Ectopic Pregnancy (2) ထူးဆန်းသည့် ကိုယ်ဝန် (၂)

ရေးထားတာ ၁၂ နှစ်လောက်ရှိပြီ။ နှစ်ပတ်လည်စာအဖြစ်ပေါ်လာလို့။

နက်ဖြန်အလှူနေ့၊ သားတွေကိုသင်္ကန်းဆီး၊ သမီးကိုနားသ၊ လာသမျှကို အဝကြွေးပြီး၊ အလှူမင်္ဂလာပွဲကြီး ဝှဲချီးလုပ်မှာပါ။ အလှူဆိုတာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေအဖို့ တသက်တာမှာ တခါတော့ လုပ်ဖြစ်အောင် လုပ်ကြရတယ်။ အရပ်ကူ၊ လူဝိုင်း၊ ဆွေမျိုးတိုင်းလာကြ။ မိတ်ဆွေရင်းခြာတွေလည်း နီးသောဝေးသောမဟူ အလှူလာကြတယ်။ မနက်ဖြန် အလှူရက် စည်ချက်မကျန်ဘူးပြောရမှာပေါ့။

အလှူ့တကာက မြို့နယ်ဆရာဝန်။ နယ်မြို့တွေမှာ ဆရာဝန်တိုင်း၊ ၈ နာရီတဆိုင်း မရှိပါ။ နေ့တိုင်း၊ နာရီတိုင်း ဂျူတီဆိုင်း ရှိကြတယ်။ ကျွန်တော် မြို့နယ်ဆရာဝန်ဖြစ်တာ ကံကောင်းတယ်။ မွေးရပ်မှာ တာဝန်ကျတဲ့ပြင်၊ လက်ထောက်ဆရာဝန်က ညီတော်တယ်။ သူက အလုပ်ကြိုးစားပြီး၊ ဝါသနာမှာ ကျွန်တော်နဲ့ လာတူတာတွေ ရှိတယ်။ ခွဲချင်စိတ်ချင် ဓါးဆရာဝန် ညီအကိုလို့ ပြောခံရတယ်။ ပုံမှန်ဆိုရင် သူတလှည့် ကိုယ်တလှည့် ညဂျူတီယူကြတာ၊ အလှူကာလ တလျှောက်လုံး သူကချည်း တာဝန်ယူပေးပါတယ်။

အလှူဖိတ်နေ့ညမှာ အရေးပေါ်ပါလေရော။ ဆေးရုံက ဝန်ထမ်းတယောက် ယူလာတဲ့ (ဒစ်ရှ်ပက်) စာအုပ်မှာ မွေးလူနာ လာတယ်။ အသက်ကြီးပြီး၊ မမွေးနိုင်ဘူး တဲ့။ ဗိုက်ခွဲမွေးရမဲ့ လူနာမှန်း တန်းသိလိုက်ပါပြီ။ လက်ထောက်ဆရာဝန်က ဒီလောက်တော့ ထမင်းစား-ရေသောက်။ သူ့ကို LSCS လုပ်ရန်လို့ မှတ်ချက် ပြန်ပေးလိုက်ပါတယ်။ လိုရင်တော့ ခေါ်ပါပေါ့။

မကြာပါဘူး လိုပါလေရော၊ ခေါ်ပါလေရော။ နောက်တခါ ဒစ်ရှ်ပက်စာအုပ်ယူလာသူကို ညီတော်မောင်ဆရာသမားက စကားလည်းပါးလိုက်တယ်။ ဗိုက်ထဲမှာ ထူးထူးဆန်းဆန်း တွေ့တယ်။ လာမှရမယ် တဲ့။ နက်ဖြန် အလှူရှိတာရော လူနာအခြေအနေရော သူ့ထက်သိတာ ရှိမှာမဟုတ်ပါ။ သန်းခေါင်ကျော်နေတာလဲ သူ့နာရီနဲ့ ကိုယ့်နာရီ အတူတူပါ။ ဒါပေမဲ့ အလှူလဲ ကုသိုလ်၊ ဆေးကုတာလဲ ကုသိုလ်၊ နှစ်ထပ်ကွမ်းကုသိုလ် ယူရမှာပေါ့။ အလှူ့အမရေ အိပ်နှင့်ပေတော့။

