်၊ လက်နက်လေးမြား၊ ဘယားကြီးစွာ၊ ထမ်းလွယ်ကာလျှင်၊ သင့်ရာ သင့်ရာ၊ အိတ်ပါ ဥဿုံ၊ တန်ဆာစုံတို့ဖြင့်၊ ချုံကို ခုတ်ပိုင်း၊ အင်တိုင်းကိုထွင်၊ သစ်ပင်ကိုဖောက်၊ ချောက်ကိုခုန်ကျော်၊ ညွှန်ပေါ်တုံးခင်း၊ ထုံးအင်းမြစ်ရေ၊ ခြားဆီးနေလည်း၊ လှေလုပ်၍ကူး၊ အထူးထူးသော ပယောဂတို့ဖြင့်၊ သခင်မ သုဘဒ္ဒါ၊ မှာလိုက်သည့်အတိုင်း၊ မဆိုင်းမတွဲ့၊ အသက်ကို မငဲ့ပဲ၊ တဆဲ့ရှစ်ထပ်သော တောကြီးကို လွန်၍၊ ဆဒ္ဒန်အိုင်အတွင်းသို့၊ ကျော်နင်းပေါက်ရောက်လေသတည်း။ ။ မူဆိုးမိစ္ဆာ၊ စွန့်စား၍ လာခဲ့သော်၊ ဗာရာဏသီမြို့မှထွက်သည့်၊ ရက်ကိုစစ်လျှင်၊ ခုနစ်နှစ်, ခုနစ်လ, ခုနစ်ရက်၊ သက်သက်သို့စင် ကြာသတည်း။

သောနုတ္တရ၊ နာမ ခေါ်ရိုး၊ တောမူဆိုးသည်၊ ဆဒ္ဒန်အိုင်တွင်းသို့၊ သက်ဆင်းမိလျှင်၊ ဆင်မင်းနေရာ၊ အလာအသွား၊ အထားအနေ၊ ရေဆင်းရေတက်၊ အချက်ချက်ကို၊ ကွယ်ဝှက် ပုန်းအောင်း၊ ချောင်းမြောင်း ဆင်ခြင်၊ သိမြင်သောအခါ၊ ဝိသာလမာလက အရပ်တွင်၊ ဥမင် ပေါင်းကူး၊ မြေကိုတူး၍၊ မြားဦး စိန်ရွက်၊ ဆင်မင်းချက်နှင့်၊ ချိန်လျက် ထုတ်ချောက်၊ အထက်က ဖောက်ပြီးလျှင်၊ ဒေါက်ချာ ဆံကျစ်၊ ဖန်နှစ် နီမြန်း၊ သင်္ကန်းရဲရဲ၊ ဆင်ဝတ်ကဲ၍၊ လည်ဆွဲပုတီး၊ တရပတ်ကြီးများနှင့်၊ မထေရ် သီလဝင်၊ တကယ့်ရှင်ကဲ့သို့၊ ဥမင်ထောင့်က၊ သကောင့်သားကြီး၊ အနုကြမ်းစီးမည်ဟု၊ အပြီးစောင့်လျက်၊ နေလင့်၏။ ။

ပုနဒိ၀သေ၊ တနေ့မိုးသောက်၊ နက်ဖြန်ရောက်သော်၊ ပေါက်လှရတနာ၊ လောင်းမြတ်စွာသည်၊ မဟာသုဘဒ်၊ သက်မှတ် ကြည်နူး၊ ရွေများမှူးကို၊ တပ်ဦး တင်တော်မူပြီးလျှင်၊ ရှစ်ထောင် မာတင်၊ ဆဒ္ဒန်ဆင်တို့ကို၊ သေနင်္ဂဗျူဟာ၊ ပဒုမာ ပွင့်ချပ်၊ ရှက်စပ်ဦးကင်း၊ တပ်ကြီး ခင်းလျက်၊ အိုင်တွင်းသို့ သက်ဆင်းတော်မူသတည်း။ ။ သက်ပြီးလတ်သော်၊ ပွင့်ဝတ်ရောထွေး၊ အိုင်ရေအေးကို၊ လျှော်ဆေးဖြိုးဖြိုး၊ သွန်းချိုးသုံးဆောင်ပြီး၍၊ မိုက်ခေါင်ကြီးနေရာ၊ ဝိသာမာလက၊ ထာဝရအရပ်သို့၊ ချဉ်းကပ် နားနေရာ၊ ကိုယ်အင်္ဂါအစိတ်မှ၊ လျှောဘိတ်သော ရေစက်သည်၊ ချက်တော်မှ စုဆင်း၍၊ မြားတွင်းမှ ဝင်ပြီးလျှင်၊ မူဆိုးကြီး မျက်နှာသို့၊ ဖြောင့်စွာ စီးကျလေသတည်း။ ။

မူဆိုး အနရိယာ၊ တောတံငါလည်း၊ အခါအခွင့်၊ ဤယခု သင့်လှပြီ၊ ခံတွင့်းအပါး၊ မုတ်ဆိတ်ကြားမှာ၊ ပျားလာ၍ စွဲချေမှကို၊ မခဲမငြို၊ မျိုရုံသာ လိုတော့သည်ဟု၊ ပိုလ်တထောင်တင်ရေး၊ ဧရထေးကို၊ ကွေး၍ ကွင်းအောင်၊ အပြင်းငင်လျက်၊ လျင်လှသော မြားဟုန်ဖြင့်၊ အားကုန် လွှတ်လိုက်လေသည်တွင်၊ ဆင်မင်း ချက်ကို၊ မြားစက် လျှပ်လျှပ်၊ စိန်သွား ဟပ်၍၊ သည်းချပ် အူမ၊ မွမွပြတ်ကြွေ၊ ထောင်းထောင်းကြေအောင်၊ နှောက်မွှေ ကုန်စင်၊ ကျောက်ကိုထွင်၍၊ ကောင်းကင်သို့ မြားတက်လေသတည်း။ ။

ဆင်မင်းဖျားလည်း၊ မြားထိသောဒဏ်၊ ပြင်းထန်ဆူလှိုက်၊ ခိုက်ခိုက်တုန်မျှ၊ နာကျင်လှသောကြောင့်၊ သကလ ၀နံ၊ တောင်ယံပတ်ကုံး၊ တောအလုံးကို၊ ရိုက်ချုန်းမြည်ဟီး၊ ပဲ့တင်တီးလျက်၊ သံကြီးငေါ်ငေါ်၊ သုံးကြိမ်ကြော်၍၊ ဟစ်အော် ညည်းညူတော်မူသတည်း။ ။

