ခရီးသည်
ခရီးသည်
(ဇေယျ)
ကြက်ဦး တွန်ခဲ့ပြီ။ ရွာကလေးကား မလုံ့တလုံ ခြုံစောင်ကလေးနှင့် ကွေး၍ အိပ်ပျော်လျက်ပင် ရှိသေး၏။
လူကလေးတို့ မိသားစု သုံးယောက်သည် ရွာတံခါးဝတွင် နှုတ်ဆက်လျက် ရှိကြ၏။
“လူကလေး ကောင်းကောင်း သွားနော်။ အမေတို့ စိတ်ချပါရစေ။ ငါ့ သား အရက်မသောက်နဲ့၊ ဖဲမရိုက်နဲ့၊ မကောင်းတဲ့ လူတွေ နဲ့ မပေါင်းနဲ့။ ကောင်းကောင်း နေနော်” ဟူသော မိခင်ကြီး၏ မှာ စကားသည် မြူနှင်းများ အကြားမှ ထွက်ပေါ်လာ၏။ အဖမူကား ဘာမျှမပြော။ မြူနှင်းတဝေဝေထဲတွင် သား၏မျက်နှာကိုသာ ငေးစိုက် ကြည့်နေ၏။
လူကလေးသည် အမိပေးလိုက်သော ဆေးပေါ့လိပ်ငါးလိပ်၊ ကောက်ညှင်းငါးဆိုင်း၊ ကြံသကာတခဲကို ဘေးမှ လွယ်အိတ်ထဲတွင် ထည့်၍ လွယ်ထား၏။ အဖပေးလိုက်သော ငွေသုံးဆယ် မူကား အတွင်းအိတ်ကပ်ထဲတွင် သေချာစွာပါရှိ၏။
“လူကလေး ကောင်းကောင်းသွားနော်။ ငါ့သားကလေး သွားပေတော့ ... သွားပေတော့” ဟု နှုတ်ဆက်လိုက်သော မိခင်၏ စကားသံများသည် မြူနှင်းများအကြားမှ ဖောက်လျက် နောက်မှ လိုက်လာသည်ဟု ထင်ရ၏။
လူကလေးသည် သန်မာတောင့်တင်း သစ်လွင်သော ခြေများဖြင့် ပေတရာကို လျှောက်ခဲ့၏။ တလှမ်းထက် တလှမ်း ရွာမှဝေးခဲ့၏။ လမ်းဘေးရေမြောင်း နှုတ်ခမ်းရှိ မြက်ဖုတ်များ အပေါ်သို့ နှင်းပေါက်ကြီးများ တပေါက်ပေါက် ကျသံကို ကြားရ၏။ အတန်ကြာလျှင် ဆို့ဆိုင်းနေသော မြူနှင်းများအကြားမှ နေရောင်ခြည်ကလေး ထိုးလာ၏။ ရိတ်ပြီးစ လယ်တောရိုးဖြတ်များမှ ငှက်ကလေးတကောင်သည် ထ၍ပျံကာ လူကလေးအား 'သွားတော့ ... သွားတော့' ဟု နှုတ်ဆက်လိုက် သလိုလို ကောင်းကင်မှ ကြွေးကြော်လျက်ရှိ၏။
လူကလေး၏ ခြေလှမ်းများကား မှန်လျက်ရှိ၏။ တောင့်တင်းလှ၏။ သန်စွမ်းလှ၏။ တလှမ်းထက် တလှမ်း ရှေ့သို့ တိုးခဲ့၏။ တကြိမ်နှစ်ကြိမ် ရွာကလေးဆီသို့ ပြန် ကြည့်ကာ ရွာမှ နှုတ်ဆက်လိုက်သော သူများကို ပြန်လည် လွမ်းဆွတ်သလိုလို ဖြစ်မိ၏။ သို့သော် လူကလေးသည် ရှေ့သို့သာ သွားမြဲသွားလျက်ရှိ၏။