ခွဲခန်းထဲ တန်းဝင်တာနဲ့ လူနာကို ခါးထုံဆေး ထိုးပြီးသား၊ ဗိုက်ကိုလဲ ဖွင့်ထားပြီးသား၊ ဗိုက်ထဲက ကလေးကိုလဲ မြင်နေရပါပြီ။ ဒါပေမဲ့ လားလား ကလေးတခြား သားအိမ်တခြား။

လူနာကို မှတ်မိပြီ။ အသက်က ၄၅ လောက်၊ ကိုယ်ဝန်မဆောင်တာ ကြာပြီးမှ ရှိလာပြန်လို့ ကိုယ်ဝန်လာပြထားသူ၊ တောင်ဘက်ရွာက။ တောနယ်တွေမှာ တရွာနဲ့တရွာ ဝေးကြတာ မဟုတ်ပါ။ အမျိုးစပ်ရင်လဲ နီးကြတယ်။ ဟိုဘက်ကတော်၊ ဒီဘက်ကတော်။ အမျိုးရဲ့ ဟိုဘက်ကအမျိုး စသဖြင့် ဆွေမျိုးချည်းဘဲ ထင်ရတယ်။ ကြုံလို့ ရေးရဦးမယ်။ ကျွန်တော့်ထက် ကျွန်တော့် အမျိုးတွေကို ကျွန်တော့်ဇနီးက ပိုသိ၊ ပိုရင်း၊ ပိုချစ်တယ်။ လုပ်ရတာက ဆရာဝန်မို့ လာသမျှ အမျိုးဘဲဆိုပြီး စိတ်ထဲ ထားလိုက်တာကြောင့်လဲ နည်းနည်းပါမယ်။ ရောချလိုက်တာဆိုလဲ ဟုတ်တယ်ပေါ့ဗျာ။

လူနာဟာ သားအိမ်ပြင်ပမှာသန္ဓေတည်ခြင်းဆိုတာဖြစ်တာပါ။ သားအိမ်ပြင်ပ သန္ဓေတည်တယ်ဆိုတာ ဘယ် သားဖွါးမီးယပ်စာအုပ် လှန်ကြည့်ကြည့် အများဆုံး တည်တတ်တဲ့ နေရာတွေကို ဖေါ်ပြရင် သားအိမ်ပြွန် တနေရာရာမှာ ဖြစ်တာ ၉၅-၉၉%။ နောက်ပြီး သားအိမ်နံရံ တနေရာရာနဲ့ မျိုးဥအိမ်ဆိုတဲ့ နီးနီးနာနား နေရာများမှာသာ ဖြစ်တတ်တယ်။ မျိုးပွါးလမ်းကြောင်းနဲ့ ဘာမှမဆိုင်တဲ့ တခြားနေရာဆိုတာ ရှာမှရှား သွားဖြစ်တယ်။ ဝမ်းဗိုက်ခေါင်းထဲမှာ တည်တာ ပြောတာပါ။ အခုလူနာက အရှားဆုံးဟာ လာဖြစ်နေပါတယ်။ သားအိမ်ပြင်ပမှာသန္ဓေတည်တာ အားလုံးရဲ့ ၁%၊ ကိုယ်ဝန်ဆောင်ပေါင်း တသောင်းမှာ ၁ ယောက်နှုန်းရှိတယ်။

အများဆုံးဖြစ်တဲ့ သားအိမ်ပြွန်ဆိုတာ အတွင်းခေါင်းအကျယ်က အကြောဆေး သွင်းပေးရတဲ့ပိုက်ထက် ကျဉ်းတယ်။ စဉ်းစားကြည့်ပေါ့။ အဲဒီထဲမှာ သန္ဓေသားငယ် ဘယ်အရွယ်အထိ ကြီးလို့ ရနိုင်မလဲ။ ကိုယ်ဝန် ၂ လလောက်ဆို မဆန့်မပြဲ မဟုတ်၊ မဆန့်ကွဲ ဖြစ်လာတာ သေချာပေါက်ပါ။ ကွဲထွက်ရင် အရေးပေါ် ခွဲပေတော့။ ကိုယ်ဝန်ရှိခါစ၊ ဗိုက်အောက်နားက တအား နာတယ်ဆိုရင် ဒါဖြစ်နိုင်တယ်။ အာလ်ထွာဆောင်းမရှိရင် မွေးလမ်းကြောင်းထဲ လက်ထည့်စမ်းရတယ်။ သားအိမ်အဝ နောက်(အောက်)နေရာ POD မှာ ဖေါင်းနေမယ်။ အပ်နဲ့စုပ်ရင် ပြွန်တည်ကိုယ်ဝန် ပေါက်လို့ ထွက်လာတဲ့သွေး ရှိနေတာသိရမယ်။ လူနာခံနိုင်အောင်လုပ်ပြီး၊ ချက်ချင်းခွဲပေတော့။ ဒီကိုယ်ဝန်လူနာကတော့ ၉ လမက၊ နေ့စေ့လစေ့မက၊ ရက်တောင် ကျော်နေပါပြီ။ ဗိုက်သိပ်မနာ သရိုးသရည်သာဖြစ်လို့ စမ်းတော့ သားအိမ်ကမပွင့်။ မကွဲဘဲနဲ့ ခွဲရတာပါ။