သုဘဒ္ဒါ မိဘုရားခေါင်နှင့်၊ ရှစ်ထောင်သော ဆင်အပေါင်းတို့လည်း၊ ဘုရားလောင်းအသံကို ကြားလျှင်၊ ကြောက်အားကြီးစွာ၊ ကျာကျာ အော်မြည်၊ သုန်သုန်လည်လျက်၊ ရှေ့တည်မိရာ၊ ပြေးခွါပြီးမှ၊ အကြံရ၍၊ တို့ဘုရာ့းရန်သူကို၊ ဘမ်းယူ သတ်ညှစ်မည်ဟု၊ ပတ်လည် တောတောင်၊ မိုးခေါင်ပျံတက်၊ ပတ်ပတ်ညက်မျှ၊ ရှာဘွေကြစဉ်၊ ခင်မ-မဟာ၊ သုဘဒ္ဒါမူ၊ သည်းချာသက်နှင်း၊ ဆဒ္ဒန်မင်းကို၊ ကိုယ်ချင်းမှီကပ်၊ အသာအပ်၍၊ တန့်ရပ်ထူထောင် စေသတည်း။ ။

ဆင်မင်းဘုန်းကြွယ်၊ ဗောဓိနွယ်လည်း၊ မယ်သုဘဒ္ဒါ၊ သာသာအေးအေး၊ ကိုယ်ငွေ့ပေးလျက်၊ ဖေးကာမ၍၊ ယုယ သိုက်မြိုက်၊ နှာမောင်းနှင့် ပိုက်ရာတွင်၊ အဟိုက်ပြေ၍၊ နေသာရုံ ရှိတော်မူသတည်း။ ။ ထိုပြီး တထောက်၊ အကြံတော် ပေါက်သည်မှာ၊ နောက်ထပ်၍ တခါ၊ မြားချက်လာချေက၊ သုဘဒ္ဒါ မိဘုရားကို၊ ထိပါးဘွယ် မြင်သောကြောင့်၊ နှင်တော်မူလို၍။ ။ အဘယ်သုဘဒ္ဒါ၊ ဆင်တကာမူ၊ ငါ၏ရန်သူကို၊ ဘမ်းယူရှာမည် သွားကြသည်။ သင်မှာတမူ၊ ငါ့ရန်သူနှင့်၊ စိတ်တူ ညီညာ၊ ကြံဘက်ပါ၍၊ မရှာမလိုက် နေသလောဟု မိန့်တော်မူသည်တွင်၊ သုဘဒ္ဒါမိဘုရားလည်း၊ ချစ်အားထက်ပင်၊ ကြောက်အားဝင်၍၊ ဆင်မင်းမြတ်ကို၊ သုံးပတ် လက်ျာရစ်၊ ပုဆစ်နှိမ်ကျိုး၊ ရှိခိုးပြီးသော်၊ သွယ်စီးဖြိုင်ဖြိုင်၊ မျက်ရည်အိုင်နှင့်၊ အနိုင်သာခွါခဲ့၍၊ အာကာသ ကောင်းကင်သို့၊ ငယ်လင်ရှိရာ၊ ပြန်ကြည့်ခါနှင့်၊ တက်ရှာတော် မူရလေသတည်း။

ဆင်မင်းဖျားလည်း၊ ဤမြားပစ်ချက်၊ အထက် ရှေ့နောက်၊ တောင်မြောက် ၀ဲယာ၊ လာဘွယ်မရှိ၊ အောက်ကဟု သိလေ၍၊ ဘူမိမြေရပ်၊ ခွါတော်နှင့် ရှပ်သည်တွင်၊ ပျဉ်ချပ် ကျိုး၍၊ မုဆိုးငုတ်တုတ် ပေါ်လေ၏။ ထိုအခါ၊ ယမ်းတိုက်နှင့် မီးစ၊ ထိပါးကြ သကဲ့သို့၊ ဒေါသ ပဋိဃာတ်၊ ခြောင်းခြောင်းလွှတ်၍၊ သတ်တော့မည် အငြိုးနှင့်၊ မူဆိုး၏ ဦးခေါင်းကို၊ နှာမောင်းဖြင့် ဆွဲတော်မူလေ၏။

ထိုအခါ၊ တံငါလုဒ္ဒက၊ အကြံရတည့်၍၊ ကိုယ်က သင်္ကန်းကို ခွါပြီးလျှင်၊ နှာမောင်းတော် အထက်၌၊ ခေါက်လျက် တင်လိုက်လေသတည်း။ ။ ဆဒ္ဒန်ဆင်ကောင်း၊ ဘုရားလောင်းလည်း၊ မောင်းမောင်း နီလွင်၊ သင်္ကန်းကို မြင်တည့်လျှင်၊ လေးသချေင်္နှင့် ကပ္ပါတသိန်း ပတ်လုံး၊ သုံးဆယ် ပါရမီ၊ စာဂီပဥ္စ၊ စရိယ သုံးဆင့်၊ ဆည်းပူးကျင့်၍၊ ပွင့်အံ့ တျားတျား၊ ဖြစ်ပြန်ရကား၊ ပွါးမိသော အမျက်ကို၊ ချက်ချင်း ငြိမ်းစေ၏။ ။ ဤဖန်ရည်သင်္ကန်းကား၊ ရဟန်း ပရမတ်၊ ဝဋ်ကင်းလွတ်သော၊ အရဟတ္တဖိုလ်၏ တံခွန်၊ မြတ်မွန်လှချေ၏ တကား၊ ဤအဝတ်ကို၊ ယွင်းချွတ် ထိခိုက်၊ မမှားထိုက်ပေ၊ ရိုသေမြတ်နိုး၊ ရှိခိုးပူဇော် ထိုက်ပေသည်၊ ငါ့ရန်သူကို၊ ငါသတ်လိုလည်း၊ ထိုသူယုတ်၏၊ အမြိုက်ခေါင်ထွတ်၊ သင်္ကန်းမြတ်ကို၊ ဝတ်လျက် ရှိပချေသည်၊ ဘုရား လှိုဏ်ခေါင်း၊ အောင်း၍ မာန်သွေး၊ ဟောင်သည့်ခွေးကို၊ အရေးပြုကာ၊ ခွင့်မသာသကဲ့သို့၊ ထိုသူယုတ်အား၊ သတ်မိငြားသော်၊ တရားတော်ဂိုဏ်း၊ မလွတ်ရာချေဟု၊ ရွှေနှလုံးထား၊ ဘုရားတဆူ၊ မြတ်ထွတ်တော်မူလှ၍၊ ရန်သူမှန်လျက်၊ မူဆိုးပျက်အား၊ အသက်ကို ချမ်းသာပေးတော်မူလေသည်။ ။