အရှေ့မှ နေလုံး ကောင်းကောင်းထွက်ခဲ့ပြီ။ မြူနှင်းများ ရှင်း၍ လောကဓာတ်ကြီးသည် ကြည်လင်လျက်ရှိ၏။ လက်ဝဲလက်ယာလမ်း ဘေးနှစ်ဖက်အတန် ဝေးတွင် သရက်ပင်များ ဝိုင်းရံ အုပ်ဆိုင်းထားသော ရွာကလေးများကို မြင်ရ၏။ လူကလေးသည် နောက်သို့ ပြန်ကြည့်မိ၏။ သို့သော် မိမိဇာတိ ရွာကလေးကို မမြင်ရတော့ပြီ။ ဝေးခဲ့လေပြီ။ လမ်းတွင် အဖော်တယောက် နှစ်ယောက် တွေ့ရ၏။ သို့သော် မကြာလှ။ ခဏနှင့်ပင် လမ်းခွဲသွားကြ၏။
လူကလေးသည် တလှမ်းထက် တလှမ်း ခရီးရောက်လာသလောက် နေသည်လည်း တဆင့်ထက် တဆင့် မြင့်သည် ထက် မြင့်လျက် ရင့်လာ၏။ အတန်ကြာလျှင် ချွေးများ ပြန်လျက် မောသလိုလို ရှိလာ၏။ သို့သော် မရပ်မနား ဆက်လက် လာခဲ့ရာ ဆွမ်းခံဝင်ချိန်လောက်တွင် လမ်းဘေး၌ ထိုးထားသော တဲကလေး တတဲသို့ ရောက်လာ၏။
တဲပေါ်တွင် မိန်းမပျိုကလေးတယောက် ထိုင်နေ၏။ မိန်းမပျိုကလေးသည် လူကလေးအား နှုတ်ဆက် သလိုလို ကြည့်၍ ပြုံး၏။
“တဆိတ်ကလေး ဒီ တဲ မှာ နားပါရစေ အမိရယ်” ဟု ဆိုရာ “နားပါ၊ နားပါ” ဟု ပြန်ပြော၏
လူကလေး သည် အိုးသစ်ကလေး နှင့် တည် ထားသော ရေအိုးစင် ကို ကြည့်၏။
“အမိရယ် ရေကလေး တခွက် သောက်ပါ ရစေ” ဟု ခွင့် တောင်း၏။
“သောက်သာ သောက်ပါ၊ ခွင့်တောင်းစရာ မလိုပါဘူး။ ကျွန်မလည်း ခရီးသွားပါပဲ” ဟု ဆို၏။
လူကလေး သည် မွှေးကြိုင်သော အုန်းမှုတ်သစ် ကလေး နှင့် ကြည်လဲ့ စိမ့်အေးသော ရေ တခွက် ကို သောက် လိုက်သဖြင့် အမော ပြေ သွား၏။
“အမိရယ် ဘယ်ခရီး သွားမလို့လဲ”
“ကျွန်မ ရှေ့ကို သွားမလို့ ပါ”
“ဘယ်ထိအောင် သွားရမှာလဲ”
“လမ်းဆုံး နေဝင် ညို့ညို့မှိုင်းမှိုင်းကြီး အထိ”
“အဖော် ပါသလား”
“မပါပါဘူး”
“ကောင်းပြီ။ ကျုပ် လည်း ဒီ ခရီးကို သွားရ မှာ ပဲ။ အတူတူ သွားကြစို့။ လိုက်ခဲ့ပေတော့”
မိန်းမပျိုကလေး သည် လူကလေး ၏ မျက် နှာကို ကြည့်၍ စဉ်းစားနေ၏။ မျက်လုံးများ သ ည် ဤ လူအား ခရီးသွားဖော် ပြု၍ ယုံကြည်အားကိုး ရပါမည်လား ဟု မေးမြန်း နေသလို လို ရှိ၏။ အတန်ကြာမှ နှတ်ခမ်းကလေး သည် ပြုံး လာ၏။
“ကောင်းပါပြီ၊ ကျွန်မ အတူတူ လိုက်ခဲ့မယ်”
“မင့် မှာ ဘာ စားစရာ ပါသလဲ”