ကိုယ်ဝန်ဆိုတာ ကလေး နဲ့ အချင်း နှစ်မျိုးဖြစ်လာတာပါ။ ကလေးက အရည်အပြည့်ရှိတဲ့ အိပ်ထဲမှာ ရှိနေရပြီး၊ အချင်းက သားအိမ်အတွင်းနံရံကို တွယ်ကပ်နေရတယ်။ မအေကို မှီခိုနိုင်ဘို့ပါ။ ကလေးဆိုတာ ဗိုက်ထဲကတည်းက အတော် လူလည်ကြတဲ့ကောင်။ မအေဆီက လိုချင်တာယူပြီး၊ မလိုတာစွန့်တတ်တယ်။ အချင်းကနေလုပ်ပေးတာပါ။

အခုလူနာမှာ ကလေးနဲ့ အရည်ပါတဲ့အိပ်က မိခင်ရဲ့ အူတွေကြားမှာ ထူးထူးခြားခြား ရှိနေတယ်။ အချင်းကလဲ အနားရှိသမျှ အူတွေရဲ့ အပြင်နံရံမှာ လာကပ်နေတယ်။ အဲဒီ အူနံရံတွေ ကတဆင့် လိုချင်တာယူပြီး၊ မလိုတာ စွန့်နေခဲ့တာ ဖြစ်တယ်။

ဒီလူနာကို ရေမြွှာအိပ်ကို ဖေါက်ပြီး၊ ကလေးမွေးထုတ်ရတာ ပိုလို့တောင် လွယ်သေးတယ်။ ခါတိုင်း ဗိုက်ခွဲမွေးသလို သားအိမ် အောက်နားမှာ ကန့်လန့် ဒါးရာပေး၊ ခွဲမွေးစရာ မလိုပါ။ အကြာဆုံးနဲ့ သတိအထားရဆုံး အဆင့်ဖြစ်တဲ့ သားအိမ်နံရံကို သုံးထပ် ပြန်ချုပ်စရာလဲ မလိုတော့ပါ။ လူနာ့ သားအိမ်ဟာ ကိုယ်ဝန်နဲ့သူနဲ့ ဘာမှမဆိုင်သလို ဣန္ဒြေရွှေပေးမရ တွေ့ရပါတယ်။

သိပ်ခက်တာ လာပါပြီ။ အချင်းကို အူကနေ ဘယ်လို ခွါထုတ်မလဲ။ အူထဲမှာ အစာတွေရှိတယ်။ အူအောက်ပိုင်းရောက်လေ အစာက ဟောင်းလေ။ ဟောင်းလေ မကောင်းတာ များလေ။ ဗိုက်ထဲမှာ အူထဲကဟာ တစက်ကလေးမှ ထွက်မလာ မသင့်ပါ။ အူပေါက်လို့ကတော့ အစာအိမ်ပေါက်သလို၊ အပေါက်ကို ဖါပြီး၊ ဗိုက်ကို အတိုင်းတိုင်း ပြန်ပိတ်မရပါ။ အထက်က အူအစကို ဗိုက်အပြင်နံရံမှာ ပါးစပ်လို့ ဖွင့်ထားပြီး ဝမ်းသွားစေရတယ်။ အောက်က အူဆက်တာ-ဖါတာ ကျက်ပါမှ၊ စိတ်ချရပါမှ၊ ပြန်ဖွင့်၊ ပြန်ပိတ် လုပ်ရတယ်။ အူထဲက ပိုးမွှားတွေ သေအာင် ဆေးကလဲ ရွေးတတ်မှ။