ထို့နောက်မှ မူဆိုးသားနှင့် စကားပြောတော်မူလို၍ 

အနိက္ကသာဝေါ ကာသာဝံ၊

ယော ၀တ္ထံ ပရိဒဟိဿတိ။

အေပေတာ ဒမသေစၥန၊

န ေသာ ကာသာ၀မရဟတိ။ ။

ယော စ ၀န္တ ကသာဝဿ၊

သီလေသု သုသမာဟိတော။

ဥပေတော ဒမသစ္စေန၊

သေ၀ကာသာ၀မရဟတိ။ ။

ဟူသော နှစ်ဂါထာကို ရွတ်တော်မူ၏။

အနက်အဓိပ္ပါယ်သော်ကား  ။

အချင်းမူဆိုး၊ အကြင်သူသည် ကိုယ်တွင်း၌ ကိလေသာဟူသော ဖန်ရည်အပြည့်ရှိ၏၊ ဣန္ဒြေကို ဆုံးမခြင်း၊ သစ္စာစောင့်ခြင်းမှ ကင်း၏၊ ထိုသူယုတ်သည် ဖန်ရည်စွန်းသော သင်္ကန်းကို မဝတ်ထိုက်။ အကြင်သူမြတ်သည်ကား၊ ကိုယ်တွင်း၌ ရှိသော ကိလေသာကို၊ စင်ကြယ်စွာ အန်ထုတ်အပ်၏။ ဣန္ဒြေကို ဆုံးမခြင်း၊ သစ္စာစောင့်ခြင်းနှင့်လည်း ပြည့်စုံ၏။ စတုပါရိသုဒ္ဓိသီလ လေးပါးတို့၌လည်း ကောင်းစွာ တည်၏။ ထိုသူမြတ်သည်သာ ဖန်ရည်စွန်းသော သင်္ကန်းကို စင်စစ်ဝတ်ထိုက်၏ ဟူသတည်း။

ထို့နောက်မှ အချင်းမူဆိုး၊ သင်မူဆိုးကား၊ လူမျိုးတကာ၊ ကြံငှါမရဲ၊ ကြံဝံ့ခဲသော အကြံကို ကြံ၍၊ ငါ့ထံရောက်ဝင်၊ ငါသို့စင်ကို၊ အရှင်လတ်လတ်၊ သင်သတ်သည့် အကြောင်းကား၊ အဘယ်အကျိုးထူး၊ ကျေးဇူးကြီးမား၊ သင်၌ ပွါးမည်ကြောင့်၊ ငါ့အား သင်သတ်ရသနည်းဟု မေးတော်မူ၏။ ။

(ထိုအခါ၊ တံငါမူဆိုး၊ လူမိုက်မျိုးလည်း၊ ရှိခိုးဝပ်စင်း၊ မှန်ရာကို လင်းသည်မှာ) ။ ။ ဆင်မင်းသခင်၊ ထိပ်ခေါင်တင်။ လူအိုမူဆိုး၊ ကျွန်တော်မျိုးသည်၊ ကိုယ်ကျိုးဆန္ဒ၊ ကိုယ့်ကိစ္စကြောင့်၊ သတ်ရသည် မဟုတ်ပါ။ ကာသိမင်း၏၊ သက်နှင်းတောင်ညာ၊ သုဘဒ္ဒါဟု၊ အဆာကျယ်လှ၊ ရှင်ဘုရင်မကြီးက၊ မြ မရှား၊ စိန်မရှား၊ အလွန်ပင်များသည်ကို၊ နားလေး လေဟန်၊ ဆင်စွယ်မှ ပန်လိုသည်၊ သာမန်ဂုဏ်ငယ်၊ ဆင်နက်စွယ်များကိုလည်း၊ နားဝယ်မခံ၊ ညှီစော်နံ၍၊ ရွံသတဲ့ဘုရား။ ။ ဆင်မျာ့ဘုန်းမော်၊ ဆင်မင်းကျော်၏၊ စွယ်တော် နှစ်ချောင်း၊ ခြောက်ရောင် မောင်းကိုသာ၊ နားဍောင်းပွတ်၍၊ ဆင်ဝတ်တော်မူလိုသည်၊ ဆဒ္ဒန် ဘုန်းကြွယ်၊ ကိုယ်တော်မြတ် အစွယ်ကိုမှ၊ နားဝယ် လှလှ၊ မဆင်ရလျှင်၊ စိတ်ချပေတော့၊ သူသေပါတော့မည်ဟု၊ ရွှေနန်းကြော့ရှင်၊ သူချစ်လင်၏၊ ရင်ခွင်ကြားမှာ၊ ခေါင်းထား၍ အသော့၊ ငိုပါရော့သည် ဘုရား။ ပင်ပန်းလှိုက်ဖို၊ သူ့မယား ငိုတည့်လျှင်၊ ဟိုလူကြီးက၊ ပြာရီးပြာရာ၊ ပစာအရေး၊ မတွေးမမြော်၊ ကျွန်တော်ကို ခေါ်ပြီးလျှင်၊ ဟဲ့နော် လုဒ္ဒက၊ ဆင်စွယ်ကို မရလျှင်၊ ဇီဝိတ နတ္ထိ၊ နင်သေမည် အမှန်ဟု၊ မင်းသမီး မာန်စွဲနှင့်၊ အန်ခဲ၍ မိန့်တော်မူရာတွင်၊ ခုသေမလောက်၊ ကျွန်တော်မျိုး ကြောက်လှ၍၊ ဓားအောက်ကသာ၊ အနိုင်နိုင် ခွါပြီးမှ၊ တောအောက်ပင်သေသေ၊ ဖြစ်လိုရာ ဖြစ်စေဟု၊ မသွေမဖောက်၊ ဆက်ပါမည် လျှောက်သည်တွင်၊ နှစ်ယောက်စလုံး၊ တပြုံးပြံုးနှင့်၊ အသုံးကံကျွေး၊ ငါးရွာစားပေးပြီးလျှင်၊ ကျေးဇူးရှင်မ၊ သူကိုယ်တိုင် လမ်းပြ၍၊ ဘုန်းဘုရာ့း စွယ်တော်မြတ်ကို၊ အဖြတ် ကျွန်တော် ရောက်ပါသည်။ ။ အစွယ်လိုသူ မိဘုရား၊ အသွားစေသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရာ့းကျွန်တော်၊ ကြံဘော်ကြံဘက်၊ သုံးယောက်သား အနက်တွင်၊ ကံကွက်ကြား၍၊ ငမိုက်သား မူဆိုးလေ၊ နင်ချည်းပင် သေပေတော့ဟု၊ ငွေတောင့်အဟန်၊ ဆဒ္ဒန်မင်းမြတ်၊ ကျွန်တော်အား သတ်လျှင်လည်း၊ မလွတ်နိုင်ရာ၊ သေရပါတော့မည်၊ ကရုဏာရှေးရှု၊ လွှတ်တော်မူလျှင်လည်း၊ လူမလိမ္မာ၊ ကျွန်မိစ္ဆာသည်၊ ချမ်းသာရပါတော့မည် ဘုရားဟု၊ လျှောက်ထားတောင်းပန်လေ၏။ ။