“ကျွန်မ မှာ မနက် က ချက်ထားတဲ့ ထမင်းကလေး နဲ့ ငါးပိကင်ကလေး တကောင်ပါတယ်”
“အေး .. ငါ့ မှာလည်း အဖေတို့ အမေတို့ ပေးလိုက်တဲ့ ကောက်ညှင်းဆိုင်း နဲ့ ကြံသကာ ပါတယ်။ အတူတူ စားပြီး သွားကြစို့”
စားသောက်ပြီး၍ ထွက်ခဲ့ကြ၏။ နေမွန်း တည့် ၍ ပူပြင်းလှပြီ။ တခါတရံ သစ်ပင်ရိပ် များ အောက်တွင် လျှောက်ခဲ့ရ၏။ တခါတရံလည်း နေပူကျဲကျဲတွင် ပြာပူ ကဲ့သို့ ပူလှသော လမ်း ကို နင်း၍ လျှောက်ခဲ့ရ၏။ သို့သော် ရယ်စရာကလေး၊ ငိုစရာကလေးများ နှစ်ယောက်သား ပျော် ပျော်ပါးပါး လာခဲ့ကြ၏။
မိန်းမပျိုကလေး ၏ နဖူးဆံစတွင် ချွေးဥကလေးများ စီစပြုလာ၏။ လူကလေး သည် သ နား ကြင်နာစွာဖြင့် စောင်ကလေး နှင့် မိုး ပေး ၏။ အတန်ကြာလျှင် မိန်းမပျို ကလေးသည် မလှမ်းနိုင် လှမ်းနိုင် ခြေကလေးများ ခွေယိုင် လာသဖြင့် လူကလေး သည် သန်စွမ်းသော လက်မောင်း ကို ဆန့်တန်းပေးကာ မှီတွဲ လိုက်လာစေ၍ ညောင်ပင်ကြီးတပင်သို့ ရောက်အောင် ဆောင်လာခဲ့လေ၏။ ညောင်ပင်ဝန်းကြီး ၏ အရိပ်ကား နေပြောက် မထိုး အေးမြလှ၏။ အခါလည်သား အရွယ် သူငယ်ကလေးတယောက်သည် တကိုယ်တည်း ကစားနေသည်ကို တွေ့ရ၏။ သူငယ်ကလေးကို မြင်လျှင် မိန်းမပျိုကလေး၏ မျက်နှာသည် ရွှင်လန်းလာလျက် “ချစ်စရာ ကောင်းလိုက်တာ” ဆိုကာ ကောက်၍ ချီလေ၏။
“နင် ဘယ်ကလဲ၊ နင့်အမေကော၊ ဘယ်သူ့ သားလဲ” မေးသော်လည်း ကလေးသည် မပြောတတ်။ ပြုံးကာရယ်ကာ အသံကလေး တသာသာနှင့် လူကလေးလက်သို့ တမျိုး၊ မိန်းမပျိုကလေး လက်သို့တဖုံ ခုန်ကာ ကူးကားနှင့် မြူး၍ နေရှာလေ၏။
“ဒီကလေးကို ကျွန်မတို့ ခေါ် သွားရအောင်”
“ခရီး အဝေးကြီး ကွယ်။ တို့ ချီ သွားနိုင်ပါ့မ လား”
“အို ... ကျွန်မ ချီပါ့မယ်”
ညောင်ပင်ရိပ်တွင် ကလေးကို ချီကာချော့ကာနှင့် အတော်ပျော်၍ နေကြ၏။ ရှေ့သို့ဆက်၍ သွားကြဦးမည်ကိုပင် မေ့နေကြ၏။
“ဟေ့ ... နေကလေး စောင်းပြီ၊ သွားကြဦးစို့ရဲ့” ဟု ဆိုကာ လူကလေးသည် မိန်းမပျိုကလေးလက်မှ ကလေးကို ယူ၍ ပခုံး ပေါ် သို့ တင်ပြီးလျှင် ခရီး ထွက်ခဲ့ကြပြန်လေ၏။
