ကိုဗစ် နဲ့ ဆံပင်
ခီမိုသွင်းရသူတွေ မဟုတ်ပါ။
အခုတလော
မြန်မာလိုရေးတဲ့ ဖေ့စ်ဘွတ်မှာ ကိုဗစ်ကာကွယ်ရေးအတွက် ခေါင်းကိုအုပ်ထားတဲ့ပုံတွေ
တွေ့တယ်။ ကာကွယ်ရေးလုပ်တာ ကောင်းပါတယ်။ ဒါပေမဲ့ -
၂၀၂၀ ခုနှစ်က
တရုပ်ပြည်မှာ သူနာပြုဆရာမတွေက သူတို့ဆံပင်တွေကို ရိတ်ကြပါသတဲ့။ ဆံပင်ကနေ
လူနာတွေကို ကူးစက်မှာစိုးရိမ်လို့ဖြစ်ပါတယ်။
အဲဒီအချိန်ပိုင်းမှာ
ကိုရိုနာဗိုင်းရပ်စ်လို့သာ ခေါ်သေးတယ်။ ပိုးအကြောင်း၊ ရောဂါအကြောင်း၊
ကာကွယ်နည်းနဲ့ ကုသနည်းတွေ သေချာ မသိကြသေးပါ။
အခုတော့
ကာကွယ်နည်းထဲမှာ ဆံပင်ဖုံးတာ ရိတ်တာ မပါတော့ပါ။
ဆေးရုံတက်တဲ့အထိ
လိုအပ်တဲ့ ကိုဗစ်လူနာတွေကို ပြုစုကုပေးတဲ့ ဆရာဝန်တွေ၊ လူနာပြုတွေက PPE ဝတ်စုံဝတ်ကြရတယ်။
အိမ်မှာသီးခြားခွဲထားရသူတွေရှိတဲ့
အိမ်တွေမှာ ခေါင်းဆောင်းထားရန် မလိုအပ်လှပါ။ ၆ ပေအကွာနေဘို့နဲ့
လက်ခဏခဏဆေးဘို့သာလိုအပ်တယ်။ မျက်နှာပြင်တွေကို လိုက်ဇော သို့မဟုတ် ဘလိချ် ခေါ်
ကလိုရင်းဆေးပါတာနဲ့ သန့်ရှင်းပေးဘို့ လိုအပ်တယ်။ အရက်ပျံက လက်ဆေးဘို့သာ ဖြစ်တယ်။
ဒက်တော့ ရေအိမ်သာအတွက်သာဖြစ်တယ်။
အတတ်နိုင်ဆုံး
အိမ်ပြင်မထွက်ပါနဲ့။
ထွက်ရတိုင်းမှာ
နှာခေါင်းစည်းသုံးပါ။
၆
ပေအကွာမှာနေပါ။
ဘယ်ရောက်နေနေ
လက်ဆေးပါ။ မကြာခဏဆေးပါ။
ကိုဗစ်ပိုးဟာ
ပိုးရှိနေသူ နှာချေ ချောင်းဆိုးရာကနေ အမှုန်လေးတွေမှာ ပါနေမယ်။ ရှူမိသူ ကူးတယ်။
အဲဒါကြောင့် နှာခေါင်းစည်းသုံးရတာ။ ပိုးတွေက သူ့အနီးအနားက မျက်နှာပြင်တွေပေါ်
ကျနေမယ်။ အဲဒါကြောင့် သန့်ရှင်းပေးနေရတယ်။ ထိကိုင်မိသူ လက်မှာ ပိုးတွေပါနေတယ်။
အဲဒါကြောင့် လက်ဆေးရတယ်။ ရေချိုး ခေါင်းလျှော်ရတယ်။ ပိုးရှိနေသူဆိုတာ ဦးချိုမပါ။
မသိနိုင်။ အဲဒါကြောင့် လူတွေနဲ့ ဝေးဝေးနေရမယ်။
ကျွန်တော်တို့မြန်မာပြည်မှာ ဘာလေးတဲ့ဆို ရေချိုး ခေါင်းလျှော်တာကို ရမယ်ရှာကြတယ်။ ပိုဆိုးတဲ့သူတွေက ရေသောက်တာကို ရပ်ပါ ထိုင်ပါလုပ်ကြတယ်။ အဟုတ်မှတ်ပြီး သဘောကျသူတွေကလည်း များတယ်။ မဟုတ်တာပြောလေ လိုက်ခ် များလေ။
ဒေါက်တာတင့်ဆွေ
၂၆-၈-၂၀၂၁
Comments
Post a Comment