အလောင်းတော်မြတ်၊ ဗောဓိသတ်လည်း၊ လောကတ္တယ၊ ဘဝပါရဂူ၊ နီးတော်မူသောကြောင့်၊ ရန်သူပုဂ္ဂိုလ်၊ သောနုတ္တိုရ်အား၊ ရွှေကိုယ်တော်ပွါး၊ ရင်နှစ်သားကဲ့သို့၊ သနားစုံမက်၊ အသက်ကို ချမ်းသာပေးတော်မူပြီးလျှင်၊ အသင်မူဆိုး၊ သင့်စကားတွင်၊ မိဘုရား သုဘဒ္ဒါ၊ အရိပ်ပါသောကြောင့်၊ ငါစဉ်းစားမိ၊ စင်စစ်သိပြီ၊ ဤမိဘုရားသည်၊ အခြားသူမဟုတ်၊ ငါ၏ သက်မျှ၊ စူဠသုဘဒ္ဒါ၊ ရတနာရောင်ချိပ်၊ ဘွဲ့ရွှေလိပ်နှင့်၊ ညောင်ရိပ်စံမြန်း၊ ကြင်မခန်းသည့်၊ မြောက်နန်းဒေဝီ၊ သင်းဖြစ်ပေသည်။ ။ ငါ၏ အစွယ်၊ နားဝယ်သ’ရန်၊ ဆင်လိုဟန်နှင့်၊ ကြံဘန်လို့ ပြောသော်လည်း၊ သဘောမဟုတ်လှလေဘူး၊ ဆဒ္ဒန်အစွယ်ကို၊ အကယ်၍ လိုဘိမူ၊ အဟိုရှေးက၊ ဘေးတော် ဘိုးတော်၊ ခမည်းတော်ဘုရား၊ ဆင်မင်းဖျားတို့၏၊ ခြောက်ပါးရောင်ဟုံ၊ စွယ်တော်စုံကို၊ နိတုံဇမ္ဗူ၊ ဤရွှေဂူ၌၊ သိမ်းယူသိုထား၊ ရှိကြောင်းများကို၊ ထင်ရှား သင်းသိလျက်တကား။ ။ ငါ၏ ကိုယ်၌၊ မဆိုလောက်ဘွယ်၊ အပြစ်ငယ်ကို၊ ကြီးကျယ်ဝတ္ထု၊ ရန်ငြိုးပြု၍၊ ယခုငါ့ကို၊ သေစေလိုသောကြောင့်၊ ထိုထို ပရိယာယ်၊ ဝေဝုစ်လှယ်လျက်၊ ဆင်စွယ် နားပန်၊ ဆင်လိုဟန်များနှင့်၊ ဉာဏ်ဝင်္ကန္တ၊ ယုတ်မာလှသည့်၊ အမိုက်မ အတတ်၊ သင်းကြံ၍ သတ်သည်ကား၊ ဆတ်ဆတ်မုချ မုန်တော့သည်။ သို့စင်မျှလောက်၊ မထောက်မဆ၊ ကြံရက်သည့် မိန်းမ၊ အားမရသရွေ့၊ သူမမေ့ရာပြီ။ ရှေ့သို့သံသရာ၊ ဖြစ်တိုင်းမှာပင်၊ လောင်စာရန်ငြိုး၊ မီးဆက်၍ ပျိုးမည်ကြောင့်၊ မိန်းမဆိုးအမုန်း၊ သည်ဘဝမှာ၊ သည်မျှနှင့် တုံးစေတော့၊ တောပုန်းချုံလျှိုး၊ သင်မူဆိုးအားလည်း၊ ဖြိုးဖြိုးကြွယ်ဝ၊ မင်းဆုလာဘ် ရစေတော့၊ နန်းမတောင်ညာ၊ သုဘဒ္ဒါတို့။ မလာကြခင်၊ စွယ်တော်ရှင်ကို၊ လျင်လျင် ဖြတ်ချိုး၊ သင်မူဆိုး စိတ်ရှိတိုင်းပြုတော့ဟု၊ သဗ္ဗညု ဘုရားလောင်းက၊ မယားဟောင်း စိတ်ကြေအောင်၊ ခွင့်ပေးတော်မူလေသတည်း။ ။

ထိုအခါ၊ မူဆိုးပေတလူ၊ အခေါက်ထူသည်၊ သူနှင့်ဆင်မင်း၊ ရန်ဘက်ချင်းကဲ့သို့၊ ချက်ချင်းထကြွ၊ ကများ ကတည့်၍၊ လွှကြီးကိုင်လျက်၊ ဖြတ်မည်ဟု တက်သော်လည်း၊ မတက်နိုင်ချေ၊ ပန်းဟိုက်၍ နေသည်တွင်၊ (ပရမေလောင်းလျာ၊ ဆင်ရာဇာလည်း) မြေမှာဝပ်ကာ၊ ဦးခေါင်းတော်ညွတ်ရှာ၍၊ ဖြတ်သာအောင် ပြုတော်မူလေ၏။ မူဆိုးညစ်ထေး၊ ငမိုက်ခွေးလည်း၊ လေးစွန်တောင်နှင့်၊ အာခေါင်ကို လှန်၊ ဒိုင်းထောက်၍ ကန်ပြီးလျှင်၊ ထက်သန်မြမြ၊ ကြောက်မက်ဘွယ် လွှကြီးနှင့်၊ အာစကို ဖြတ်တိုက်၊ ဦးနှောက်ကို ခိုက်လုအောင်၊ အလျားလိုက် ထိုးသွတ်၊ စွယ်ရင်းကို ပွတ်သည်တွင်၊ ပေါက်လွှတ် ဘရဖွာ၊ ကန်ကျိုး၍ လာသကဲ့သို့၊ အာခံတွင်းမှ၊ သွေးချောင်းကျလျက်၊ ဒုက္ခဝေဒနာ၊ ကြီးစွာဖြစ်တော်မူလေ၏။ ။ စွယ်တော်မူကား၊ ပြတ်မည်ဝေးစွ၊ အရာမျှ မထင်၊ ပင်ပန်းဖုတ်လှိုက်၊ မူဆိုးဟိုက်လှပြီ၊ သုံးတိုက်လုံးနတ်၊ ဆင်မင်းမြတ်လည်း၊ ဥပဒ်ကြီးစွာ၊ ဝေဒနာကို၊ ပညာဖြင့် သိမ်းဆည်း၍၊ သည်းညည်းတော် အတန်တန် ခံရှာပြီးလျှင်။ -

အသင်မူဆိုး၊ ငါကိုယ်တော်လည်း၊ ညှိုးလျော်နာကျည်း၊ ခွန်အားနည်းပြီ။ သင်လည်း လုံ့လ၊ ဖြတ်တိုက်၍ မရပြီ။ ငါ့အစွယ်မြတ်၊ ရိုးတော်ဓာတ်ကို၊ ငါဖြတ်၍ လှူတော်မူမည်၊ ကျူငွေတုံးလား၊ နှာမောင်းဖျားကို၊ သင်ကားကိုင်ကြွ၊ ချီပင့်မ၍၊ လွှကို ငါ့အား၊ ဆက်နှင်းပေတော့ဟု ဆိုပြီးသော်၊ လွှသံစောင်းကို၊ နှာမောင်းနှင့် ရစ်ပတ်၊ ကိုယ်တော်တိုင် တိုက်ဖြတ်လျှင်၊ စွယ်တော်မြတ်အစုံသည်၊ နိတုံရောင်စို၊ ရွှေတောင်ကြီးပြိုသကဲ့သို့၊ ပြတ်တိုတုံး၍၊ ဖုန်းဖုန်း မြေသို့ကျလေ၏။ ။ ထို့နောက်မှ၊ စွယ်တော်နှစ်ချောင်းကို၊ နှာမောင်းနှင့် ပွေ့ယူ၊ ချီတော်မူပြီးလျှင်၊ ပေးလှူအံ့သောငှာ၊ သာယာနာပျော်၊ မူဆိုးကိုခေါ်၍၊ အမိန့်တော် ဤသို့ရှိ၏။ ။