ဒီတော့ ဒီလူနာရဲ့အချင်းကို အူကိုမထိခိုက်အောင်လုပ်ပြီး ခွါထုတ်ဘို့ အရေးသည် ဆရာဝန် ညီအကိုမှာ မဟာတာဝန်ကြီး ဖြစ်လာပါတော့တယ်။ ခွဲစိတ်ဆရာဝန်များ ရှိအပ်တဲ့ Lion’s heart ခြင်္သေ့၏အသဲနှလုံး၊ Eagle’s eyes သိမ်းငှက်မျက်စိ၊ Lady’s hand အမျိုးသမီးလက်၊ အရည်အချင်းသုံးပါး အနက် (လေဒီ) ရဲ့လက် လိုလာပြီပေါ့ ခင်ဗျာ။

သတိကြီးခြင်းနဲ့ စိတ်ရှည်ခြင်း ဆိုတာတွေက ဘာသာရေးနဲ့ နိုင်ငံရေးမှာသာမက ခွဲစိတ်တာမှာပါ လိုတယ်။ ကပ်ကြေးနဲ့ ဓါးမပါ၊ တုံးတဲ့ကရိယာတွေနဲ့သာ ဖြေးဖြေးညင်သာ၊ အူတခွေချင်း တခွေချင်း ခွါချရှင်းရပါတယ်။ ဆရာမတွေကတော့ ရေနွေးဝတ် နိုင်နိုင် လုပ်ပေးရတယ်။ အူနံရံက စိမ့်ထွက်လာသမျှ သွေးကို ရေနွေးဝတ်နဲ့ ဖိကပ်ပေးတာ အတော်အလုပ်ဖြစ်တယ်။

အူကနေ ထွက်တဲ့သွေးကို ရေနွေးနဲ့ မနိုင်ရင် သွေးကြောညှပ် သေးသေးနဲ့ အပ်ခြည်ကိုသုံး ပိတ်ပေးရတယ်။ အူဆိုတာက အထပ်သုံးထပ်ရှိတာ။ အတွင်းဆုံးလွှာကို မထိလို့ကတော့ ပြဿနာမကြီးပါ။ အူ-အစာအိမ်ကို ဘယ်လိုချုပ်ရမယ် ဆိုတာ တောမှာကျတဲ့ ဆရာဝန်တိုင်း တတ်ကျွမ်းကြတယ်။ ကြောင်အူချုပ်ကြိုး၊ သရီးဇီးရိုး ဘယ်နှစ်ကြိုး ကုန်လဲမသိပါ။

အချင်းတခုလုံး ကွာကျမှ လက်ထောက်ဆရာဝန်က သီချင်းစဆိုပါတယ်။ ဗိုက်ကိုလည်း သူဘဲ ဆက်ပိတ်တယ်။ အတော်အားကိုးရတဲ့သူ။ ကျွန်တော့်မှာက အလှူရှိတယ်မဟုတ်ပါလား။

အဲဒီခေတ်က ဒစ်ဂျစ်တယ်ကင်မရာ မပေါ်သေးလို့ ပုံရိုက်မထားနိုင်လိုက်ပါ။ အဲဒီအချိန်က သုတေသနဆိုတာလဲ အားမပေးပါ။ မြန်မာပြည်မှာ စာတမ်းဖတ်စရာနေရာလဲ ကျဉ်းလွန်းလှပါတယ်။ မရှိ ရှိတာလေးနဲ့ မဖြစ်ဖြစ်အောင် လုပ်ပေးကြရတာကို သွားပြမိရင်လဲ ချို့တဲ့တာ၊ ဆင်းရဲတာကို လူမြင်ခံအောင် လုပ်ခွင့်မရှိပါ။ ဆရာဝန်ကိုလည်း အက်သစ် မကျ၊ မလုပ်ရလို့ ပြောခံရမှာ သေချာတာမို့၊ ဒီစာကိုဖတ်ရင်လဲ ဖစ်ရှင်လို့သာ မှတ်ချင်မှတ်ပါ။

မွေးပေးခဲ့တဲ့ကလေး မတ်တတ်ပြေးအရွယ်မှာ သူတို့အိမ်ကို တခေါက်ရောက်တယ်။ လက်ဖက်နဲ့ ထန်းလျက်အပြင် နှမ်းဆီဆမ်း အမဲခြောက်ဖုတ်နဲ့ ဧည့်သည်လုပ်ခဲ့ပါတယ်။ 

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