တလမ်းလုံး အလွန်ပျော်ကြ၏။ ကလေးကို တယောက်တလှည့် ချီခဲ့ပိုးခဲ့ကြ၏။ ညနေ လေးနာရီခွဲ လောက်သို့ ရောက်သောအခါ တံတားအိုကလေးတခု နှင့် လမ်းခွဲကလေး တခုကို ရောက်လာကြ၏။ ရွှင်ပြုံးနေသော မိန်းမပျိုကလေး၏ မျက်နှာသည် လမ်းခွဲကလေးကို ကြည့်လိုက်၊ လူကလေးနှင့် ကလေးငယ်ကို ကြည့်လိုက်ဖြစ်နေပြီးနောက် မျက်နှာကလေး အိုလာကာ သက်မ ချလိုက်လေ၏။
“ဟိုဘက်က ထန်းပင်အုန်းပင် ကလေးတွေ တနွဲ့နွဲ့နဲ့ ရွာကလေးဟာ ကျွန်မတို့ ရွာကလေးပဲ။ ကျွန်မ ဒီကလမ်းခွဲပြီး သွားခဲ့တော့မယ်”
လူကလေး မှာ အံ့အားသင့်နေလေ၏။
“ဪ ... ဘယ်ကို သွားရမှာလဲ။ ပထမတော့ လမ်းဆုံးအထိ အတူတူ သွားမယ်ဆို”
“ဟုတ်တယ်။ နို့ပေမဲ့ ကျွန်မတို့ ရွာကလေး ရောက်နေပြီ။ ဆက်လိုက်လို့ မဖြစ်တော့ဘူး”
“ဒါဖြင့် မင်း ခွဲသွားရင် ရှေ့လျှောက်လို့ ငါတယောက်တည်း သွားရတော့မှာပေါ့”
“တယောက်တည်း မဟုတ်ပါဘူး။ ကလေးကိုပါ ရှင်နဲ့ အတူတူ ခေါ်သွားလေ”
“အေးလေ၊ မင်းတို့ ရွာ ရောက်ပြီပဲ၊ သွားရမှာဖြင့် သွားပေတော့”
“သွားတော့မယ်နော်”
လူကလေးမှာ မျက်ရည်တွေ ဝိုင်းလာလေ ၏။ လယ်ကန်သင်းကလေးပေါ် မှ လက်ကလေး တပြပြနှင့် သွားပြီ၊ သွားရှာလေပြီ။ လမ်းတလျှောက်လုံး ပျော်ပျော်ပါးပါး အေးအတူ ပူအမျှ လာခဲ့ကြရာမှ ဤတွင် ခွဲကြရ လေ၏။ လူကလေးသည် တံတားအိုကလေးမှ မခွဲနိုင် မခွာရက် တသက်သက် ဖြစ်နေဘိ၏။ သို့သော် မနေသာ၊ မိမိ သွားရမည့် ခရီးလမ်းတာက ကျန်သေး၏။ ဆက်လက်သွားရချေ ဦးတော့မည်။ ကလေးကို ပခုံးပေါ် ပစ်တင်ပြီးလျှင် တယောက်တည်း ထွက်ခဲ့လေ၏။ တံတားအိုကလေးကို မကြာမကြာ ပြန် ကြည့်မိ၏။ သို့သော် မိမိ အဖော် မိန်းမပျိုကလေးကိုကား မမြင်ရတော့ပြီ။
အနောက်သို့ နေကလေး စောင်းခဲ့၏။ ဆောင်းဦးလေကလေး တညင်းညင်း တိုက်သွင်းလျက်။ အအေးဓာတ် ကလေးများ ပေါ်စ ပြု၏။
ရှေ့ တွင် ဇရပ်ပျက်ကလေးတခုကို တွေ့ ရ၏။ လူကလေးမှာ နံနက် မိဘရွာမှ ထွက်လာစဉ်ကဲ့သို့ မဟုတ်။ ခရီး ကလည်း ပန်း၊ အဖော်ကလေးနှင့် လည်း ခွဲခဲ့ရ၏။ သူငယ်ကလေးကို ပခုံးတွင် တင်၍လည်း ထမ်းခဲ့ရသောကြောင့် နွမ်းရိခဲ့လေပြီ။ ဇရပ်ပျက်ကလေး ထဲ တွင် အဘိုးအိုတယောက် နှင့် တွေ့၏။