သမ္မ လုဒ္ဒပုတ္တ အဟံ ဣမေ ဒန္တေ တုယှံ ဒဒမာနော နေဝ မယှံ အပ္ပိယာတိ ဒမ္မိ၊

န သက္ကတ္တ မာရတ္တ ဗြဟ္မတ္တာဒီနံ သမ္ပတ္တိ ံ ပတ္ထေန္တော။

ဣမေဟိ ပန မေ ဒန္တေဟိ သတဂုဏေန သဟဿဂုဏေန သတသဟဿ ဂုဏေန

သဗ္ဗညုတညာဏဒန္တာဝ ပိယတရာ။

သဗ္ဗညုတညာဏပ္ပဋိဝေဓာယ ဣမံ ပုညံ ပစ္စယော ဟောတု။

၎င်းပါဌ်၏ အနက်အဓိပ္ပါယ်ကား -

သမ္မ လုဒ္ဒပုတ္တ၊ အဆွေမူဆိုးသား။ ဣမေ ဒန္တေ၊ ဤ ငါ၏အစွယ်စုံတို့ကို။ တုယှံ၊ သင့်အား။ ဒဒမာနော၊ ပေးလှူသော။ အဟံ၊ ငါသည်။ မယှံ၊ ငါ့အား။ အပ္ပိယာတိ၊ မချစ်အပ်သော ၀တ္ထုဟု၊ နှလုံးသွင်း၍။ နေဝဒမ္မိ၊ ငါမလှူ။ သက္ကတ္တ မာရတ္တ ဗြဟ္မတ္တာဒီနံ၊ သိကြားမင်း၏ အဖြစ်၊ မာရ်မင်း၏ အဖြစ်၊ ဗြဟ္မာမင်း၏ အဖြစ် — အစရှိသည်တို့၏။ သမ္ပတ္တိ ံ၊ စည်းစိမ်ကို။ ပတ္ထေန္တော၊ တောင့်တသည် ဖြစ်၍လည်း။ နဒမ္မိ၊ ငါမလှူ။ ပန၊ စင်စစ်သော်ကား။ မေ၊ ငါ၏။ ဣမေဟိ ဒန္တေဟိ၊ ဤအစွယ်တို့ထက်။ သတဂုဏေန၊ အဆအရာအားဖြင့်၎င်း။ သဟဿဂုဏေန၊ အဆအထောင် အားဖြင့်၎င်း။ သတသဟဿ ဂုဏေန၊ အဆအသိန်း အားဖြင့်၎င်း။ သဗ္ဗညုတညာဏ ဒန္တာဝ၊ သဗ္ဗညုတဉာဏ် တည်းဟူသော အစွယ်တို့ကိုသာလျှင်၊ ပိယတရာ၊ အလွန်တရာ သာ၍ ငါချစ်တော်မူအပ်ကုန်၏။ မေ၊ ငါ၏။ ဣဒံပုညံ၊ ဤအစွယ်ကို လှူရသော ကောင်းမှုသည်။ သဗ္ဗညုတညာဏပ္ပဋိဝေဓာယ၊ သဗ္ဗညုတဉာဏ်ကို ရခြင်း၏။ ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊ ဖြစ်စေသတည်း။ ။

ဤသို့သော အမိန့်တော်ဖြင့်၊ သုံးဘော်ဝဋ်ဋ၊ ဘုံဘဝဟု၊ သင်္ခါရနယ်ဝင်၊ အပင်မဟုတ်၊ စည်းစိမ်စုတ်များကို၊ ရွှေနှုတ်မြွက်ဟ၊ မတောင့်တဘဲ၊ ဘဝသင်္ခါရ၊ ဒုက္ခခပ်သိမ်း၊ ငြိမ်းရာ အမှန်၊ နိဗ္ဗာန်ခေမာ၊ စိုးချုပ်ချာသော၊ မဟာသဗ္ဗညုတ၊ အတုလဉာဏ်တော်၊ ဆုမြတ်ကျော်ကိုသာ၊ မြွက်ဖော်သံရှင်၊ ပန်ဆင် တောင့်တတော်မူပြီး၍၊ ညီးညီးလျှံဝါ၊ ခြောက်ရောင်ဖြာသော၊ ကိုယ်အင်္ဂါမြတ်၊ စွယ်တော်ဓာတ်ကို၊ နဝရတ်ခြယ်စီ၊ ရွှေစေတီ ကဲ့သို့၊ ပိုက်ချီယုယ၊ နှာမောင်းဖြင့် မ-ပြီးလျှင်၊ ကြောက်စရာ့သဘက်၊ မူဆိုးကြီးလက်သို့၊ ရက်ရက်လွယ်ကူ၊ အပ်နှင်းတော်မူသဖြင့်၊ ဘူမဏ္ဍလာ၊ စက္ကဝါရေမြေ၊ လေအဆုံးရောက်၊ ဘဝဂ်ပေါက်မျှ၊ လှုပ်ချောက်ဝှန်ဆူ၊ နတ်လူကောင်းချီး၊ ဆော်ပဲ့တင်တီးလျက်၊ အလှူကြီးပေးတော်မူသတည်း။

ထို့နောက်မှ၊ မူဆိုးကိုခေါ်၍၊ အဆွေတော် သောနုတ္တိုရ်၊ မောင်မင့်သခင်၊ ပလ္လင်ညာရံ၊ ရွှေဘုံပျံမှာ၊ စံပေသည့်နတ်၊ မယ်သုဘဒ်ကို၊ ဆတ်ဆတ်သဘော၊ ငါမှာတိုင်း ပြောပါလေ၊ တောဟေမဝန်ချောင်၊ အိုင်သာခေါင်တွင်၊ ငွေတောင်ကြီး့သွင်၊ ခင်မ-လင်ကို၊ အရှင်လတ်လတ်၊ သင်စေ၍ သတ်ခဲ့ပြီ။ စွယ်တော်မြတ် နှစ်ချောင်း၊ ခြောက်ရောင်မောင်းကိုလည်း၊ ၎င်းဆင်ကြီး၊ မသေမီ ဖြတ်လှီး၍၊ သွေးစီးယိုထွက်၊ နာကျင်အောင် နှိပ်စက်ပြီးလျှင်၊ အသက်ဆုံးစေခဲ့ပါပြီ။ ဤစွယ်တော်စုံကို၊ ရွှေဘုံသူ့ မှန်ကူ၊ သုံးရက်တော်မူသေးလျှင်၊ ရန်သူကြီးအစွယ်ကို၊ ရွှေလက်ဝယ် ဆက်သပါမည်၊ အားရ စိတ်ရွှင်၊ ကျေနပ်အောင် စီရင်၍၊ ပြုချင်တိုင်း ပြုတော်မူပါတော့ဘုရား ဟု၊ မောင်မင့်သခင်၊ မုန်းပင်စိုက်ပျိုး၊ ပြေချိန်တိုင်ရွေ့မှ၊ မပြေနိုင် ငြိုးတတ်သည့်၊ မူဆိုးတပိုင်း၊ မိန်းမရိုင်းကြီးကို၊ ငါမှာတိုင်း ပြောပါလေ။ ။

ထိုမှတပါးလည်း၊ မိဘုရား သုဘဒ္ဒါသည်၊ အိုင်သာဆဒ္ဒန်၊ ဤရေကန်တွင်၊ သည်ရံ မဟာ၊ သုဘဒ္ဒါနှင့်၊ ၀ဲယာရွေရံ၊ စံသည့် ကာလ၊ ဒေါသအပြစ်၊ မဖြစ်မမြောက်၊ မမုန်းလောက် သည်ကို၊ အဆောက်အဦ၊ ပြစ်ကြီးယူပြီးလျှင်၊ ငြူစူမျက်ဝင်၊ ငါချစ်လင်ကို၊ သင်မိဘုရား၊ သတ်ဖြတ်နိုင်အား ပေငဲ့၊ စိမ်းကား မျက်ငြိုး၊ သစ်ယောင်းခက် ချိုးသကဲ့သို့၊ ချစ်ကြိုးဖြတ်ဖြေ၊ သင်သတ်ရက် လေသောကြောင့်၊ သင့်သက်ဝေလင်၊ ငါဆဒ္ဒန်ဆင်သည်၊ မြေတွင်တုံးလုံး၊ မြားချက်နှင့် ဆုံးခဲ့ပြီ၊ ရွေသုံးရံချယ်၊ ကြာရိပ်လယ်မှာ၊ ရယ်ကာမောကာ၊ မျက်နှာငွေလ၊ ရွှင်ပပနှင့်၊ ခင်မဝမ်းမြောက်တော် မူပါလေတော့  ဟူသော စကားကိုလည်း၊ မြားဆိပ်မူး၍၊ တောင်လူးမြောက်လည်း၊ နာကျည်းဝေဒနာ၊ မချိရာက၊ မှာတော်မူလိုက်ပါသည် ဘုရားဟု၊ ခြားနားအောင် တင်ပါလေ။ ။

သင်မူဆိုးသည်၊ ကြိုးစားအားသစ်၍၊ ခုနစ်နှစ်, ခုနစ်လ၊ လာခဲ့ရသော်လည်း၊ ငါ့စွယ်တော်မြတ်၊ ဣဒ္ဓိပါဒ်ကြောင့်၊ လတ်တလောခြင်း၊ ခုနစ်ရက် အတွင်း၌၊ မောင်မင်းပြည်သို့ ရောက်လိမ့်မည်။ ဘေးရန်ကာသန်း၊ ပရိတ်ပန်းတို့ကိုလည်း၊ ငါမန်း၍ ပေးတော်မူလိုက်မည်၊ ဆဗ္ဗဏ္ဏရသ္မိ ံ၊ ထိန်ထိန်ကျက်သရေ၊ စွယ်တော်စုံ အမြုတေကို၊ ရိုသေစွာ သင်ထမ်း၍၊ လာလမ်းကို ပြန်ပေတော့ဟု၊ စေ့ရေ ကြောင်းလျား၊ မှာတော်ပုံ ထားပြီးလျှင်၊ မုတ္တာမူးချိန်၊ စိန်စီမြခဲ၊ ရွှေလည်ရွဲကဲ့သို့၊ မခွဲကြချင်၊ လွန်ကဲစွာ ချစ်ခင်သည့်၊ ညာတင်မဟာ၊ သုဘဒ္ဒါကိုလည်း၊ မြင်ရှာတော် မူချင်သေး၍၊ တရေးရေး ရမ်းရော်၊ လာနိုးနိုး မြှော်ဆဲတွင်၊ ကြမ်းချော် ခက်ထန်၊ မြားဆိပ်မွှန်၍၊ ဆဒ္ဒန်ဆင်ကောင်း၊ ဘုရားလောင်းသည်၊ မယားဟောင်း လက်ချက်နှင့်၊ အသက်ဆုံးတော် မူရလေ၏။

မူဆိုးလူဖျက်၊ ဘုတ်သဘက်လည်း၊ ခြောက်ရက်ခရီးနှင့်၊ ပြည်ကြီးဗာရာ၊ နန်းအောင်ချာသို့၊ လျင်စွာဆိုက်ရောက် တည့်လေလျှင်၊ ဝေယန်ညာစွယ်၊ ကမ္ဗုလယ်၌၊ စံပယ်ပျော်ပါးသော၊ မိဘုရား သုဘဒ္ဒါအား၊ ခြောက်ဖြာရောင်ထင်၊ စွယ်တော်ရှင်ကို၊ ဝင်၍ ချက်ခြင်းဆက်လေ၏။

ဆက်ပြီးလတ်သော်၊ ဆဒ္ဒန်ဆင်မင်း၊ မှာရင်းစကား၊ အကြောင်းများကို၊ မထားမချန်၊ စေ့စုံအောင်ပြန်သည်တွင်၊ ဗိမာန်နန်းဘွား၊ သုဘဒ္ဒါမိဘုရားသည်၊ စကားရှေ့နောက်၊ ပြန်လှန်ကာ ထောက်လတ်သော်၊ နောက်နောက်ကျိကျိ၊ နှလုံးတော်ရှိလှ၍၊ မဏိခြယ်စီ၊ သိင်္ဂီရိုးညှောက်၊ အံ့လောက်ဆန်းပြား၊ ရွှေယပ်မားဖြင့်၊ သနားစိတ်ဝင်၊ ခံယူတင်ပြီး၊ ရင်ခွင်တော်၌၊ စွယ်တော်ကို ပိုက်ပြန်၍၊ တစိုက်စိုက် ရှုရင်းပင်၊ ပြုမိသည့် ဖြစ်ထွေ၊ လင်သေသည့် အကြောင်း၊ ဘဝဟောင်းက၊ ငယ်ပေါင်းပြီပြီ၊ လည်ချင်းမှီ၍၊ နာရဏီခိုင်၊ အင်ကြင်းမြိုင်နှင့်၊ မြဆိုင်ပညောင်၊ ရွှေဂူချောင်ဝယ်၊ ဆွေမောင်နှင့်မယ်၊ ကျီစယ်သမှု၊ ပန်းခိုင်လု၍၊ ကယုကယင်၊ ချစ်တုံ့တင်လျက်၊ ကြင်ကြင်လည်လည်၊ ပျော်ဖူးခဲ့သည်များကို၊ ကြံစည်စေ့စေ့၊ တစိမ့်စိမ့် အောက်မေ့၍၊ တငွေ့ငွေ့ ဆင်ခြင်၊ ပူစကို ငင်မိလျှင်၊ ပူပင်လယ်ပွေ၊ လှိုင်းဘောင်ဘင် ဝေသောကြောင့်၊ မဖြေနိုင် မဆည်နိုင်၊ သည်းဆိုင်မှာ လောင်ခြစ်၊ ကျမျက်ရည် ချောင်းဖြစ်အောင်၊ အော်ဟစ်၍ ငိုဆဲတွင်၊ နကိုယ် ဘောက်လှဲ၍၊ ဗာရာမင့် လည်ဆွဲသည်။ ရင်ကွဲနာနှင့်၊ နတ်ရွာစံတော်မူလေ၏။  ။

ဆင်မင်းမြတ်စွာ၊ သေလွန်ရာလည်း၊ သုဘဒ္ဒါ မိဘုရားနှင့်၊ ပေါက်သား မာတင်၊ ရှစ်ထောင်သော ဆင်တို့သည်၊ ကောင်းကင်သမုဒ္ဒရာ၊ ဟိမဝါတောတောင်၊ နှံ့အောင် ရှာ၍၊ ရန်သူကို မတွေ့မှ၊ ရှေ့တည်မိရာ၊ ပြန်ခဲ့လာ၍၊ ရာဇာဘုန်းလျှံ၊ ဆင်မင့်းထံသို့၊ ခြံရံ ဆိုက်ရောက်ကြလေသတည်း။ ။

မဟာသဗ္ဗဘဒ္ဒါ၊ ဘွဲ့ခရာနှင့်၊ ညာမဟေသီ၊ ဆွေနာဂီလည်း၊ စေတီ ငွေတုံး၊ ပျက်ပြို ဆုံးသကဲ့သို့၊ တုံးလုံးလျောင်းစက်၊ လင်သေသည့်အချက်ကို၊ ဉာဏ်သက်၍ ထောက်မြော်သော်၊ စွယ်တော်ကို ဖြတ်ရာ၊ သွေးစက်ရာများနှင့်၊ လက္ခဏာ အခန်းခန်း၊ သေပုံတော်ဆန်းလှ၍၊ မြောက်နန်းတော် လက်ကိုင်းဟု၊ ဟုတ်တိုင်းကို တွေးတောမိလေ၏။ ။

ထိုပြီးနောက်မှ၊ ငွေတောင်မာတင်၊ မိမိလင်ကို၊ ဦးတင်ဝန္ဒနာ၊ ကန်တော့ငှာဖြင့်၊ လကျ်ာသုံးပတ်၊ လှည့်ပြီးလတ်သော်၊ ကိုယ်တော်မြတ် အလောင်းကို၊ နှာမောင်းဖြင့် ပွေ့ချီ၊ ကိုယ်ချင်းမှီ၍၊ ထိုဤ သွဲ့ဝှဲ့၊ မဖွဲ့တတ်ပြီ၊ မပြီသနိုင်၊ အသည်းစိုင်ကို၊ ဖြတ်ချိုင်ဂျွမ်းလှန်၊ ရန်ပုံခွင်း မှန်သကဲ့သို့၊ အလွန်ဆွေးပူ၊ ကြေကွဲတော်မူလှ၍၊ ကျူကျူသံအိုင်၊ တောဂနိုင်ကို၊ တပြိုက်နက်တည်း၊ ပဲ့တင်သံ ကြည့်စေလျက်၊ လှည်း၍ ငိုတော်မူသတည်း။  ။

ထက်ဝန်းရံဆောင်၊ ဆင်ရှစ်ထောင်တို့လည်း၊ ခေါင်ခေါင်ကျည်ကျည်၊ အော်မြည်လှိုက်ဖို၊ မြေကြီးပြိုမလောက်၊ ထိုဤ ပြေး၍၊ ငိုကြွေးပူပန်ကြပြီးလျှင်၊ နန်းမတောင်ညာ၊ သုဘဒ္ဒါလည်း၊ လိမ္မာရေးခြားသော ဆင်ပေါက်တစီးကို ခေါ်စေ၍၊ ရွှေ ငွေ မြ ဂူ၊ ပန်းမ ဉ္ဇူနှင့် ၊ နန္ဒမူတောင်မင်း၌၊ သီတင်းသုံးနေတော်မူသော၊ ပစ္စေကဗုဒ္ဓါ၊ ဆရာသခင်တို့အား၊ အရှင်ဘုရားတို့၊ ပစ္စည်းလေးပါး ဒါယကာ၊ မဟာဆဒ္ဒန္တ၊ ပေါက်လှနာဂရတ်၊ ဆင်မင်းမြတ်သည်၊ လောကတ္တယ၊ ဘဝဇာတိ၊ ဝဋ်ရှိသောသူ၊ လူခပ်သိမ်းတို့၊ ရှောင်တိမ်းခြင်းငှါ၊ မတတ်ရာသော၊ ခန္ဓာဘင်္ဂ၊ မရဏသဘော၊ ရွေ့လျောဖောက်ပြန်၊ ဆုံးသေလွန်၍၊ နတ်ဌာန် လားတော်မူချေပြီ။  ။ တကာတော် ဆင်မင်း၏၊ ရုပ်ကြွင်းဝတ္ထု၊ ကလာပ်စု၌၊ အသုဘ ကမ္မဋ္ဌာန်းကို၊ စီးဖြန်းတော်မူရအောင်၊ ဝိသာလ မာလက၊ စုံလှပန်းမာန်၊ မြေသုသာန်သို့၊ စျာန်ဝသီဘော်၊ စက်ယာဉ်ကျော်ဖြင့်၊ ကြွတော်မူကြပါမည့် အကြောင်းကို၊ လျှောက်ပါသည်ဘုရား ဟု၊ အမိန့်တော်ပင့်စာနှင့်၊ တကာတော်မ၊ သဗ္ဗဘဒ္ဒါ၊ မဟာအတုလ၊ နာဂိန္ဒဒေဝီ၊ တံဆိပ်နာမံတော် ရှိသော၊ မိဘုရားခေါင်ကြီး ဘုရားက၊ သွား၍ပင့်ချေ၊ ယခုစေသောကြောင့်၊ ခြေရင်းတော်သို့၊ ပင့်ခေါ်မည် ရောက်ပါကြောင်းကို၊ လျှောက်လေဟု စေတော်မူလိုက်၏။  ။

တမန်ဆင်လည်း၊ ကောင်းကင်ဖြင့် သွား၍၊ ငါးရာသော ပစ္စေကဗုဒ္ဓါတို့ကို ပင့်ခေါ်ပြီးလျှင်၊ အလောင်းတော် ခေါင်းရင်းက၊ သီတင်းသုံး နေစေသတည်း။ ။

ထိုပြီးနောက်မှ၊ ပေါက်လှမုန်ယို၊ ဆင်ပျိုနှစ်စီး၊ မာတင်ကြီးတို့သည်၊ စောမီးဘုန်းမော်၊ အလောင်းတော်ကို၊ မြောက်ကော်ကြပ်မ၊ အစွယ်နှင့် ကြွပြီးလျှင်၊ ပစ္စေက ဗုဒ္ဓါတို့၏ ခြေကို၊ ရိုသေညွတ်နှိမ်၊ သုံးကြိမ်ဦးခိုက်စေပြီးမှ၊ အကျော် စမ္ပာ၊ နံ့သာ ကရမက်၊ ထင်းပုံထက်သို့၊ စွယ်ရှက်ခါ ချီတင်၍၊ စီရင် သင်္ဂြ ိုဟ် ကြလေကုန်၏။ ။

ပစ္စေကဗုဒ္ဓါ၊ ရဟန္တာရှင်ပျံ၊ ထေရ်ဘုန်းလျံတို့လည်း၊ ညဉ့်သုံးယံပတ်လုံး၊ စုရုံးညီညာ၊ ဒေသနာ ပရိယတ်ကို၊ ရွတ်ဘတ်စီးဖြန်းတော်မူ၍၊ ကမ္မဋ္ဌာန်း အသုဘ၊ ရှုကုန်ကြပြီးလျှင်၊ လင်းမှပင် ပြန်ကြွတော်မူကြလေ၏။ ။

သုဘဒ္ဒါမိဘုရားနှင့်၊ အများသောင်းသောင်း၊ ဆင်အပေါင်းတို့လည်း၊ ဦးခေါင်းညွတ်ဆိုက်၊ သင်းချိုင်းကို ဦးခိုက်လျက်၊ ရစ်ဝိုက်လက်ျာ၊ သင်းချိုင်းပြာကို၊ နှာမောင်းဖြင့် ယူငင်၍၊ ချစ်ခင်မရဲ၊ ဦးကင်းထက်ကြဲပြီးလျှင်၊ ကန်တော့ပွဲ ခံကြ၍၊ ညာစံမဟာ၊ သုဘဒ္ဒါကို၊ သိင်္ဂါဇမ္ဗူ၊ ရွှေဂူဗိမာန်၊ နန်းဝေယန်သို့၊ ပြန်တော်မူချိန်သင့်ပြီဟု၊ ချီးပင့်ခေါ်လျက်၊ သံတော်ဦးတင်ကြကုန်၏။ ။

မိဘုရားမြတ်၊ ဆင်များ့နတ်လည်း၊ စောထွတ်မိမိုင်း၊ လင်သက်နှိုင်း၏၊ သင်းချိုင်းတော်ရာ၊ မြေမျက်နှာကို၊ မခွါတတ်အား၊ မသွားခဲ့ရက်၊ ငဲ့ကွက်စောင်းလှည့်၊ ပြန်ကြည့်ကြည့်နှင့်၊ လှော်မှည့် ရတနာ၊ မျက်နှာမ ဉ္ဇူ၊ လဣန္ဒူကို၊ လွှမ်းမြူတိမ်တောင်၊ မြှေးရစ်မှောင်သို့၊ ခေါ်ယောင်မြှော်ကာ၊ ပေါ်လာလိမ့်နိုး၊ ထင်ကိုးဆိုင်းလင့်၊ တဖင့်နွှဲနွှဲ၊ မျက်ရည်ရွှဲနှင့်၊ ပျော်မြဲရပ်ဌာန်၊ ရွှေဂူဗိမာန်၊ နန်းဝေယန်သို့၊ ပြန်ရှာတော်မူရလေသတည်း။ ။

ဤဆဒ္ဒန် ဒေသနာ၌၊ မဟာဗောဓိသတ်၊ ဆင်မင်းမြတ်သည်၊ စွယ်ဓာတ်နှစ်ဆူကို၊ အမူကြမ်းခက်၊ မူဆိုးကြီးလက်သို့၊ ရက်ရက်ရောရော၊ လှူသော အခါ၊ တိရိစ္ဆာန် ဖြစ်ပါလျက်၊ ဗြဟ္မာလူနတ်၊ စည်းစိမ်မြတ်ကို၊ ဝဋ်၏ မျိုးစေ့၊ ဖြစ်လေ ရွှေ့လျှင်၊ တပ်မွေ့ စုံမက်၊ မနှစ်သက်သောကြောင့်၊ နှုတ်မြွက်၍ မတောင်းပဲ၊ ၎င်းလောကီ၊ စည်းစိမ်အီကို၊ မညှီမနံ၊ မရွံနိုင်ငြား၊ ကောင်းသည်ဟု ခံစားလျှင်၊ ဆယ်ပါးသော သံယောဇဉ်၊ စပ်ယှဉ်ကပ်ငြိ၊ တိုးပွါးဘိ၍၊ ဇာတိမပြတ်နိုင်လေရာ၊ ဇာတိဝဋ်ညှောက်၊ မကုန်ပျောက်က၊ အဖောက်ဖောက် အပြန်ပြန်၊ မဖန်ဖန် အခါခါ၊ နာလိုက်လား၊ သေလိုက်လား၊ ချားရဟတ်ပုံ၊ ငုပ်တုံပေါ်ပြန်၊ ဒုက္ခကြီး ၀ဲဆန်၍၊ နိဗ္ဗာန်အလွန်ဝေးချိမ့်မည်၊ ဤအဖြစ်ကို၊ စင်စစ်တွေးမိ၊ ဆင်မင်းသိသောကြောင့်၊ လောကီ့စီးပွါး၊ ချမ်းသာများကို ပယ်ရှား စွန့်ပစ်တော်မူသတည်း။ ။

ဤထုံးစံကို၊ နည်းခံစွဲသူ၊ ခုလူတို့သည်၊ ထောက်ကူမစ၊ ရှေးပုညကြောင့်၊ သာသနာ့အတွင်း၌၊ အလင်းကြုံဘိ၊ ဒွိဟိတ်, တိဟိတ်၊ စိတ်ဝိပါက်ယှဉ်၊ လူစင်ဧကန်၊ ဖြစ်သည်မှန်လျက်၊ တိရစ္ဆာန်လောက်မျှ၊ အရိပ်ကိုမသိကြဘဲ၊ ဒါနကောင်းမှု၊ ပြုကြသောခါ၊ ဝဋ်ချမ်းသာကို၊ တဏှာလိုက်စား၊ ဆုတောင်းမှားကြလျှင်၊ နာလိုက်လား၊ သေလိုက်လား၊ တမွှားမွှားနှင့်၊ အလျားလိုက်မျော၊ ဆင်းရဲ၍ မောကြမည်၊ သဘောကြီးကြပါစေကုန်။  ။

ထို့ကြောင့်၊ ကုသိုလ်ကမ္မပထ၊ ပြုသမျှ၌၊ သာဝက ပစ္စေကာ၊ သမ္မာသမ္ဗုဒ္ဓ၊ ဝဋ်မှဆန်တက်၊ ဆုသုံးချက်ကိုသာ၊ နှုတ်မြွက်ကောင်းကောင်း၊ ရလွယ်ကြောင်းဖြင့်၊ ဆုတောင်း မြတ်ထွတ် စေရမည်။ သဇ္ဇန ပုဂ္ဂိုလ်၊ မဂ်ဖိုလ်ငံ့မြှော်၊ သူတော်သူမြတ် အပေါင်းတို့ . ။  ။

ဤတွင်ရွေ့ ဆဒ္ဒန်ဆင်မင်းဝတ္ထု ပြီး၏။


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