“ဪ ... ငါ့မြေး မောလာပြီ မှတ်တယ်။ ဘယ်က လာလို့ ဘယ်ကို သွားမှာလဲကွဲ့”
“ကျွန်တော် အမေတို့ ရွာက လာခဲ့ပါတယ်။ ရှေ့က ညိညို လမ်းဆုံး ရောက်အောင် သွားမလို့ပါ”
“အေး အဘိုးလည်း အဲဒီကိုပဲ သွားမလို့ပဲ။ မောလွန်းလို့ နားနေရတယ်။ ဒီတညတော့ ဒီမှာပဲ အိပ်ရတော့မယ်။ ခြေ တွေကလည်း မသန်တော့ ရှေ့လျှောက်သွားနိုင် ဦးမလား မပြောတတ်ဘူးကွဲ့”
“ကျွန်တော်တော့ မမှောင်ခင်ဘဲ ရောက်အောင်သွားမယ်”
“အေး ... သွားနိုင်လည်း သွားတာပေါ့ကွယ်။ လောကကြီးဟာ ဒီလိုပဲကွဲ့၊ အရင်သွားပေမဲ့ နောက်မှ ရောက်တဲ့ လူ များလည်း ရှိတယ်။ နောက် သွားပေမဲ့ အရင် ရောက်သူများလည်း ရှိတယ်။ ကံတရားပေါ့ကွယ် အေး ... အေး ... သွားပေတော့”
“ဘကြီး နေလည်း စောင်းပြီး၊ ခုပဲ သွားမှ ရ တော့မယ်။ ဒီကလေးကို ဘကြီးဆီမှာပဲ ထားခဲ့ပါရစေ”
“ဟဲ့ ... ကလေးက နေမတဲ့ လား”
“နေပါတယ်။ ကျွန်တော်လည်း သူ့ ကို လမ်းက ကောက်ပြီး ချီလာခဲ့တာပဲ”
“အေး ... မင်း ခေါ် မသွားနိုင်လည်း ထားခဲ့တာပေါ့ကွယ်”
နေကလေး ဝင်လုပြီ။ မြူနှင်းတို့ သည် အရပ်လေး မျက်နှာမှ ဝိုင်းအုံဆိုင်း ဆို့လာ၏။ လူကလေး၏ ခြေလှမ်းများ သည် ရှေ့သို့ မှန်မှန်ကြီး လှမ်းလျက် ရှိ၏။ ယခုမူကား တယောက်တည်း ဖြစ်၍ နေ့လယ်ကလောက် မသာယာတော့ချေ။ လူကလေးစိတ် သည် နွမ်းလျက် ရှိ၏။ ကိုယ်လည်း ပန်းလျလှ၏။ မှောင်တော့မည်။ အမှောင် သည် လူကလေးအား လေးမျက်နှာမှ ဝိုင်းအုံလျက် တဖြည်းဖြည်း နီးသည်ထက် နီးလာ။ လူကလေးကား သွားလျက်ပင်ရှိ၏။
(ဇေယျ)
မှတ်ချက်။ ။ ဤဝတ္ထု ကို ၁၉၄၇ ခုနှစ် က စာပေဒေသာ မဂ္ဂဇင်း အမှတ် (၈) မှာ ပထမဆုံးအကြိမ် ဖော်ပြခဲ့တာ ဖြစ်ပြီး ၁၉၆၈ ခုနှစ် က ဆရာမ Anne Marie Esche (မနှင်းဆီ) က ဂျာမန်ဘာသာသို့ ပြန်ဆိုခဲ့ဖူးပါတယ်။
ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း။ အမှတ် ၁၂၈၊ ဇူလိုင်လ၊ ၂ဝဝဝ ပြည့်နှစ်။
(AungNaingOo Blog)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment